အခန်း ၅၆
ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လျက်။ သူရိယဂိုဏ်း၏ သင်္ချိုင်းမြေတွင် အစောင့်တာဝန်ကျသော ဂိုဏ်းသားလေးမှာ ငိုက်မျဉ်းလျက်၊ လေတိုးသံသဲ့သဲ့နှင့် သစ်ရွက်များ ပွတ်လိုက်လိုက်သည့်အကြိမ်တိုင်း ထွက်လာသည့် အသံများမှာ သင်္ချိုင်းမြေကို ပို၍ ခြောက်ခြားစေသည်။ ထိုအချိန်မှာပင် ဝင်ပေါက်ရှေ့သို့ ကားအနက်ရောင်တစ်စီးက ဝှီးခနဲ ထိုးရပ်သည်။ ကား၏ အရှိန်က များလွန်း၍ အစောင့်ကလေးမှာ ချက်ချင်းပင် မျက်ဝန်းများ ပြူးကျယ်လာတော့သည်။
ကားပေါ်မှ ပိုးသားခပ်ပျော့ပျော့ ရှပ်အင်္ကျီအဖြူကို ဘောင်းဘီရှည်အနက်ရောင်ထဲ ထည့်ဝတ်ထားပြီး ကုတ်အင်္ကျီအရှည်တစ်ထည် ထပ်၍ ဝတ်ဆင်ထားသည့် မိန်းမငယ်တစ်ယောက်က ယိုင်နဲ့စွာ ဆင်းလာသည်။ သူ့မျက်နှာနုနုကမူ နှုတ်ခမ်းဆိုးဆေးနှင့် အခြားအခြားသော မိတ်ကပ်များလိမ်းခြယ်ရန် မအားလပ်နိုင်သည့်အလား ပကတိ ပင်ကိုမျက်နှာပြောင်ဖြင့်၊ သူ့ထံမှ ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်က ခြေလှမ်းလိုက်တိုင်း ထွက်ပေါ်လာလေရာ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ပို၍ပင် ခြောက်ခြားစေသည်။ အစောင့်သည် ချက်ချင်း ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်သည်။
"ဘယ်သူလဲ။ ဒါ သင်္ချိုင်း။ ပြန်တော့။"
"အငယ်တန်း လက်ရွေးစင် ရွက်နုဝေ။ အိမ်တော်ထိန်းဟောင်းကို လာဂါရဝပြုတာပါ။"
မိန်းမငယ်လေးထံမှ အနည်းငယ် အက်ရှနေသော်လည်း ရိုကျိုးဟန် ရှိသည့်အသံက ထွက်လာပြီး ကုတ်အင်္ကျီအတွင်းမှ ကတ်တစ်ကတ်ကို အစောင့်ထံ ပေးသည်။ အစောင့်သည် ကတ်ကို ကွန်ပျူတာဖြင့် စစ်ဆေး၍ မှတ်တမ်းတင်လိုက်ပြီး ရွက်နုဝေကို ပြန်ပေးသည်။
"အမြန်လုပ်ပါ.. ညီမ။ မနက်ငါးနာရီဆို ကျွန်တော့်အချိန်ပြည့်ပြီ။"
"နားလည်ပါပြီ။ ကျေးဇူးပါပဲ။"
ရွက်နုဝေသည် အစောင့်ကို ခပ်ယဲ့ယဲ့ ပြုံးပြကာ သင်္ချိုင်းအတွင်းသို့ ခပ်ဖြည်းဖြည်း ဝင်လာခဲ့သည်။ မီးတိုင်များမှ အလင်းက ဖြာကျနေပြီး အေးစိမ့်နေသည့် လေညင်းက တစ်ချက်တစ်ချက် ဆော်သွေးတတ်သေးသည်။ ရွက်နုဝေသည် သူ့ဖခင်ကို မြှုပ်နှံထားသည့် မှတ်တိုင်ရှေ့အထိ လျှောက်လာပြီးနောက် စိတ်ပျက်အားလျော့စွာ ဒူးထောက်ထိုင်ချသည်။ သူက အပေါ်ထပ် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကျောက်သားအနက်ရောင်ကြမ်းခင်းပေါ်သို့ ပစ်ချလိုက်ကာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ရင်း ရှိုက်ငိုနေမိသည်။ သူ ဝတ်ဆင်ထားသည့် ပိုးသားပျော့ပျော့ ရှပ်အင်္ကျီအဖြူလေးမှာ လျော့ရဲလျက်၊ နက်မှောင်နေသည့် ဆံနွယ်တို့မှာ မင်ရည်များ လောင်းချထားသည့်လား အနှီအင်္ကျီအဖြူပေါ်တွင် နေရာယူထား၏။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...