အခန်း ၂၂
"ခြံထဲ လိုက်စစ်ထား၊ ဒယ်ဒီ လုပ်စရာ ရှိသေးလို့။"
ဟိန်းထက်နေက ပြောရင်း စမစ်နှင့် ဝပ်ဆန်၏ လည်ပတ်ကြိုးကို ဖြုတ်ပေးလိုက်ရာ ခွေးနှစ်ကောင်က ခြံထဲ ဆင်းသွား၏။ သူက သူ့အနောက်နားတွင် ရပ်နေသော ကလေးမလေးကို တစ်ချက်လှည့်ကြည့်ကာ သူ့ခေါင်းကို ကုတ်လိုက်မိသည်။
"မင်း... ဗိုက်ဆာနေလား၊ တစ်ခုခု စားချင်လား။"
ကလေးမလေးက ခေါင်းတဆတ်ဆတ် ညိတ်သည်နှင့် သူက ဆိုဖာပေါ်တွင် ထိုင်စေပြီး ဖုန်းကို ယူကာ အရိပ်နက်ကို ဆက်သည်။
'ဆက်ခံသူ...ကျွန်တော် နားထောင်နေပါတယ်။'
"အိမ်ကို ခေါက်ဆွဲ နှစ်ပွဲနဲ့ ကလေးအင်္ကျီနည်းနည်း လာပို့ပေးလို့ရမလား။ ငရုပ်သီးမထည့်နဲ့၊ ကလေး စားမှာ။"
'ခေါက်ဆွဲက ရပါတယ်၊ ကလေးအင်္ကျီက ဘယ်အရွယ်လောက်လဲ။ မိန်းကလေးလား ယောကျ်ားလေးလား။'
"မိန်းကလေး၊ အမ်... အသက်က ဆယ့်တစ်နှစ်လောက်ပေါ့။"
'ဟုတ်ကဲ့။ ကျွန်တော် အခုပဲ လူလွှတ်ပေးလိုက်ပါ့မယ်။'
ဟိန်းထက်နေသည် ဖုန်းကို ချထားလိုက်ပြီး ကလေးမလေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မေး၏။
"မင်းအိမ်က ဘယ်မှာလဲ။"
"....."
"မင်းအဖေအမေကရော။"
သူ မေးသမျှကို ကလေးမလေးက မတုန့်ပြန်သည့်အခါ ဟိန်းထက်နေက စိတ်ညစ်သွားပြီး သူ့ခေါင်းသူ တဗျင်းဗျင်း ကုတ်သည်။
"ကျစ်.. မင်း စကားပြောတတ်တယ်မလား။"
အချိန်အနည်းငယ် ကြာသောအခါ အနက်ရောင် ကားတစ်စီးက စိုင်းလရောင်၏ အိမ်ရှေ့တွင် ရပ်သွားပြီး လူတစ်ယောက်က အစားအသောက်နှင့် အင်္ကျီများ လာပို့ပေး၏။
"ရော့...ခေါက်ဆွဲပူပူလေး စားလိုက်။"
ဟိန်းထက်နေက အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲနှစ်ပန်းကန်ကို ယူလာပြီး ကလေးမလေးရှေ့သို့ တစ်ပန်းကန် တိုးပေးသည်။ ကလေးမလေးသည် ခေါက်ဆွဲပန်းကန်ကို သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး တူကို ဖောက်လိုက်ကာ ဖြည်းဖြည်းချင်း စားနေလေသည်။ ကနဦးက ဟိန်းထက်နေသည် ဤစုတ်တီးစုတ်ပဲ့ ကလေးမလေးသည် ဆာလောင်လွန်း၍ ရလာသည့်အစားအစာကို အငမ်းမရ စားလိမ့်မည်ဟု ထင်ထားသော်လည်း လက်တွေ့တွင်မူ ဣန္ဒြေရရ စားနေလေရာ မျက်ခုံးပင့်၍ ကြည့်နေမိသည်။ သူ့ပန်းကန်ထဲမှ ခေါက်ဆွဲကုန်သွားသည်နှင့် ဟိန်းထက်နေ၏ ပန်းကန်ကို စိုက်ကြည့်နေသဖြင့် ဟိန်းထက်နေက သူ့ပန်းကန်ကိုပါ တိုးပေးသည်။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...