အခန်း ၅၇
ဟိန်းတေဇတစ်ယောက် စာကြည့်ခန်းထဲတွင် ထိုင်ရင်း လက်တော့ကို မျက်နှာမူကာ စာရင်းအချို့ကို ပြန်စစ်ရင်း အလုပ်များနေရသည်။ ချောင်ကုရီကို လုပ်ကြံသည့်ကိစ္စက သူတို့ကြားထဲတွင် အတော်လေး ဂယက်ထနေလေရာ ပြသနာမကြီးလာစေရန် ခပ်မြန်မြန် ဖုံးဖိရသည်။ ဟိန်းထက်နေ၏ ကိုင်တွယ်ပုံက သေသပ်လှပသော်လည်း ချောင်ကုရီသည် ငတုံးငအ မဟုတ်၊ သူရိယဂိုဏ်းနှင့် အလင်းမဲ့ဂိုဏ်းကြားမှ ရန်စကိုသာ သိသွားခဲ့လျှင် ငြိမ်ငြိမ်မနေဘဲ မီးလောင်ရာလေပင့်မည့် စီးပွားရေးသမားသက်သက် ဖြစ်သည်။ ဟိန်းတေဇက ကီးဘုတ်ကို တချောက်ချောက်နှိပ်ရင်း အလုပ်များနေစဥ်မှာပင် ရီရီက သူ့အတွက် လက်ဖက်ရည်အိုး လာချပေးသည်။
"ဒုခေါင်းဆောင်...လက်ဖက်ရည် လာပို့တာပါ။"
"ထားခဲ့။"
ဟိန်းတေဇက မော့မကြည့်ဘဲ သူ့အလုပ်သူ ဆက်လုပ်နေလေရာ ရီရီက ထွက်မသွားသေးဘဲ နေရာတွင်သာ ရပ်နေ၏။
"ဘာပြောစရာ ရှိသေးလို့လဲ။"
"ရွက်နုဝေလေး အခုထိ ပြန်မလာလို့ပါ။ မမထားကို မေးတော့ မမထားဆီလဲ မလာဘူး ပြောတယ်။ အဲ့ဒါ..."
"ရွက်နုဝေ...အဲ့ကလေးမက ထက်နေအနားပဲ ကပ်နေတာမလား။ တစ်ခုခု ခိုင်းထားလို့ ဖြစ်မှာပေါ့။"
ဟိန်းတေဇက ရီရီကို မော့မကြည့်သေးဘဲ အလေးအနက်မထားဟန် ခပ်ပေါ့ပေါ့ ပြန်ဖြေသည်။ ရွက်နုဝေက သူ့လက်ပေါ်တွင် ကြီးပြင်းလာ၍ သမီးအရင်းသဖွယ် ဖြစ်နေရှာသော ရီရီမှာ မျက်နှာကလေးညှိုးလျက် ဆက်ပြောသည်။
"လေ့ကျင့်ရေးစခန်းကိုလဲ မလာဘူးတဲ့လေ။ အဲ့ကလေးမလေးက တကယ်အဆိုးလေးရယ်။"
"ပစ်ထားလိုက်။ သူက ရီရီတို့ ထက်နေတို့ အလိုလိုက်ထားလို့ ဆိုးချင်နေတာ။ အငယ်ဆုံးလေးဆိုပြီး အလိုလိုက်တာတွေ လျှော့။"
"ဒါပေမဲ့ အခုက....ဟင်း...သူက ကလေးသာသာလေးပဲ ရှိသေးလို့ပါ။ ရီ သူ့ကို စိတ်ပူတယ်။ မိန်းကလေးတစ်ယောက်ထဲ အပြင်ရောက်နေတာမျိုးက မသင့်တော်ဘူးမလားရှင်။"
"မိန်းမတွေ...မိန်းမတွေ...တော်တော်ဇယားရှုပ်တဲ့ မိန်းမတွေ။ အရိပ်နက်ကို ငါ့ဆီ လွှတ်လိုက်။ ငါ ရှာခိုင်းလိုက်မယ်။ မင်းကိုယ်မင်းလဲ ဂရုစိုက်ဦး။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...