အခန်း ၆
"လိပ်စာအရဆိုရင်တော့ ဒီအိမ်ပဲ။ လူရော ရှိရဲ့လား မသိဘူး။"
စိုင်းလရောင်က ကားကို လမ်းဘေးတွင် ရပ်ကာ လက်ထဲမှ လိပ်စာကတ်ဖြင့် တိုက်ကြည့်သည်။ ပြီးမှ ထီးတစ်ချောင်းကို ဖွင့်ဆောင်းကာ ထိုခြံရှေ့သို့ လျှောက်လာ၏။ သူက လူခေါ်ဘဲလ်ကို သုံးခါလောက် နှိပ်လိုက်မှ အိမ်တံခါးက ပွင့်သွားပြီး အသက် ခပ်ကြီးကြီး အမျိုးသားတစ်ဦး ထွက်လာလေသည်။ ထိုလူကြီး ခြံတံခါးကို ဖွင့်ရင်း မေးသည်။
"ကောင်လေး ဘာကိစ္စရှိလို့လဲ"
"ကျွန်တော် ပန်းချီဆရာ ရှိန်းနောင်နောင်နဲ့ တွေ့ချင်လို့ပါခင်ဗျ။"
"သြော်...ဆရာ့ဧည့်သည်ပဲ။ ကြွပါ ကြွပါ။ ကျွန်တော် သွားခေါ်ပေးပါ့မယ်။"
ထိုလူက အိမ်ထဲဝင်သွားသည်နှင့် စိုင်းလရောင်က ဧည့်ခန်းတွင် ဝင်ထိုင်ရင်း အိမ်၏ အနေအထားကို အကဲခတ်သည်။ အိမ်က နှစ်ထပ်အိမ်ကလေးဖြစ်ပြီး ပတ်ပတ်လည်တွင် အပင်ကြီးများ ဝန်းရံလျက်ရှိ၏။ ဧည့်ခန်းတွင် ပန်းချီကားအချို့ကို အလှဆင်ချိတ်ဆွဲထားသော်လည်း မည်သည့်မိသားစုဝင်၏ ဓာတ်ပုံမျှ ရှိမနေပေ။ အိမ်အပြင်အဆင်က သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်လေးပင်။
ထိုစဥ် လှေကားပေါ်မှ လူတစ်ယောက်က ဆင်းလာ၏။ ထိုသူက ခရမ်းရောင် ဖျော့ဖျော့ ချည်သား ရှပ်အင်္ကျီ လက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခါးပတ်အနီရောင်ကို ပတ်ထားသောကြောင့် သူ့ခါးမှာ ပို၍ပင် သေးသွယ်သွားသယောင်။ တံတောင်ဆစ်နား အထိ ခေါက်တင်ထားသော အင်္ကျီလက်ကြောင့် လက်ဖျံမှ သွေးကြော စိမ်းစိမ်းများမှာ ထင်းနေပြီး လက်ချောင်းရှည်သွယ်သွယ်များက အနုပညာသမားတစ်ဦး ဖြစ်သည်ဟု ဝန်ခံနေဟန် ရှိ၏။
ဂုတ်လောက်နီးနီး ရှည်သော ဆံပင်ကို အထပ်အထပ်ဖြင့် သပ်ရပ်စွာ ဖြီးသင်ထားသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိနေပြန်သည်။ ဖြောင့်တန်းနေသော မျက်ခုံးများနှင့် ဗာဒံစေ့သဖွယ် ရှည်လျားလှပသော မျက်ဝန်းများအပြင် သေသပ်ပါးလျသော နှုတ်ခမ်းတစ်စုံ၊ မေးရိုးထင်းထင်းတို့ကို အကဲခတ်ပြီးနောက် စိုင်းလှရောင်က စိတ်ထဲ၌ ချက်ချင်း မှတ်ချက်ပေးမိသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
Hành độngFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...