အခန်း ၅၄

1.1K 77 27
                                    

အခန်း ၅၄

မြတ်လွင်သည် သူ့ကို ဂရုမစိုက်ဘဲ ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ ကုလားထိုင်လက်ရန်းကို လက်ချောင်းများဖြင့် ခပ်ဖွဖွ တောက်နေသော အမျိုးသားကို ကြည့်နေမိသည်။ သူတို့နှစ်ဦးကြားတွင် စာကြည့်စားပွဲတစ်ခုသာ ခြားသော်လည်း ထိုအမျိုးသားက သူ့ကို မော့ပင်မကြည့်၊ သူကသာ မတ်တပ်ရပ်လျက် ငုံ့ကြည့်နေရသည်။ အလင်းမဲ့ဂိုဏ်း၏ ခေါင်းဆောင်က သူနှင့် တွေ့သည့် အကြိမ်အရေအတွက်က နည်းပါးလှပြီး တော်ရုံကိစ္စကိုလည်း မသိချင်ယောင် ဆောင်နေတတ်သည်။ ထို့ကြောင့် ခေါင်းဆောင်ဖြစ်သူ၏ စိတ်နေသဘောထားနှင့် အကျင့်စရိုက်ကို သူလည်း သိပ်နားမလည်ပေ။ သိင့သော် တွေ့သည့်အချိန်တိုင်းက အိမ်တစ်လုံး၏ စာကြည့်ခန်းထဲတွင်သာ ​ဖြစ်ပြီး စကားပြောပုံက ခပ်အေးအေးရှိ၍ အနေအေးသည့်စရိုက်ရှိသည်ဟု သူ ထင်သည်။ မြတ်လွင်က တိတ်ဆိတ်နေသော အခြေအနေကို စတင်ဖျက်စီးလိုက်သည်။ 

"ကျွန်တော်တို့ Red Moon ကို တိုက်ကြမလား။ ဒီအချိန်က အကောင်းဆုံးပဲ။ သူတို့အားနည်းနေတယ်။"

"မင်းဦးနှောက်တစ်ခြမ်းများ ပျက်သွားတာလား။"

ခေါင်းဆောင်ဖြစ်သူ၏ စကားကြောင့် မြတ်လွင်သည် မျက်မှောင်ကြုတ်သည်။ သူသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသော်လည်း ထုတ်မပြောဝံ့လေရာ လက်သီးကိုသာ ဆုပ်လိုက်ရသည်။ မျက်စိလျင်လွန်းသော ခေါင်းဆောင်က ချက်ချင်း သူ့အပြုအမူကို မြင်သွားပြီး ပခုံးများ လှုပ်ခါသည်အထိ ခပ်တိုးတိုးရယ်သည်။ ပြီးမှ အရယ်ရပ်လိုက်ကာ သူ့အတွေးများကို နားလည်သည့်အလား ပြောသည်။

"မီးလျှံဂိုဏ်းကို သူတို့ရှင်းတာ တစ်ပတ်မကြာဘူး၊ ဒါပေမဲ့ အပြင်လူက အခုမှ သိရတယ်။ အဲ့ကိစ္စမှာ Red Moon က အထိနာဆုံးပဲဆိုတာ မှန်တယ်။ စိုင်းလရောင်ရော ကျော်စွာရော ကောင်းကောင်း နလန်မထူနိုင်သေးတာလဲ ငါ သိတယ်။ ဒါပေမဲ့ သူ့နောက်မှာ သူရိယဂိုဏ်းတစ်ဂိုဏ်းလုံး ရှိသေးတာ မမေ့နဲ့။ စိုင်းလရောင်တစ်ယောက်တည်း ဆိုရင်တောင် မလွယ်ဘူး။ အခု ဟိန်းထက်နေက သူ့အတွက် နောက်ခံဖြစ်ပေးနေတော့ ကျားကို တောင်ပံတပ်ပေးလိုက်သလိုပဲ။"

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now