အခန်း ၄၃

1.1K 100 19
                                    

အခန်း ၄၃

မြူနှင်းချိုသည် မျက်နှာပေါ် ကျရောက်လာသည့် အလင်းရောင်စူးစူးကြောင့် မျက်ခုံးကို ကျုံ့လိုက်ပြီး မျက်လုံးဖွင့်သည်။ သို့သော် အလင်းရောင်နှင့် အသားမကျသေးလေရာ ချက်ချင်း ပြန်မှိတ်လိုက်ရပြီး လက်ဖြင့် ကာလိုက်မိခါမှ သူ့လက်ကောက်ဝတ်ရှိ လက်ထိပ်ကို သတိထားမိတော့သည်။ စက္ကန့်အနည်းငယ် ကြာမှ အသားကျသွားခဲ့ပြီး မျက်လုံးပြန်ဖွင့်၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိရာ သူသည် အဖြူရောင် အခန်းငယ်တစ်ခုအတွင်းရှိ ခုတင်ပေါ်တွင် အိပ်ပျော်နေခဲ့သည် ထင်ပါသည်။ သွေးစွန်းခဲ့ရရှာသော မင်္ဂလာဝတ်စုံသည်ကား ယမန်နေ့ကကဲ့သို့ ဖြူဖြူစင်စင် မရှိတော့ဘဲ ခြောက်စပြုနေသော သွေးတို့က ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့် အမြင်ဆိုးလွန်းလှပါ၏။ ဤသည်ကပင် သူ၏ မင်္ဂလာပွဲက လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီး Red Moon ၏ ကလေးငယ်များ သေဆုံးခဲ့ရကြောင်း သက်သေခံနေခဲ့သည်။

ပခုံးသားဖြူဖြူလေးများနှင့် ညှပ်ရိုးလေးများပင် ပေါ်နေသော လည်ဟိုက်မင်္ဂလာဝတ်စုံသည် ယခုမူ သူ့အတွက် သောကဗျာပါဒတို့ကိုသာ ပေးစွမ်းသည်။ မြူနှင်းချိုသည် ဂါဝန်ကို မကာ ပေါင်တံသွယ်သွယ်တွင် ချည်ထားသည့် သေနတ်ကို စမ်းလိုက်ရာ သေနတ်က မရှိတော့ပေ။ သူသည် သက်ပြင်းတစ်ချက်ချကာ အခန်း၏ အနေအထားကို လေ့လာကြည့်ရှုနေသည့်အချိန်မှာပင် အခန်းတံခါးက ပွင့်သွားပြီး ပေါင်လည်လောက်သာ ရှိသည့် စကတ်တိုကလေးနှင့် ဘလောက်စ်အင်္ကျီကို ချပ်ချပ်ရပ်ရပ် တွဲဝတ်ထားသည့် အမျိုးသမီးငယ်တစ်ယောက်က ဝင်လာလေသည်။ သူ့ပခုံးထက်တွင်လည်း ခါးလောက်အထိ ရှည်သည့် အနီရောင်ခြုံထည် တစ်ထည်ကို ခြုံလွှမ်းထားသေးသည်။

"နိုးပြီလား...မမ"

"မေသဒ္ဒါ... နင်က အစကတည်းက မီးလျှံဂိုဏ်းက လူပဲ။"

"ဒါပေါ့ရှင်။ ရှင်လေးက ဘယ်လိုထင်လို့လဲ။"

မြူနှင်းချို၏ အမေးကို မေသဒ္ဒါက ခပ်ရွဲ့ရွဲ့ ပြန်ဖြေပြီး ယူလာသည့် ဝတ်စုံကို တစ်ခုတည်းသော စားပွဲလေးပေါ် တင်သည်။ ထို့နောက် သူကိုယ်တိုင်လည်း တက်ထိုင်လိုက်ကာ မြူနှင်းချိူကို ခြေဆုံးခေါင်းဆုံး ကြည့်နေလေသည်။ မြူနှင်းချိုသည် သူ့ဂါဝန်ကြီးဖြင့် ခုတင်ပေါ်တွင် ပုံ့ပုံ့လေး ထိုင်နေပြီး မေသဒ္ဒါကို ပြန်မေးသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now