အခန်း ၅၃

1K 84 14
                                    

အခန်း ၅၃

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဈာပနအခမ်းအနားကျင်းပမည့်နေ့ရက်သို့ ရောက်လာခဲ့သည်။ ရဲသွေးနီနှင့် ရွက်နုဝေကလည်း အတော်လေး သက်သာလာခဲ့ပြီဖြစ်ပြီး အရိပ်နက်ကလည်း ထူထူထောင်ထောင် ဖြစ်လာသည်။ အုပ်စုကြီး နှစ်စု၏ ဈာပနအခမ်းအနား ကျင်းပမည့်ရက်က တစ်ရက်တည်းကျလေရာ ဟိန်းထက်နေက သူရိယဂိုဏ်းကို ပြန်လာခဲ့ရပြီး စိုင်းလရောင်ကလည်း Red Moon ကို ​ပြန်လာခဲ့ရသည်။

Red Moon ၏ သင်္ချိုင်းမြေအတွင်းရှိ တရားနာဇရပ်အတွင်း၌လည်း အဖြူရောင် ဝတ်စုံပြည့် ဝတ်ထားသည့် လူများဖြင့် ပြည့်နေခဲ့သည်။စိုင်းလရောင်နှင့် ဦးသူတော်အပါအဝင် အခြားလူများပါ အားလုံး စုံနေကြသည့်အပြင် အားလုံးက တိတ်ဆိတ်လျက်။ အချိန်အနည်းငယ် ကြာသောအခါ အမျှဝေသံ၊ သာဓုခေါ်သံတို့က ပျံ့နှံ့လာခဲ့ပြီး အလောင်းမြေချကြလေသည်။ စိုင်းလရောင်နှင့် ကျော်စွာသည် မြူနှင်းချို၏ အုတ်ဂူရှေ့တွင် မတ်တပ်ရပ်နေကြပြီး စကားတစ်ခွန်းမျှ မဆို၊ နှစ်ယောက်အတူ ခါးကိုကိုင်း၍ ဂါရဝပြုလိုက်ပြီး အခြားလူများ ဂါရဝပြုရန် နေရာဖယ်ပေးလိုက်ကြသည်။
        
အချို့က တရှုံ့ရှုံ့ ငိုယိုနေကြပြီး အချို့ကလေးများကမူ ဝူးဝူးဝါးဝါးဖြင့် အော်ငိုနေကြသည်။ စိုင်းလရောင်သည် ခါးကို ဖြောင့်တန်းစွာ ထား၍ ရပ်နေပြီး ထိုလူများကိုသာ ငေးကြည့်နေ၏။ ကျော်စွာကလည်း သူ့နည်းတူပင်၊ အစ်မအရင်း ဖြစ်သူ၏ ဈာပနကို သူ့လက်ဖြင့် ချပေးရမည်ဟု မည်သူက ထင်ထားမည်နည်း။ ဦးသူတော်ကမူ "ဆံနက်ကို ဆံဖြူက ပို့ရသည်"  ဟူ၍ အသံတိတ် မျက်ရည်ကျရှာသည်။ မြူနှင်းချိုတင်မကသေး၊ သုတနှင့် အခြားလက်ရွေးစင်များပါ ပါလေရာ ကျော်စွာရော စိုင်းလရောင်ပါ မှိုင်တွေနေတော့သည်။ ထိုအချိန်မှာပင် လူငယ်လေးတစ်ယောက်က သူတို့နှစ်ယောက်ရှေ့တွင် ရပ်လိုက်ကာ ဂါရဝပြုသည်။

"လက်​​ရွေးစင်အဖွဲ့ဝင် ခွန်လျမ်းဖုန် ခေါင်းဆောင်ကို ဂါရဝ ပြုပါတယ်။ ဒုခေါင်းဆောင်ကို ဂါရဝပြုပါတယ်။"

"ခွန်လျမ်း။ မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ။ မင်္ဂလာပွဲကို မလာနိုင်ဘူးဆို။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now