အခန်း ၄၁

1.1K 98 11
                                    

အခန်း ၄၁


ကျော်စွာသည် သူ့ရှေ့ရှိ ယောက်ဖအလောင်းအလျာနှင့် အစ်မဖြစ်သူကို မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည်။ ရှိုင်းနောင်နောင်၏ ရုပ်ရည်က တစ်ကြိမ်မြင်ရုံမျှဖြင့်ပင် ထင်ထင်ရှားရှား မှတ်မိနိုင်သည်အထိ ချောမောသည်ကိုတော့ သူသည် အောင့်သက်သက်ဖြင့် လက်ခံလိုက်ရသည်။ ရှိုင်းနောင်နောင်သည် သူစိုက်ကြည့်နေသည်ကို အနည်းငယ်မျှပင် ဂရုမထား၊ မြူနှင်းချို၏ လက်ကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ တစိမ့်စိမ့် ထိုင်ကြည့်နေ​သည်။ မြူနှင်းချိုကလည်း ရှက်သွေးဖြာနေဟန်ဖြင့် ခေါင်းကို ငုံ့ထားကာ ခိုးခိုးခစ်ခစ် ရယ်နေ၏။ ကျော်စွာသည် ရှိုင်းနောင်နောင်ကို အမှတ်သုည ပေးပစ်လိုက်ပြီး မျက်လုံးကိုပင် လှန်လိုက်မိသည်။ ကမ္ဘာပေါ်တွင် အတွဲများ ကလူကျီစယ်နေသည့် မြင်ကွင်းလောက် စိတ်ရှုပ်စရာကောင်းသော မြင်ကွင်း မရှိနိုင်တော့ပေ။

"အဟမ်း...ဒါက မောင်လေးလေ။ ကျော်စွာတဲ့။ မောင်လေးကတော့ မြူ ပြောပြထားလို့ ကိုကို့ကို သိတယ်။"

မြူနှင်းချိုသည် အသံချိုချိုလေးဖြင့် နှစ်ဦးလုံးကို မိတ်ဆက်ပေးသည်။ ကျော်စွာသည် သူ့ကို ပြောသောလေသံနှင့် လားလားမျှမဆိုင်၊ နွေဦးတွင် တွန်ကျူးသည့် ဥသြငှက်ကလေးအလား ချိုသာလှသည့် အသံကြောင့် နှာခေါင်းရှုံ့သည်။ သူ့အစ်မသည် ကယ်တင်ကုသ၍ မရနိုင်တော့။ သူသည် ရှိုင်းနောင်နောင်ကို သေချာစိုက်ကြည့်ရင်း တစ်လုံးချင်း ပီသစွာ မေးသည်။

"ခင်ဗျား အရက်သောက်တတ်လား။"

"ဟမ်" "ကျော်စွာ.."

မြူနှင်းချို၏ အံကြိတ်ကာ ခေါ်လိုက်သည့်အသံနှင့် ရှိုင်းနောင်နောင်၏ အာမေဋိတ်သံက တစ်ပြိုင်တည်း ထွက်လာသည်။ ကျော်စွာသည် အစ်မဖြစ်သူကို လျစ်လျူရှုလိုက်ကာ ရှိုင်းနောင်နောင်ကို ပြန်မေးသည်။

"ခင်ဗျားကို အရက်သောက်တတ်သလားလို့ မေးတာလေ။"

"သောက်တတ်တယ်။ Alcohol 10% Red Wine ကနေ 85% Vodka ထိ သောက်နိုင်တယ်။"

"ကောင်းတယ်။ မိန်းမတွေ ဘာတွေရော ရှုပ်လား။"

"အရင်ကတော့ ရှုပ်တယ်။ ဟောတစ်ယောက် ဟောတစ်ယောက်ပဲ။ ​မြူနှင်းနဲ့ တွေ့ပြီးကတည်းက ခြေငြိမ်သွားတာ။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now