အခန်း ၁၇
ဟိန်းထက်နေက ကျောင်းသားအသစ်နှင့် သူ့အမေကို စိုက်ကြည့်နေ၏။ ပလီပလာများသော ကလေးက သူ့အမေရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း ငိုရှိုက်သည်။
"အင့်....အင့်...ဟင့်...သူက သားကို ထမင်းချိုင့်နဲ့ ရိုက်တာ...သားက သူ့ရေလေးပဲ သောက်မိတာကို"
"သူ လိမ်နေတာ....သူက သားမုန့်တွေကို အကုန်စားပစ်လိုက်တာ။"
ဟိန်းထက်နေသည် အသံကုန် အော်ပစ်လိုက်သည်။ ထိုအမျိုးသမီးက သူ့နားသို့ တိုးကပ်လာပြီး လက်ကို ဆောင့်ဆွဲသည်။
"ငါ့သားက မလိမ်တတ်ဘူး။ သူက ဘယ်လိုလုပ်ပြီး သူများမုန့်ကို လုစားမှာလဲ။ အိမ်မှာ မုန့်တွေ ဒီလောက်ပေါတာ။ ဒီကလေးက တအားကို စရိုက်ကြမ်းတာပဲ... အရိုင်းအစိုင်းလေး။"
ထိုအမျိုးသမီးက ပြောရင်း ဒေါသထွက်လာဟန် တူကာ သူ့ကျောကို ဖြန်းခနဲ ရိုက်သည်။ ဟိန်းထက်နေက နာကျင်သွားသဖြင့် ထိုအမျိုးသမီးကို အံကြိတ်ကာ ကြည့်သည်။
"ကြည့်စမ်း....ကြည့်စမ်း ဒီကလေး ဘယ်လောက်တောင် ရိုင်းစိုင်းမောက်မာလိုက်သလဲ ဆိုတာကို...ဆရာတို့လဲ မြင်တယ်နော်...လူလိမ်လေး"
ထိုအမျိုးသမီးက ပြောရင်း သူ့ကျောကို တဖြန်းဖြန်း ရိုက်နေ၏။
"သား မလိမ်ဘူး။"
ဟိန်းထက်နေက အသံကုန်ခြစ်၍ အော်လိုက်ပြီး လွတ်နေသော လက်တစ်ဖက်ကို လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်၍ ထိုအမျိုးသမီး၏ ဝမ်းဗိုက်ကို ပစ်ထိုးသည်။ သို့သော် သူ့အရပ်က ထိုအမျိုးသမီး၏ ဝမ်းဗိုက်ကို ထိုးနိုင်လောက်အောင် မရှည်လေရာ ဆီးအိမ်သို့သာ ထိသွား၏။
"အား..."
ထိုအမျိုးသမီးက ဟိန်းထက်နေကို လွှတ်လိုက်ပြီး သူ့ဗိုက်ကို လက်ဖြင့် အုပ်ကာ ဒူးကို ကွေးလျက် အော်လေသည်။
"အရိုင်းအစိုင်းလေး...နင်... နင့်ကို ငါ နုတ်နုတ်စင်းပစ်မယ်"
ဟိန်းထက်နေက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုအမျိုးသမီးကို ကြည့်နေ၏။ ထိုစဥ် ရုံးခန်းထဲသို့ အနောက်တိုင်း ဝတ်စုံ အနက်ရောင် ဝတ်ထားသော အရပ်မြင့်မြင့် အမျိုးသားတစ်ယောက်က ရုံးခန်းထဲ ဝင်လာသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AçãoFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...