အခန်း ၈၁ (နိဂုံးချုပ်)

2.5K 66 16
                                    

အခန်း ၈၁

"ရပြီ... သွားကြစို့"

စိုင်းလရောင်နှင့် ဟိန်းထက်နေက ဥမင်လမ်းအတိုင်း ပြေးလာသည်တွင် ဟိန်းတေဇကလည်း ဓာတ်လှေကားမှ ဆင်းလာပြီး သူတို့ကို သေနတ်ဖြင့် ပစ်သည်။ စိုင်းလရောင်တို့ စုံတွဲက ဥမင်၏ နံရံဘက် ကပ်လိုက်ပြီး ရှောင်လိုက်သဖြင့် ကျည်ဆန်များက ဥမင်၏ နံရံများကိုသာ ထိမှန်ကုန်သည်။ ဟိန်းတေဇက ဥမင်လမ်းအတိုင်း ပြေးဝင်လာပြီး ပစ်ခတ်သဖြင့် ဟိန်းထက်နေက ကြမ်းပြင်ပေါ်မှောက်ချလိုက်ရင်း စိုင်းလရောင်ကိုပါ ကြမ်းပြင်ပေါ် ဆွဲမှောက်ချသည်။

သူတို့နှစ်ယောက်လုံး လုံးထွေး၍ ကျသွားပြီး ဟိန်းတေဇ၏ ပစ်ကွင်းကို ရှောင်ရှားလိုက်နိုင်၏။ စိုင်းလရောင်က လေဝင်လေထွက်ရရန် လုပ်ထားသည့် ဒလက်ပေါက်နားသို့ ကပ်ကာ ဟိန်းတေဇကို ပြန်ချောင်းကြည့်သည်။ ခပ်လှမ်းလှမ်းတွင် ရေးတေးတေးသာ မြင်နေရသော ဟိန်းတေဇသည် လက်ထဲတွင် စက်သေနတ်တစ်လက် ကိုင်ထားပြီး သူတို့ကို ရှာဖွေနေဟန်လည်း တူသည်။

"Sub-machine gun..."

စိုင်းလရောင်က ရေရွတ်လိုက်ရာ ဟိန်းထက်နေက ထောက်ခံသည်။

"ဟုတ်တယ်... သူရိယဂိုဏ်းက ထုတ်တာ။ အားအရမ်းပြင်းတယ်။"

ထိုအချိန်မှာပင် ဟိန်းတေဇက သူတို့နှင့် ပို၍ နီးကပ်လာခဲ့ပြီး သူ့ခြေသံက ပို၍ ကျယ်လောင်လာခဲ့သည်။

"ကျွန်တော် အရှေ့က အယောင်ပြမယ်။ ကိုကို အနောက်က ဝင်တိုက်"

ဟိန်းထက်နေက ပြောပြောဆိုဆိုဖြင့် သူတို့ပုန်းနေသည့်နေရာနှင့် မျက်စောင်းထိုးတွင် ရှိနေသော ရေပိုက်ဆီသို့ ပြေးဝင်သည်။ မျက်စိလျင်လွန်းသော ဟိန်းတေဇက ထိုနေရာကို သေနတ်ဖြင့် ချက်ချင်း ထိုးချိန်လိုက်ပြီး တရစပ်ပစ်ခတ်သည်။ သေနတ်သံ တဒိုင်းဒိုင်းက ဆူညံသွားပြီး ရေပိုက်ကြီးမှာလည်း ပိန့်သည့်နေရာပိန့်၊ ပေါက်သည့်နေရာပေါက် ဖြစ်ကုန်၏။ ပေါက်သွားသည့်နေရာမှ ရေများက ပန်းထွက်လာခဲ့ပြီး ဥမင်လမ်း၏ အောက်ခြေတွင် ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဟိန်းထက်နေသည် သူ ပုန်းနေသည့်နေရာတွင် ငြိမ်လျက် ရှိနေပြီး စိုင်းလရောင်က ဟိန်းတေဇကို တိုက်ခိုက်ရန် အခွင့်ကောင်းကို ချောင်းမြောင်းနေခဲ့သည်။ ဟိန်းတေဇက သူ့လက်ထဲမှ သေနတ်ကို ကိုင်ထားရင်း ဟိန်းထက်နေပုန်းကွယ်နေသည့်ပိုက်လုံးနားဆီ ချဥ်းကပ်လာခဲ့လေသည်။ ရေစီးကြောင်းက ကြမ်းပြင်ပေါ်တွင် ရှိနေသဖြင့် သူ လမ်းလျှောက်လိုက်တိုင်း ခြေသံပြင်းပြင်းကို ဖြစ်ပေါ်စေ၏။ ဟိန်းထက်နေသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်သည်။ သူ အသက်ရှုထုတ်လိုက်သည့် အသံမျှင်းမျှင်းနှင့် ဟိန်းတေဇ၏ ခြေသံပြင်းပြင်းတို့ကား ပနံရလျက်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now