အခန်း ၇၄
ဟိန်းထက်နေသည် ရဲသွေးနီနှင့် အဆက်အသွယ်ပြတ်သွားလေရာ မိခင်ဖြစ်သူကိုရော အခြားလူများကိုပါ ပူပန်နေမိ၏။ ဒေါ်မေသူဟန်က သူ့မိခင်အရင်းမှန်း မသိခဲ့စဥ်က လျစ်လျူရှုကာ ပစ်ထားခဲ့မိသမျှကို ဒေါ်မေသူဟန်၏ ငယ်ဘဝအကြောင်း သိခဲ့ရသည့်အချိန်၌ အတော်လေး အားတုံ့အားနာ ဖြစ်မိခဲ့သည်။ ကိစ္စအားလုံး ရှင်းပြီးသွားသည့်အချိန်မှသာ မိဘအရင်းဟူသည့် ဇနီးမောင်နှံကို တစ်ကြိမ်လောက်တော့ သွားတွေ့ရဦးမည်ဟု သူက တွေးထားသည်။
သူ့နံဘေးမှ ကျော်စွာက သူ့ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်ကာနှစ်သိမ့်သည်။
"စိတ်အေးအေးထားပါ။ ခွန်လျမ်းက ဗုံးဖြုတ်နိုင်ပါတယ်။"
"အင်း... ရဲသွေးနီလဲ အဆင်ပြေမှာပါ။"
ဟိန်းထက်နေက သူ့ကိုယ်သူနှစ်သိမ့်သည်။ ကျော်စွာက သူ့ကို ကြည့်၍ ခေါင်းခါလိုက်ပြီး ခပ်မဲ့မဲ့ပြုံးသည်။
"ဟိန်းတေဇက ဘယ်သူ့မျက်နှာမှ ထောက်ထားညှာတာနေတဲ့ကောင် မဟုတ်ဘူး။ မင်းကသာ သူ့ကိုကာပေးနေတာ၊ သူကတော့ မင်းအမေမှန်းသိတာတောင် ဓားစာခံ လုပ်ပစ်သေးတယ်။ စိုင်းလရောင်ကိုလဲ မသတ်ပစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။"
ဟိန်းထက်နေသည် မျက်မှောင်ပင် ကြုတ်လိုက်မိပြီး သက်ပြင်းမောတစ်ချက်ကို ဆွဲချသည်။ ကျော်စွာပြောသည်ကလည်း မှန်ကန်နေလေရာ သူသည် ဘူးလေးရာဖရုံဆင့်၍ စိုင်းလရောင်အတွက်ပါ ထပ်မံပူပန်ရပြန်၏။ လောင်းကစားရုံဟောင်းတွင် စိုင်းလရောင်မရှိလျှင် သေချာပေါက် ရေစစ္စလီကျွန်းတွင် ပိတ်လှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။ တစ်ဖက်တွင် တစ်သက်လုံး သွန်သင်ဆုံးမကာ စောင့်ရှောက်ပေးခဲ့သည့်ဦးလေးရှိပြီး နောက်တစ်ဖက်တွင် အသက်ထက်ပင် ပို၍ ချစ်မြတ်နိုးရသူ ရှိနေပြန်သည်။ ရွေးချယ်ရခက်လွန်းလှပါ၏။
"မြတ်လွင်ကို ရှင်းပြီးတာနဲ့ ရေစစ္စလီကျွန်းကို ဆက်သွားမယ်။"
ဟိန်းထက်နေက ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသည့်ဟန်ဖြင့် ဆိုသည်။ ထိုအချိန်မှာပင် ကျော်စွာကို တစ်စုံတစ်ယောက်က ဆက်သွယ်၏။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...