အခန်း ၇၂

923 57 39
                                    

အခန်း ၇၂

"ခင်ဗျားတို့ လက်ထပ်ဖြစ်ခဲ့ကြလား။"

စိုင်းလရောင်က ဖြတ်မေးလိုက်ရာ ဟိန်းတေဇက သက်ပြင်းမျှင်းမျှင်း ချရင်း ခပ်ဖွဖွ ပြုံးကာ ခေါင်းခါသည်။

"မြတ်လွင်က ငါ့ကို ကယ်ထုတ်သွားမှန်း သိတဲ့အချိန်ကတည်းက သူက ငါ့နားမှာ အနီးကပ်နေပြီးတော့ ငါ့နောက်ကြောင်းကို ပြန်စုံစမ်းနေခဲ့တာ။ ငါကတော့ သူ့ကို ငါ့ကိုယ်ငါထက်တောင် ယုံနေခဲ့မိတယ်။ သူ ငါ့ကို တကယ်ချစ်ခဲ့တာလား၊ အလိမ်အညာလားဆိုတာ ငါ မသိဘူး။ သိလဲ မသိချင်ဘူး။ အဲ့ဒီအချိန်တွေက ငါ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တွေပဲ၊ သူနဲ့အတူမနက်စာစားတယ်၊ စာဖတ်တယ်၊ အလုပ်အတူလုပ်တယ်၊ မနက်မိုးလင်းလာရင် သူ့အတွက် မနက်စာပြင်ပေးပြီးတော့ ညကျရင် သူ အိပ်ပျော်သွားတဲ့အထိ စောင့်ပြီး သူ့အခန်းထဲမှာ သွားအိပ်တယ်။ အိပ်ခါနီးတိုင်း သူ့နဖူးလေးကို ခိုးနမ်းတယ်၊ သူ သိလားမသိလား ငါ မသိဘူး။"

"သူ သိမှာပါ။ တိုက်ခိုက်ရေးသမားတစ်ယောက်က မသိဘူးဆိုတာ ဖြစ်နိုင်လို့လား။"

"ဟင်း... သူ ငါ့နားမှာ အကြာကြီးနေပြီးမှ ငါရဲ့ ဇီဝလက်နက်တွေအကြောင်း သိသွားခဲ့တာ။ အဲ့ဒီအချိန်မှာ သူနဲ့မင်းနဲ့ တွေ့ပြီးနေပြီ။ ငါက သူ မိဘမဲ့ဂေဟာကို စိတ်ပြေလက်ပျောက် သွားတယ်ပဲ ထင်ပြီး လွှတ်ထားခဲ့မိတာ။ သူကတော့ သတ္တိနဲ့ ပေါင်းပြီး ငါ့ရဲ့ သုတေသနဌာနကို ရှာနေခဲ့တာ။"

ဟိန်းတေဇသည် ခပ်ဆွေးဆွေး ပြောသည်။ ပြောနေရင်းမှ သူ့အတွေးတို့က အတိတ်ဆီ ကူးလူးသွားခဲ့ပြန်၏။

***

တစ်ခုသော ညနေခင်းတွင် ဟိန်းဇေယျက သူ့အခန်းထဲ ဝင်လာပြီး စာချုပ်စာတမ်းအချို့ကို သူ့လက်ထဲ ထည့်ပေးသည်။

"ဒါက ဘာလဲ။"

ဟိန်းတေဇက ထိုင်နေရာမှ ထရင်း မေးလိုက်ရာ ဟိန်းဇေယျက စကားမဆိုဘဲ သူ့ရင်ခွင်ထဲ တိုးဝင်လာကာ သိုင်းဖက်သည်။

"မင်း ဘာဖြစ်တာလဲ။ ငိုချင်လို့လား။"

ဟိန်းတေဇသည် ဟိန်းဇေယျကို မေးမြန်းရင်း ပခုံးကို ကိုင်ကာ သူနှင့် မျက်နှာချင်းဆိုင်စေသော်လည်း ဟိန်းဇေယျက သူ့ခါးကိုသာ ကျစ်နေအောင် ဖက်ထားပြီး မျက်နှာကို သူ့ရင်ဘတ်နှင့်အပ်၍ တိုးဖွစွာ ရေရွတ်သည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now