အခန်း ၉

2.7K 195 4
                                    

အခန်း ၉

"ကျွန်တော်က ဆက်ခံသူ မဟုတ်ဘူး။ ကိုကိုကရော... အုပ်စုလေးစုထဲက တစ်စုရဲ့ ဆက်ခံသူလား။"

ဟိန်းထက်နေက မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်လိုက်ပြီး စားပွဲခုံအောက်မှ လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။ ထိုသူများက ဆက်ခံသူကို လာရှာသည် ဆိုလျှင် သေချာပေါက် သူ့ကို လာရှာခြင်းပင် ဖြစ်မည်။ စိုင်းလရောင်ကဲ့သို့ ပြိုကွဲပြီးသား ဂိုဏ်း၏ ငယ်သားတစ်ယောက်ကို မည်သူကမျှ စိတ်ဝင်စားမည် မဟုတ်ပေ။ တစ်ဆက်တည်းမှာပင် ဟိန်းတေဇ၏ စကားတို့ကို ပြန်လည်ကြားယောင်လာသောအခါ သူ့စိတ်ထဲ၌ ဦးလေး ဖြစ်သူကို သံသယဝင်လာမိသည်။ ဟိန်းတေဇက မည်မျှ ရက်စက်ပြီး ပြတ်သားကြောင်းကို သူ့လောက် နားလည်မည့်သူ မရှိနိုင်ပေ။ သူ့အတွက် စိုင်းလရောင်က အသက်ထက် အရေးကြီးသော်လည်း ဟိန်းတေဇကမူ စိုင်းလရောင်၏ အသက်ကို ပုရွတ်ဆိတ်ကလေးတစ်ကောင်လောက်ပင် အရေးထားမည်မထင်ပေ။

"ငါက ဆက်ခံသူ မဟုတ်ဘူး။ ဒါပေမဲ့ Red Moon နဲ့ ပတ်သက်ခဲ့ဖူးတယ်။ မီးလျှံဂိုဏ်းက... ဘာလို့လဲ။"

စိုင်းလရောင်က အတော်လေး စဥ်းစားရခက်သွားပြီး လုပ်ကြံသူများက သူ့ကို ဦးတည်ခြင်း ဖြစ်မည်ဟု တွေးလိုက်မိပြန်သည်။ သို့သော် အုပ်စုသုံးစုလုံးက Red Moon ပြိုကွဲသွားပြီဟု သိထားပြီး မည်ကဲ့သို့ သတင်းအစအနများကြောင့် သူ့ကို ခြေရာခံမိမည်နည်း။

"နောက်ဆုံး မေးခွန်း...မင်း ဘာလို့ ငါ့အစား ဓားမြှောင်ကို ဝင်ခံလိုက်တာလဲ။"

သူက ထပ်မေးလိုက်ရာ ဟိန်းထက်နေက ပြန်မဖြေသေးဘဲ သူ့ကို တွေတွေလေး စိုက်ကြည့်နေ၏။ အတန်ကြာမှ အကြည့်လွှဲလိုက်ပြီး ပြန်ပြောသည်။

"ကျွန်တော် မဖြေချင်ဘူး။"

"အဲ့ဒါဆိုလဲ ထားလိုက်ပါတော့။ ဒါပေမဲ့ နောက်ခါ အဲ့လို တဇွတ်ထိုး မလုပ်နဲ့။"

"​အင်း...ဒါနဲ့...ဘဘကြီးက ပြောတာ ကျွန်တော် အဆိပ်ပြေဖို့ တစ်လလောက်တော့ ဒီမှာနေပြီး ဆေးသောက်ရမယ်တဲ့"

သူက စကားလမ်းကြောင်း လွှဲလိုက်ရာ စိုင်းလရောင်က ခေါင်းညိတ်သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now