အခန်း ၃၁

1.1K 105 14
                                    

အခန်း ၃၁

"သူက နောက်တော့ အန်တီတို့ အလုပ်တွေ ကူလုပ်ပေးတယ်"

အမျိုးသမီးကြီးက ဆက်ပြောသည်။

စိုင်းလတ်သည် ပန်းချီဆရာ တစ်ယောက် ဖြစ်သည့်တိုင် သေချာကြည့်လျှင် သူ့လက်ဖဝါးပေါ်၌ အသားမာအချို့ကို တွေ့နိုင်ပြီး လက်မောင်းတွင်လည်း အနာရွတ်တစ်ခုက ရှိနေသေးသည်။ ထို့ကြောင့် သူတို့က စိုင်းလတ်ကို ဘော်ကျော့သူဌေးသားလေး မဟုတ်နိုင်ဟု ယူဆခဲ့ကြသည်။ စိုင်းလတ်က သူတို့ကို ကူညီချင်သည့်တိုင် မည်သည်ကိုမျှ တိတိပပ မလုပ်တတ်ပါချေ။ အများဆုံး လုပ်နိုင်သည်မှာ ထင်းခွဲပေးရုံလောက်၊ ပန်းကန်ခွက်ယောက်များ ဆေးကြောပေးရုံလောက်သာ။ ဤသို့ဖြင့်ပင် အချိန်တစ်လခန့်က ကုန်ဆုံးသွားခဲ့သည်။

တစ်ခုသော ညနေခင်း၊ ညစာစားပြီးသည့်အချိန်တွင် စိုင်းလတ်က သူတို့လင်မယားကို ပြော၏။

"ကျွန်တော် မနက်ဖြန်ကျရင် ပြန်ပါတော့မယ်၊ ဒီကြားထဲမှာ အဘတို့ ကူညီပေးတာကို ကျေးဇူးတင်ပါတယ်၊ သူများအိမ်မှာ ကပ်နေရတာလဲ မျက်နှာပူလှပါပြီ။"

"အို...မဟုတ်တာ၊ အားမနာပါနဲ့၊ မနက်ဖြန် ဘယ်လိုပြန်မလဲ။"

တံငါသည်ကြီး၏ ဇနီးဖြစ်သူက မေးရာ စိုင်းလတ်က ပြန်ဖြေသည်။

"မနက်ဖြန် ဆရာဝန်လေး လာတဲ့အခါ ကျွန်တော့်ညီလေးကို လာခေါ်ခိုင်းလိုက်မယ်။ အန်တီတို့အတွက်လဲ အဆင်ပြေအောင် ကျွန်တော့်ညီက စီစဥ်ပေးပါလိမ့်မယ်။"

တံငါသည်ကြီးသည် စိုင်းလတ်၏ စကားကို များစွာနားမလည်သော်လည်း ခေါင်းတဆတ်ဆတ် ညိတ်၍သာ တုံ့ပြန်သည်။ နောက်တစ်နေ့ နံနက်တွင် တံငါသည်ကြီးက ငါးဖမ်းထွက်ပြီး ဇနီးဖြစ်သူက ဈေးတွင် ငါးသွားရောင်းသည်။ စိုင်းလတ်နှင့် မောင်နှမနှစ်ယောက်က အိမ်တွင် ကျန်ခဲ့သည်။

"အဲ့ဒီနေ့က အန်တီက ဈေးသွားရောင်းတာ၊ ပြန်လာတော့ အိမ်မှာ လူတွေ အများကြီး ရောက်နေတော့တာပဲ၊ အဲ့ကြားထဲ ဖြစ်သွားတာကိုတော့ သမီးက ပိုသိတယ်"

အမျိုးသမီးကြီးက ရပ်လိုက်ပြီး သမီးဖြစ်သူကို လှည့်ကြည့်သည်။ မိန်းမပျိုလေးက သက်ပြင်းချလိုက်ပြီး ဆိုသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now