အခန်း ၆၉
"မတည့်ဘူးဆိုတာက သူက ငါ့ကို ရှောင်နေလို့ သူအာရုံစိုက်အောင် ဆိုးသွမ်းပြတာပါ။ ငါ့ဘဝအတွက် အကြီးမားဆုံးနဲ့ တစ်ခုတည်းသော နောင်တက သူနဲ့တိုက်ခိုက်ခဲ့မိတာကိုပဲ။ သူက ငါ့ကို ကောင်းကောင်းကြီး ဒဏ်ခတ်သွားတာ။ ငါ တစ်ဘဝလုံး လုပ်ခဲ့တဲ့အပြစ်တွေအတွက် အကြီးမားဆုံး အပြစ်ဒဏ်ကို ပေးခဲ့တာ။"
ဟိန်းတေဇက စိတ်ငြိမ်သွားဟန် စကားကို အဆီအငေါ်တည့်အောင် ပြောပြန်သည်။ စိုင်းလရောင်သည် အနည်းငယ် ဝါဖန့်ဖန့်ဖြစ်နေသည်မှတစ်ပါး မပုတ်မသိုးဘဲ အလုံးစုံ ကောင်းမွန်နေသေးသော ဟိန်းတေဇ၏ ရုပ်အလောင်းကို ကြည့်၍ ဟိန်းတေဇ၏ ရူးသွပ်မှုက သာမန်မဟုတ်ကြောင်း ချင့်တွက်မိသည်။ ကြည့်ရသည်မှာ အလောင်း၏ သွေးကြောများအတွင်း ဆေးရည်ကို ထိုးသွင်းစေသည့် နည်းလမ်းဖြင့် ဆေးစိမ်ခဲ့ဟန်တူသည်။ အခန်းအတွင်းမှ အအေးဓာတ်က များလွန်းလှ၍ စိုင်းလရောင်က သွေးများ ခဲလုမတတ် အေးလာပြီး နှုတ်ခမ်းများပင် ပြာလာတော့သည်။ ဟိန်းတေဇ၏ နှုတ်ခမ်းများမှာလည်း ပြာနှမ်းနေပြီး အသားအရည်မှာလည်း အသုဘကမ္မဌာန်းအလား ဖြူဖျော့လျက်။
"သူကလေ... ငါ သူ့ကို သိပ်ချစ်မှန်း သိသိကြီးနဲ့ သူ့ကို ငါ့လက်နဲ့ သတ်မိအောင် လုပ်ပစ်ခဲ့တာ..."
ဟိန်းတေဇသည် စကားကို အားယူ၍ ပြောလိုက်ပြီး မျက်ဝန်းတို့ကို မှိတ်ပစ်လိုက်ရာ မျက်ရည်တို့က ပါးပြင်တစ်လျှောက် စီးကျလာလေသည်။ စိုင်းလရောင်သည် အံ့သြလွန်း၍ အအေးဒဏ်ကိုပင် မမှုနိုင်တော့ဘဲ ဟိန်းတေဇကိုသာ ငေးကြည့်နေမိသည်။ မိမိချစ်ရသူကို မိမိလက်ဖြင့် သတ်ပစ်မိသည့် သောကနှင့်နောင်တသည် ဟိန်းတေဇအပေါ် ဆယ်စုနှစ်တစ်ခုစာမျှ ဖိစီးနှိပ်စက်နေခဲ့၍ အနည်းငယ်မျှလောက် စိတ်သက်သာရာ ရစေရန် ဤအခန်းကို စီမံထားခဲ့မှန်းကိုလည်း ခန့်မှန်းမိလာသည်။
"လာပြီး အံ့သြပြမနေနဲ့။ မင်းသာ ထက်နေကို မင်းလက်နဲ့ သတ်လိုက်မိရင် ဘယ်လိုခံစားရမလဲ။"
ဟိန်းတေဇက သူ့ကို ကြည့်လာပြီး မေးလိုက်ရာ စိုင်းလရောင်သည် မည်သို့မည်ပုံ ပြန်ဖြေရမည်ကိုပင် မသိတော့ပါချေ။ ဟိန်းထက်နေကို သတ်ရန် မဆိုထားနှင့်၊ ထိခိုက်ဒဏ်ရာရလာလျှင်ပင် သူ့စိတ်နှလုံးကပူလောင်ရ၏။ သူ အသက်ရှင်နေသ၍ကာလပတ်လုံး၊ ဦးနှောက်နှင့် နှလုံးသားက အကောင်းအတိုင်းရှိနေသရွေ့၊ ယုတ်စွအဆုံး ဦးနှောက်က ယိုယွင်းသွားပါစေဦး၊ သူ့နှလုံးသားကမူ ထက်နေအပေါ် အမြတ်တနိုးချစ်နေဦးမည်ဖြစ်ပြီး ဘယ်သောအခါမှ ထိခိုက်အောင် လုပ်လိမ့်မည်မဟုတ်ပေ။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...