အခန်း ၃၇ (Warning)

2.3K 122 13
                                    

Warning Alert!!!!!

Blood and Violence Warning!!!

သတိပေးချက်

သွေးထွက်သံယိုနဲ့ သတ်ဖြတ်တဲ့အခန်းတွေ ပါဝင်ပါတယ်။

******

အခန်း ၃၇

စိုင်းလရောင်သည် ကျည်ကုန်သွားသော ရိုင်ဖယ်ကို ပစ်ချလိုက်ပြီး ပစ္စတိုတစ်လက်ကို ဆွဲထုတ်ကာ ခံပစ်ရင်း ကျွမ်းပစ်၍ ဆန့်ကျင်ဘက်အခန်းသို့ ခုန်ဝင်သည်။ မီးလျှံဂိုဏ်းခေါင်းဆောင်၏ ကျေးဇူးကြောင့် အခန်းတိုင်းက လူမရှိသည်ကပင် သူ့အတွက် ကံကောင်းသွားခဲ့သည်။ သူက ပစ္စတိုကို လက်နှစ်ဖက်ဖြင့် ကိုင်၍ စင်္ကြန်လမ်းအတိုင်း သတိကြီးကြီးဖြင့် လျှောက်လာခဲ့ပြီး အခန်းတစ်ခန်းချင်းစီကို လိုက်စစ်ဆေးခဲ့သည်။ မကြာသေးမီက ပစ်ခတ်မှု ဖြစ်ပွားခဲ့လေရာ စင်္ကြန်လမ်းတစ်လျှောက်တွင် အလောင်းအချို့ရှိနေပြီး သွေးများကလည်း ဟိုတစ်ကွက်၊ သည်တစ်ကွက်ဖြင့် မြင်မကောင်းလှချေ။

B/79 ဟူသော အခန်းရှေ့ရောက်သောအခါ သူသည် ပစ္စတိုကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်မိပြီး အခန်းတံခါးကို ကန်ဖွင့်သည်။ တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်မှာ သေနတ်အမျိုးအစားမျိုးစုံကိုင်ကာ သူ့ကို ချိန်ထားသည့် ဆယ်ယောက်ထက်မနည်းသော မီးလျှံဂိုဏ်းသားများ ဖြစ်လေသည်။

"သေနတ်ချ..."

တစ်ဖက်အုပ်စုမှ လူတစ်ယောက်က သူ့ကို အော်သည်။ စိုင်းလရောင်သည် စကားတစ်ခွန်းမျှ မဆို၊ ထိုလူများအနောက်ရှိ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ကာ သူ့ကို ကြည့်နေသည့် မီးလျှံဂိုဏ်းခေါင်းဆောင်နှင့် ထိုလူနံဘေးတွင် ထိုင်နေသည့် သူ့အမျိုးသမီးကို လှမ်းကြည့်သည်။ ခေါင်းဆောင်၏ အခန်းဖြစ်၍ အခန်းတစ်ခန်းတည်းကပင် အိမ်တစ်လုံးစာနီးနီး ကျယ်ဝန်းပြီး ပရိဘောဂများကလည်း အတော်လေး စုံလင်သည်။ စိုင်းလရောင်သည် သေနတ်ကို ကိုင်ထားရင်း အခန်းအခြေအနေကို အကဲခတ်သည်။

"မသေချင်ရင် လက်နက်ချ"

တစ်ဖက်လူက နောက်တစ်ကြိမ် အော်လိုက်ပြီး လူတိုင်းက သူ့ကို ချိန်ထားခဲ့သည်။ စိုင်းလရောင်သည် ကိုယ်ကိုကိုင်းလိုက်၍ လက်ထဲရှိ ပစ္စတိုကို ကြမ်းပြင်ပေါ်သို့ ချရန် ဟန်ပြလိုက်ပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ငုံ့ချလိုက်ကာ ထိုလူများ၏ ဒူးဆစ်နေရာကို တရစပ်ပစ်ခတ်လိုက်ရာ အချို့က လဲကျသွားပြီး အချို့က သူ့ကို ပြန်ပစ်ခတ်တော့သည်။ သူသည် သူ့ရှေ့ရှိ လူတစ်ယောက်ကို ဆွဲယူ၍ လာသမျှကျည်ကို ကာစေပြီး အနီးရှိ တီဗီစင်နှင့် နံရံကြားထဲ ဝင်ကာ အကာအကွယ်ယူလိုက်ပြီး ပြန်ခံပစ်သည်။ သူ့ကို ကာပေးခဲ့သည့်အလောင်းမှာမူ များပြားလှစွာသော သေနတ်ဒဏ်ရာများဖြင့် မရှုမလှ သေဆုံးသွားခဲ့လေပြီ။ မိနစ်အနည်းငယ်ကြာ ပစ်ခတ်ပြီးသည့်အချိန်တွင် သူ့ပစ္စတိုက ကျည်ကုန်သွားပြီး တစ်ဖက်တွင်လည်း နှစ်ယောက်ခန့်သာ ကျန်တော့သည်။ ထိုအချိန်အထိ မီးလျှံဂိုဏ်းခေါင်းဆောင်ကမူ ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်ရသည့်နှယ် ထိုင်ကြည့်နေဆဲ။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now