အခန်း ၇၉
ဟိန်းထက်နေသည် စိုင်းလရောင်က ကိုကိုးကျွန်းဆီ ရောက်သွားပြီအထင်နှင့် စိတ်ချသွားပြီး ဓာတ်လှေကားအတိုင်း ဆင်းလာခဲ့သည်။ သူ မှတ်သားထားခဲ့သည့် မြေပုံကြမ်းတွင် လက်ရှိအဆောက်အဦးက ဗိုင်းရပ်စ်များထားသည့် အဆောက်အဦး ဖြစ်သဖြင့် ဗိုင်းရပ်စ်များကို ရအောင်ရှာ၍ ရှင်းလင်းပြီးလျှင် တာဝန်ပြီးဆုံးပြီဟု ယူဆထား၏။ ဓာတ်လှေကားက ပွင့်သွားသည်နှင့် သူသည် လက်ထဲမှ ရိုင်ဖယ်ဖြင့် ထိုးချိန်ရင်း သတိကြီးကြီးထား၍ ထွက်လာခဲ့သည်။
သူက အနည်းငယ်မျှ လျှောက်ပြီးသည့်အချိန်တွင် လှည့်ကင်းနှစ်ယောက်က ဝင်လာသဖြင့် ထိုနှစ်ယောက်ကို ပစ်သတ်လိုက်ပြီး သူလည်း နံရံဘက်ဆီ ကပ်လိုက်ရ၏။ တဒိုင်းဒိုင်း ဆူညံသွားသော သေနတ်သံကြောင့် အချက်ပေးသံများ ထွက်ပေါ်လာခဲ့ပြီး အပြာရောင်မီးများကလည်း လင်းလာခဲ့သည်။ လျှောက်လမ်းများက အဖြူရောင်ကို အများဆုံး သုံးထားသည်ဖြစ်ရာ အစောင့်နှစ်ယောက်ထံမှ သွေးများနှင့် ပြာလဲ့လဲ့မီးရောင်တို့က ခြောက်ခြားဖွယ်ရာ ဖြစ်အောင် ထောက်ပံ့လျက်ရှိ၏။
ဟိန်းထက်နေသည် နောက်ထပ်အလင်းမဲ့ဂိုဏ်းသားများ ထပ်မရောက်လာခင် လျှောက်လမ်းအတိုင်း အလျင်အမြန် ပြေးလာခဲ့လေသည်။ သူက လျှောက်လမ်း၏ အဆုံးသို့ ရောက်ခါနီးတွင် အခြားအလင်းမဲ့ဂိုဏ်းသားများကလည်း ပြေးဝင်လာကြပြီး သူ့ကို ပစ်ခတ်သည်။ သူကလည်း ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီး ပြန်ခံပစ်ရင်း အခန်းထောင့်ချိုးသို့ဝင်ကာအကာအကွယ် ယူလိုက်ရသည်။ အတန်ကြာ အပြန်အလှန်ပစ်ခတ်ပြီးသောအခါမှ သေနတ်သံများက တိတ်သွားပြီး သူသည်လည်း ပုန်းနေရာမှ ထွက်လာနိုင်လေသည်။
သူသည် အလောင်းများကို နင်း၍ ဖြတ်လျှောက်လာခဲ့ရာ အခန်းတစ်ခန်းရှေ့သို့ ရောက်လာလေသည်။ သူရောက်နေသည့် အဆောက်အဦးက သုတေသနဌာနဖြစ်သဖြင့် မှန်များဖြင့်သာ ကာထားလေ့ရှိသော်လည်း သူ့မျက်စိရှေ့မှ အခန်းကမူ တံခါးအထူကြီးဖြင့် အသေပိတ်ထားပြီး အခြားအခန်းများထက် နှစ်ဆမျှ ကြီးနေသေး၏။ ဟိန်းထက်နေသည် ဗိုင်းရပ်စ်များ ရှိမည်အထင်နှင့် အနောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး အခန်းတံခါး၏ သော့ချက်ကို သေနတ်ဖြင့် တရစပ်ပစ်ခတ်သည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AcciónFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...