အခန်း ၈၀

780 36 12
                                    

အခန်း ၈၀

"အ​ဖေက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သေသွားတာ... ဦးလေး ရူးနေလား။"

ဟိန်းထက်နေက ပြန်ပြောရင်း ကိုယ်ကို ယို့၍ ရှောင်လိုက်ရာ ဟိန်းတေဇ၏ ခြေထောက်က ပျားအုံစင်တစ်ခုကို ထိမိသွား၏။ ပျားအုံစင်က ခွမ်းခနဲ ကွဲသွားပြီး အတွင်းမှ ဗေ့စ်အရည်များက လွင့်စင်ကျလာလေသည်။ သူတို့နံဘေးရှိ ဗိုင်းရပ်လွှတ်ရန် ပြုလုပ်ထားသည့် ဒုံးကျည်စင်ကြီးကမူ တဖြည်းဖြည်း အောက်သို့ ကျဆင်းလာလျက်ရှိပြီး စက်ရုပ်အမျိုးသမီးအသံကလည်း တရစပ်ထွက်ပေါ်လျက် ရှိ၏။

"ဆယ့်ခုနစ်မိနစ်နှင့် လေးဆယ့်ငါးစက္ကန့်"

"ဒါ.... ဗိုင်းရပ်စ်တွေလား။"

ဟိန်းထက်နေက မျက်လုံးအပြူးသားဖြင့် မေးလိုက်ရာ ဟိန်းတေဇက ခပ်မဲ့မဲ့ ပြုံးသည်။ သူသည် စိတ်ပြန်ငြိမ်သွားပြီး ဒေါသလည်း မထွက်တော့ဘဲ ခပ်အေးအေး ခေါင်းညိတ်သည်။

"အင်း.. ခနနေရင် ဒီဗိုင်းရပ်စ်တွေကို ဟောဒီပိုက်လိုင်းတွေထဲ ရောက်တဲ့အထိ အားနဲ့ ရိုက်ထည့်ပစ်လိမ့်မယ်။"

သူက သူ့လက်ချောင်းများ​ဖြင့် ဒုံးကျည်စင်အောက်ဘက်မှ ပိုက်လိုင်းများကို ပွတ်သပ်ရင်း ရှင်းပြသည်။

"အစ်ကိုကြီးအတွက်ပဲ ရည်ရွယ်ထားတဲ့ စီမံကိန်းမို့လို့ Zeya - H လို့ နာမည်ပေးထားတာ။ ပထမစီမံကိန်းထက် ငါးဆလောက် ပိုပြင်းတော့ ပမာဏနည်းနည်းလေးနဲ့တောင် လူတွေ အများကြီးကို ရှင်းလင်းပြီးသား ဖြစ်သွားလိမ့်မယ်။ အများကြီးသေပြီးမှ ဖြေဆေးရောင်းစားမယ်။ မကောင်းဘူးလား... တူလေး။"

ဟိန်းတေဇကသာ အေးအေးဆေးဆေး ရှင်းပြနေသော်လည်း ဟိန်းထက်နေက အတော်လေး အံ့သြထိတ်လန့်သွားခဲ့သည်။ ဟိန်းတေဇက အကြံအစည် ကြီးမားပြီး သွေးအေးရက်စက်တတ်မှန်း သိသော်လည်း အဖျက်မိစ္ဆာတစ်ကောင် ပူးကပ်နေသကဲ့သို့ ကြမ်းကြုတ်သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

"မကောင်းဘူး။" ဟိန်းထက်နေက အော်သည်။ "အပြစ်မဲ့တဲ့လူတွေကို ဘာလို့ သတ်ချင်နေတာလဲ။ ကိုယ့်လောဘတစ်ခုတည်းအတွက်နဲ့ လူတွေအများကြီး သေကြေကုန်လိမ့်မယ်။ ရပ်လိုက်ပါတော့... ဦးလေး။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now