အခန်း ၆၃
ဟိန်းထက်နေ ထားခဲ့သည့် သက်တော်စောင့်လေးက စိုင်းလရောင်ကို Cynthia Group ရှေ့အထိ လိုက်ပို့သည်။ အချိန်မရွေး ဖုန်းဆက်ခေါ်နိုင်ကြောင်း၊ ပြန်လျှင်လည်း လာကြိုမည်ဖြစ်ကြောင်း၊ တစ်ယောက်တည်း လျှောက်မသွားရန် အတန်တန်မှာပြီးမှ ပြန်ထွက်သွား၏။
စိုင်းလရောင်က သူ့ရုံးခန်းရှိရာသို့ အထပ်သို့ တက်လာခဲ့ပြီး ရုံးခန်းထဲ ဝင်လာသည်။ သူက ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ချိတ်တွင် ချိတ်လိုက်သည့်အချိန်မှာပင် အပြင်ဘက်မှ ခွန်လျမ်းဖုန်နှင့် ကျော်စွာက အခန်းတံခါးကို ခေါက်ရင်း အသံပြုသည်။
"ဆရာ...ကျွန်တော် ခွန်လျမ်းပါ။"
"ဝင်လာခဲ့။"
စိုင်းလရောင်က အလုပ်စားပွဲတွင် ထိုင်ရင်း ဖြေသည်။ ခွန်လျမ်းဖုန်နှင့် ကျော်စွာက အခန်းထဲ ဝင်လာပြီး ခွန်လျမ်းက စကားစသည်။
"ခေါင်းဆောင်...ပြန်လာတာ ကြိုဆိုပါတယ်။"
"မင်းအိမ်ပြန်လာဖို့ အစီအစဥ်ရော ရှိသေးရဲ့လား။"
ကျော်စွာက သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း မေးသည်။ သူက ပြန်မဖြေဘဲ ရယ်သာရယ်နေသဖြင့် ခွန်လျမ်းဖုန်ကပါ မေးသည်။
"ကျွန်တော်တို့ဆီ ပြန်မလာဘဲ ဘယ်လိုဖြစ်ပြီး ဟိုကောင်...အဟမ်း...သူရိယဂိုဏ်းခေါင်းဆောင်နဲ့ ပါသွားတာလဲ။"
"အဲ့ဒါက...ငါတို့ လက်ထပ်လိုက်ပြီ။"
စိုင်းလရောင်က ရှက်ရယ်ရယ်လိုက်ပြီး မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်ကာ ပြန်ဖြေသည်။
"ဘာ..." "ဗျာ..."
ကျော်စွာနှင့် ခွန်လျမ်းဖုန်၏ အသံက ပြိုင်တူ ထွက်လာသည်။ စိုင်းလရောင်က သွားစွယ်ကလေးများ ပေါ်လာသည်အထိ ပြုံးရယ်ကာ ဆက်ပြောသည်။
"ထိုင်ဝမ်က ပြန်လာတဲ့နေ့ပဲ လက်ထပ်လိုက်ကြတာ။ နှုတ်တစ်ရာ စာတစ်လုံးဆိုတော့ လက်ထပ်စာချုပ်မှာ လက်မှတ်လေး ထိုးထားတာပါပဲ။ ဘာမှ သိပ်ထွေထွေထူးထူး မဟုတ်ပါဘူး။"
"ဒါဖြင့်ရင်လဲ မင်း သူ့ကို ခေါ်ပြီး ဂိုဏ်းကို ပြန်လာခဲ့ပါလား။ ဘာလို့ သူရိယဂိုဏ်းကို လိုက်သွားရတာလဲ။ မင်းကို သူတို့က နှိမ်တာမျိုး၊ အနိုင်ကျင့်တာမျိုး လုပ်ရင် သည်းမခံနဲ့နော်။ မင်းနောက်မှာ Red Moon တစ်ခုလုံး ရှိတယ်။"
YOU ARE READING
ညဉ့်အမှောင်ယံရဲ့ ပိုးစုန်းကြူး
AcciónFirefly at the Darkest Night ညဉ့်သန်းခေါင်ယံသည် အထီးကျန်ဆန်ကာ မှောင်မိုက်လွန်းလှသည်။ မှောင်မိုက်မှုက ကြီးစိုးသောအခါ ပိုးစုန်းကြူး၏ အလင်းရောင်ကိုပင် စွဲစွဲလမ်းလမ်း ခုံမင်နှစ်သက်တတ်ကြပြန်သည်။ တစ်စုံတစ်ယောက်၏ မှောင်မိုက်ကာ အဆုံးမရှိဟု ထင်သော အထီးကျန်မ...