အခန်း ၄၇
ဟိန်းထက်နေတို့အတွက်မူ အခြေအနေက ကွာခြားလှသည်။ သတိထား၍ လျှောက်နေရင်းမှ ရန်သူက ပြေးထွက်လာကာ ပစ်ခတ်သွားပြီး သူတို့ပြန်လည်မတိုက်ခိုက်နိုင်ခင် ပျောက်သွားပြန်သည်။ တစ်ကြိမ် တိုက်ခိုက်တိုင်း သူ့လူများသာ ကျဆုံးသွားပြီး တစ်ဖက်ကိုမူ တစ်ယောက်ကိုမျှ ပြန်မတိုက်ခိုက်နိုင်သေးချေ။ ပင်မခန်းမအတွင်း ဝင်သွားသော အဖွဲ့များဆိုလျှင် ဆင်ဆာများနှင့် စက်သေနတ်များကို ချိတ်ဆက်ထားမှုကြောင့် အားလုံးနီးပါး အသတ်ခံလိုက်ရသည်။ သို့သော် ပင်မခန်းမကိုမဖြတ်ဘဲ ဓာတ်လှေကားနှင့် အခြားသော အခန်းများကို စစ်ဆေး၍လည်း မဖြစ်နိုင်လေရာ ဟိန်းထက်နေအတွက် အခက်ကြုံနေတော့သည်။
ဟိန်းထက်နေက ပင်မခန်းမအတွင်းသို့ တိုက်ရိုက်မဝင်သေးဘဲ ခန်းမ၏ ဝင်ပေါက်အနီးအနားတွင် အလှဆင်ထားသည့် ကြွေပန်းအိုးတစ်လုံးကို ဆွဲယူကာ ခန်းမအတွင်းသို့ ပစ်သွင်းလိုက်လေသည်။
ဒိုင်း... ဒိုင်း.. ဒိုင်း...
ကြွေပန်းအိုးက ခန်းမ၏ကြမ်းပြင်ပေါ်သို့ မကျသေးမီမှာပင် စက်သေနတ်များက တရပ်စပ် ပစ်ခတ်လေရာ ကြွေပန်းအိုးက ကြမ်းပြင်ပေါ်သို့ အမှုန့်များဖြစ်လုနီးပါး အခြေအနေဖြင့် ကျလာသည်။ ဟိန်းထက်နေသည် ခန်းမ၏ အကျယ်အဝန်း၊ ဆင်ဆာများ၏ တည်နေရာနှင့် စက်သေနတ်များ၏ ဦးတည်ဘက်ကို သေသေချာချာမှတ်သားသည်။ သူသည် သူ့အနောက်တွင်ပါလာသော လက်ရွေးစင်ငါးယောက်ကို အချက်ပြလိုက်ကာ ခန်းမ၏ ပုဏ္ဏားကွယ်သို့ ပြေးဝင်လိုက်ပြီး ငြိမ်သက်စွာရပ်နေစေသည်။ ပုဏ္ဏားကွယ်နေရာသည် ခမ်းနားလှပသည့် ကြွေပန်းအိုးကြီးများ၊ ပန်းပင်များအပြင် ကြီးမားသော တံခါးရွက်ကြီးများလည်း ရှိနေလေရာ ဆင်ဆာများကို ရှောင်ရှားရန် အကောင်းဆုံး နေရာ ဖြစ်သည်။
ဟိန်းထက်နေနှင့် သူ့လူငါးယောက်သည် ငြိမ်သက်စွာရပ်နေပြီးမှ လက်ထဲရှိ ရိုင်ဖယ်များဖြင့် မျက်နှာကျက်နှင့် မျက်နှာကျက်ထောင့်အဖုံးများ၊ အခန်းထောင့်များတွင် တပ်ဆင်ထားသည့် ဆင်ဆာများကို ဦးတည်၍ ပစ်ချတော့သည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...