အခန်း ၂၄
အရုဏ်ဦးအချိန်၌ ဟိန်းထက်နေသည် သတ္တိကို သွားကြည့်ရမည်ဟူသော အသိကြောင့် ဖျတ်ခနဲ နိုးလာ၏။ သူက မီးခလုတ်ကို စမ်း၍ ဖွင့်လိုက်ပြီး သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ အိပ်ပျော်နေသေးသော စိုင်းလရောင်ကို ကြည့်နေမိသည်။ စိုင်းလရောင်က သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
Red Moon ၏ ခေါင်းဆောင်က သူရိယဂိုဏ်း ဆက်ခံသူ၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ တင်းတင်းကြပ်ကြပ် ဖက်အိပ်နေသည်က အနည်းငယ် ကသိကအောက် နိုင်လှသော်လည်း ဟိန်းထက်နေကမူ သဘောအကျကြီး ကျနေမိသည်။ သူသည် စိုင်းလရောင်၏ နားရွက်ဖုံးနေသော ဆံနွယ်လေးများကို လက်ဖြင့် ထိုးဖွရင်း အတွေးများနေ၏။
ယခုဆိုလျှင် မီးလျှံဂိုဏ်းသည် သူရိယဂိုဏ်းကို ထိပါးလာသည်မှာ ဒုတိယအကြိမ် ဖြစ်လာပြီး အကြိမ်တိုင်းလည်း သေသေချာချာ ပြင်ဆင်ထားခဲ့သည်ချည်းသာ။ ပထမအကြိမ် သူ့ကို လုပ်ကြံစဥ်ကလည်း မရဏမီးတောက်အဆိပ်ကြောင့် သူရော စိုင်းလရောင်ပါ သေလုမြောပါး ဖြစ်ခဲ့ရပြီး ယခု ဒုတိယအကြိမ်တွင်လည်း သတ္တိ၏ အခြေအနေက သေမလား ရှင်မလားပင် ပြောရခက်လှသည်။ ဟိန်းထက်နေသည် ခုတင်ပေါ်မှ ဖြည်းညင်းစွာ ထလိုက်ပြီး သတိထား၍ ဆင်းကာ ဘီးတပ်ကုလထိုင်ပေါ် ထိုင်၍ သတ္တိ၏ အခန်းရှိရာသို့ ထွက်လာခဲ့လေသည်။
သူသည် သတ္တိ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးဘီးကို လိမ့်ကာ ခုတင်နားသို့ တိုးကပ်သွား၏။ ခုတင်နံဘေးတွင် ထိုင်ကာ သတ္တိနှင့် စကားပြောနေသော ဟိန်းတေဇက သူ့ကို လှည့်ကြည့်လာပြီး နှုတ်ဆက်သည်။
"မင်း နိုးလာပြီလား။"
"အင်း...ဦးလေးသတ္တိ သတိရပြီလား၊ ကျွန်တော် လာကြည့်တယ်။"
ဟိန်းထက်နေက ဖျော့တော့လှသော မျက်နှာထက်ဝယ် ခပ်ဖျော့ဖျော့ အပြုံးဖြင့် သူ့ကို ကြည့်နေသော သတ္တိကို လှမ်းပြောသည်။ သတ္တိက ခေါင်းညိတ်၍ ကိုယ်ကို အနည်းငယ် မတ်လိုက်ကာ အက်ရှနေသော လေသံဖြင့် ပြော၏။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...