အခန်း ၆၂

977 74 15
                                    

အခန်း ၆၂

ဧည့်ခန်းထဲတွင် သူတို့နှစ်ဦးသာ ကျန်နေသောအခါမှ စိုင်းလရောင်က ဟိန်းထက်နေဘက် လှည့်လာပြီး ဂြိုဟ်ကြည့်ကြည့်သည်။

"အိမ်ပြန်မယ်။ ဒီမှာ မနေချင်ဘူး။"

ဟိန်းထက်နေက ပြန်မဖြေဘဲ ဆိုဖာတွင် ဝင်ထိုင်သည်။ စိုင်းလရောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့နံဘေးသို့ လျှောက်လာကာ နောက်တစ်ကြိမ် စကားစပြန်သည်။

"မင်း မပို့ပေးရင် ငါ့ဘာသာ ပြန်လိုက်မှာနော်။ ငါက သုံးနှစ်သားကလေးလေး မဟုတ်ဘူး။"

ဟိန်းထက်နေက သူ့ခင်ပွန်းလေးကို ကြည့်၍ ပြုံးသည်။ စိုင်းလရောင်၏ စိတ်ဆိုးချင်နေသော စူပုတ်ပုတ် မျက်နှာလေးမှာ ကြောင်ပေါက်ကလေးတစ်ကောင် မာန်ဖီနေသည့်အလား။

"ဒီမှာ လာထိုင်။"

သူက လေသံခပ်အေးအေးဖြင့် ပြောသည်။ စိုင်းလရောင်သည် မျက်ခုံးလေးကျုံ့ပြီး သူ့နံဘေးတွင် ဝင်ထိုင်လိုက်ရာ ဟိန်းထက်နေက သူ့ခါးကို သိုင်းဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းသည်။

"ကျွန်တော် ကြိုပြောရင် လိုက်ခဲ့မှာမို့လို့လား။ Red Moon ရဲ့ ခေါင်းဆောင်က သူရိယဂိုဏ်းရဲ့ စံအိမ်မှာ လိုက်နေမှာလား။"

စိုင်းလရောင်သည် ပြန်ပြောစရာ စကား ရှာမတွေ့တော့သဖြင့် စိတ်ပိုဆိုးမိသည်။ သူ နှုတ်ခမ်းမဲ့သွားသည်ကိုလည်း ဟိန်းထက်နေက ​မြင်ဖြစ်အောင် မြင်သည်။

"စိတ်ဆိုးချင်ရင်လဲ ဆိုး။ ကျွန်တော်က စိတ်ဆိုးပြေအောင် ချော့မယ်။ ဒါပေမဲ့ တစ်ခုပဲ သိထား...ကိုကို။ ကျွန်တော် လုပ်သမျှအားလုံးက ကို့ကိုကို အဆုံးရှုံးမခံနိုင်လို့ချည်းပဲ။"

ဟိန်းထက်နေက ပြောရင်း သူ့ပခုံးကို သိုင်းဖက်သည်။ အနက်ရောင် အများဆုံးသုံးထားသည့် အိမ်ကြီးက စိုင်းလရောင်ကို သက်တောင့်သက်သာ မဖြစ်စေမှန်း သူရိပ်မိသော်လည်း တဖြည်းဖြည်းချင်း ကျင့်သားရသွားလိမ့်မည်ဟု တွေးသည်။ ကနဦးကတည်းက ခေါ်လာရန် စိတ်ကူးသာရှိပြီး ပြန်ပို့ရန် စိတ်ကူး သူ့တွင် လုံးဝမရှိပေ။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now