အခန်း ၂၅

1.5K 134 37
                                    

အခန်း ၂၅

စိုင်းလရောင်က ရေခဲသေတ္တာကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း ပန်းသီးများကို ကြည့်နေမိသည်။ ယခင် ဟိန်းထက်နေရှိစဥ်က နှစ်ယောက်သား ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဖြင့် စိုပြည်ခဲ့သော အိမ်ကလေးသည် ယခုမူ တိတ်ဆိတ်ကာ ပျင်းရိငြီးငွေ့ဖွယ်အတိ။ သူသည် အကြောင်းပြချက် ရေရေရာရာ မရှိပါဘဲ ဟိန်းထက်နေကို သတိရမိလာပြန်သည်။

"ဟူး... မိုးတောင် ချုပ်နေပြီ။ ညစာလဲ မချက်တတ်ဘူး။"

သူက ရေခဲသေတ္တာကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး နီရဲနေပြီး အရည်ရွှမ်းသည့် ပန်းသီး သုံးလုံးကို ကြည့်ကာ ခေါင်းကို တဗျင်းဗျင်း ကုတ်သည်။

"ဟုတ်ပြီ...တကယ်တော့ ပန်းသီးကလဲ စားလို့ ကောင်းပါတယ်။"

စိုင်းလရောင်သည် ပန်းသီးသုံးလုံးကို ယူလာခဲ့ပြီး အသီးလှီးသည့် ဓားခပ်သေးသေး တစ်ချောင်းကို ယူ၍ ခုံပေါ် ထိုင်ကာ ပန်းသီးအခွံကို စနွှာတော့သည်။ နီရဲနေသည့် ပန်းသီးသည် အတော်လေး အရသာရှိမည့်ပုံ ပေါ်သော်ငြား အခွံခွာရသည်ကလည်း လက်ပေါက်ကပ်သည်။ အတန်ကြာမှ သူက ပန်းသီးတစ်လုံးကို ခဲခဲယဥ်းယဥ်း အခွံခွာလိုက်နိုင်၏။ သူည် ပန်းသီးကို တစ်ကိုက်ကိုက်လိုက်ပြီး တမြုံ့မြုံ့ဝါးကာ ပန်းသီး၏ ချိုမြမြ အရသာကို ခံစားနေမိသည်။ သူသည် အချိုမကြိုက်ပေ၊ ငယ်စဥ်ကတည်းက မိခင်ဖြစ်သူက "သားက အချိုတွေနဲ့ မတည့်ဘူး၊ အများကြီး မစားရဘူးနော်" ဟူသော စကားကြောင့် အကျင့်ပါသွားပြီး အချိုနှင့် အမှန်တကယ် တည့်သည်လား၊ မတည့်သည်လားပင် မသုံးသပ်နိုင်တော့ဘဲ မစားဘဲသာ နေခဲ့သည်။

ချွတ်~

စိုင်းလရောင်သည် တိုးသဲ့သဲ့ ကြားလိုက်ရသော ခြေသံကြောင့် အာရုံစိုက်၍ နားထောင်လိုက်မိသည်။ တစ်စုံတစ်ယောက်က သူ၏ ခြံတံခါးကို ကျော်ဝင်၍ အိမ်ထဲအထိပင် ကျူးကျော်လာဟန် တူပါသည်။ ထို့အပြင် ခြေကို ဖွ၍ သတိထားကာ အိမ်ကို လှည့်၍ ကြည့်ရှုနေဟန် တူသည်။ စိုင်းလရောင်သည် စားပွဲပေါ်တွင် ချထားသည့် ပန်းသီးအခွံခွာသည့် ဓားကို ကိုင်၍ ပန်းသီးကို တစ်စိတ်ချင်း စိတ်နေပြီး ​ခြေသံကို နားစွင့်နေမိသည်။

ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး Where stories live. Discover now