Book II (တစ်ကွက်မှားသော ကျား)
အခန်း ၂၉
အချိန်တစ်လက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သူရိယဂိုဏ်းရော၊ Red Moon ကပါ လူအင်အား အလုံးအရင်းဖြင့် ရှာဖွေခဲ့သည့်တိုင် နာရီတစ်လုံးကလွဲ၍ စိုင်းလရောင်၏ သတင်းအစအနကိုပင် မရရှိခဲ့ချေ။
စစ်ကိုင်းတံတားပေါ်တွင် ဂိုဏ်းနှစ်ဂိုဏ်း တိုက်ပွဲဖြစ်သည့်အချိန်မှ စ၍ တစ်လပြည့်သည့်နေ့တွင် Red Moon ၏ မိသားစုသင်္ချိုင်းတွင် စိုင်းလရောင်အတွက် ကမ္ဗည်းမှတ်တိုင် စိုက်ထူရန် အကြီးအကဲများနှင့် ကျော်စွာက ဆုံးဖြတ်ခဲ့သည်။
ဦးသူတော်ကမူ စိုင်းလရောင် သေဆုံးသွားပြီဟု အတည်ပြုသည့်နေ့ကတည်းက အိပ်ရာထဲ လဲသွား၏။ မြူနှင်းချိုက အနားတွင် ဂရုစိုက်ပေးနေခဲ့သော်လည်း သူ့အချစ်ဆုံး တပည့်ဖြစ်နေလေရာ အတော်လေး အချိန်ယူပြီးမှ လက်ခံနိုင်ခဲ့သည်။
လွန်ခဲ့သော လဝက်ခန့်ကပင် ဟိန်းထက်နေကို ဟိန်းတေဇက သူရိယဂိုဏ်းသို့ ပြန်ခေါ်သွားခဲ့သည်။ ကျော်စွာ နားလည်သလောက် ဟိန်းထက်နေ၏ အကျင့်စရိုက်အရဆိုလျှင် ထိန်းမနိုင်၊ သိမ်းမရလောက်အောင် သောင်းကျန်းကာ အလင်းမဲ့ဂိုဏ်းကို တိုက်ခိုက်လိမ့်မည်ဟု ထင်ခဲ့မိသော်လည်း ဟိန်းတေဇက မည်သို့မည်ပုံ စည်းရုံးလိုက်သည်မသိ၊ အနှီတဇွတ်ထိုးတဇောက်ကန်းလေးက တစ်ချက်မျှ မငိုဘဲ လိမ်လိမ်မာမာဖြင့် သူရိယဂိုဏ်းဆီ ပြန်သွားခဲ့သည်။
ထိုကလေး ပြန်ခါနီး ဦးသူတော်နှင့် သူတို့ကို လာရောက်နှုတ်ဆက်ပြီး စကားတစ်ခွန်း ပြောသွားသေးသည်။
"ကိုကို မသေသေးဘူး" ဟူ၍။
ထိုအချိန်တွင် သူသည် ဟိန်းတေဇ၏ ကလေးကို လိမ်လည်လှည့်ဖျားကာ မျှော်လင့်ချက်အမှားဖြင့် ရှင်သန်စေသည့် ဗျူဟာကို နားလည်သွားခဲ့သည်။ ဟိန်းထက်နေက စိုင်းလရောင်အပေါ် တွယ်တာလွန်းလေရာ အရုပ်ကြိုးပျက် မဖြစ်သွားစေရန် ဤကဲ့သို့ မဖြစ်နိုင်သည့် မျှော်လင့်ချက်မျိုး ပေးထားခဲ့ခြင်းပင်။ ကျော်စွာသည် ဟိန်းထက်နေကို 'မင်း အသိဝင်ပါတော့၊ ခေါင်းဆောင်က တစ်စစီ ပေါက်ကွဲသွားလို့ အလောင်းရှာမတွေ့တာ' ဟူ၍ ပြောပြလိုက်ချင်သည့်တိုင် ထိုကလေးငယ်၏ နောက်ဆုံးလက်ကျန် ရှင်သန်ခြင်း မျှော်လင့်ချက်လေးကို မဖျက်စီးရက်ပေ။
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
ActionFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...