အခန်း ၇၅
ဟိန်းတေဇသည် အစည်းအဝေးခန်းကျယ်ကြီးအတွင်း ရှိနေသည့်သုတေသနပညာရှင်များ၊ ဆရာဝန်များနှင့် အလင်းမဲ့ဂိုဏ်း၏ အခြားအကြီးအကဲများကို ဝေ့ကြည့်သည်။ မြတ်လွင်နှင့် ထွဋ်ခေါင်အပြင် နှင်းဆီကျော့ပါ သေဆုံးသွားခဲ့ပြီဟူသော သတင်းကြောင့် အင်မတန် စိတ်ထိခိုက်မိ၍ သူ့မျက်နှာထားမှာ တည်တင်းလျက်။ အစည်းအဝေးခန်းအတွင်းရှိ လူအများမှာ လေအေးပေးစက်၏ အအေးရှိန်ကိုပင် မခံစားနိုင်လောက်အောင် ချွေးစေးများ ထွက်လျက် ရှိ၏။
ဟိန်းတေဇသည် ဟိန်းထက်နေကို ဟိန်းဇေယျ၏ သားအရင်းဟု ထင်မှတ်မှား၍ ပြုစုပျိုးထောင်ခဲ့မိသည့်အပေါ် နောင်တကြီးစွာ ရမိသည်။ ဟိန်းထက်နေကသာ ဟိန်းဇေယျ၏ သွေးသားရင်း မဟုတ်မှန်းသိခဲ့လျှင် သူသည် ထိုကောင်လေး ဖဝါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ် အရွယ်ကတည်းကပင် သုတ်သင်ပစ်လိုက်မည်သာ။ ယခုမူ မီးပွားကိုမှ မွှေးခဲ့မိလေခြင်း၊ မြွေပွေးကိုမှ ခါးပိုက်ပိုက်မိလေခြင်းဟူ၍ ဒေါသထွက်ရုံသာ ရှိတော့၏။
"Zeya - H ကို ဒီည လွှတ်ချင်တယ်။"
ဟိန်းတေဇ၏ အသံက ဟိန်းထွက်လာလေရာ အခန်းအတွင်းမှ လူအများမှာ သူ့ကို တအံတသြ ကြည့်လာလေသည်။ ဆရာဝန်များနှင့် သုတေသနပညာရှင်များ၏ တီးတိုးပြောသံများက တစ်ခွန်းစနှစ်ခွန်းစ ထွက်ပေါ်လာပြီး မီးလျှံဂိုဏ်း၏ အကြွင်းအကျန် သမားတော်တစ်ယောက်က တားမြစ်သည်။
"မဖြစ်ပါဘူး။ ဒီအချိန်မှာ လွှတ်လိုက်ရင် ခေါင်းဆောင် လိုချင်သလောက် ရမှာ မဟုတ်ဘူး။ Zeya-H က အားပျော့နေသေးတယ်။ နောက်ထပ်နှစ်ဆယ့်ခြောက်ရက်ကြာမှ လွှတ်ဖို့ အဆင်သင့် ဖြစ်မှာပါ။"
"ဟုတ်ပါတယ်။ တခြားသုတေသနပညာရှင်တွေ ဖြေဆေးကို ရှာတွေ့သွားရင် ကျွန်တော်တို့အတွက် အမြတ်နည်းသွားလိမ့်မယ်။"
ဒိန်းမတ်မှ ခေါ်လာသည့် သုတေသနပညာရှင်က ဝင်ထောက်ခံသည်။ ဟိန်းတေဇက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့ရှေ့တွင် ချထားသော လက်ပ်တော့ကို ဖွင့်လိုက်ရာ သူ့နောက်ကျောရှိ ပရိုဂျက်တာပေါ်တွင် ယိုယွင်းပျက်စီးနေသည့် အဆောက်အဦးများ၏ ပုံရိပ်က ပေါ်လာသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AcciónFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...