Part 12

5.5K 670 12
                                    

အပိုင်း (၁၂)
သာမန်မဟုတ်သည်ကိုမပြောသင့်

နန်းကွမ် သူ၏ရှည်လျားသောလက်ရုံကို ခါလိုက်ပြီး ...

"ဘာအပြစ်လဲ ဟုတ်လား ... မင်းဒီနေ့ ရွှေစ ၁၀၀၀ ဖြုန်းပစ်လိုက်တယ်လေ အဲဒါအပြစ်မဟုတ်ဘူးလား"

သခင်မကြီး မကြားလိုက်မှာစိုးရိမ်သောကြောင့် သူ၏လက်ကိုဆန့်လိုက်ပြီး ချဲ့ကားပြောဆိုသောအသံနှင့် ...

"ရွှေစ ၁၀၀၀ !"

ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်သွားပြီး နန်းကွမ် သူ၏စိတ်ထဲတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ ခန်းမထဲရှိ လူအားလုံး ရပ်တန့်သွားပြီး သူ၏အမေသည်လည်း ပထမဇနီး၏ နာခံမှုမရှိသောသမီးကို စည်းကမ်းချမှတ်လိမ့်မည်ဟု ထင်မှတ်လိုက်သည်။

ခဏကြာပြီးနောက် သခင်မကြီးက ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်သည်။ သခင်မကြီးက သပိတ်လွယ်ငှက်ပုံ ထွင်းထားသော အစိမ်းရောင်လက်ဖက်ရည်ခွက်ကို နန်းကွမ် ထံသို့ အရှိန်ပြင်းစွာ ပစ်လိုက်သည်။ လက်ဖက်ရည်ခွက်မှာ နန်းကွမ် ခေါင်းကိုထိမှန်သွားပြီး လက်ဖက်ရည်နှင့် လက်ဖက်ရွက်တို့ သူ၏မျက်နှာထက်ပေကျံကုန်ပြီး ဘေးတွင်ရှိနေသော နန်းယန် ကို ဖိတ်စင်ကုန်သဖြင့် အဖေနှင့်သမီး နှစ်ယောက်လုံး ရှက်ရွံ့သွားလေသည်။

နန်းကွမ် လည်း ကြောင်အမ်းသွားပြီး ...

"အမေ !"

"ငါ့ကို အမေလို့မခေါ်နဲ့"

သခင်မကြီးမှာ အလွန်ဒေါသတကြီးဖြစ်နေသည်။

"အသုံးမကျတဲ့သားမိုက် .. နန်း အိမ်တော်ဆိုတာ ရှု တိုင်းပြည်မှာ ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိတဲ့ အိမ်တစ်အိမ်ပဲ ... ရွှေစ ၁၀၀၀လောက်လေးကို ဒီအထိရောက်လာပြီး ကျောင်းကျောင်းအာ က အပြစ်ကြီးလုပ်တယ်လို့ အော်ဟစ်နေတာလား ... ကျောင်းကျောင်းအာ ပျော်နေရသရွေ့ ရွှေစ ၁၀၀၀လောက်ကို နေ့တိုင်းသုံးနေလည်း ကိစ္စမရှိဘူး"

"ဟုတ်တယ် ဦးလေး ၃ ... ရွှေစ ၁၀၀၀ က သမီးတို့အတွက် ဘာမှမဟုတ်ဘူး"

နန်းပေါင်ကျူး လည်း သူမအိတ်ထဲမှ ရွှေစ ၂ထောင်တန်သော ငွေစက္ကူတို့ကို ထုတ်လိုက်ပြီး ...

"ဒီလောက်ကရော အရမ်းများနေလား"

နန်းကွမ် သွေးအန်လုနီးပါးပင် ဖြစ်သွားရသည်။ တူမဖြစ်သူက ဘာကြောင့် ရွှေစ ၂ထောင်ကို လွယ်လွယ်ကူကူထုတ်နိုင်ရတာလဲ။ သူ၏သမီးကလည်း ရွှေစ ၁၀၀၀ ကို ဘာကြောင့် လွယ်လွယ်ကူကူသုံးနိုင်ရတာလဲ။ သူ၏မိသားစုက ချမ်းသာသည်ဆိုသော်လည်း သူကဘာကြောင့် ရွှေစ ၂၀၀ပဲ ရနေတာလဲ။

မတရားပေ။

အလွန်မတရားရာကျလွန်းသည်။

နန်းယန် ၏ လှပသောမျက်နှာထားမှာလည်း ပျက်ယွင်းသွားလေသည်။ သူမသည်လည်း သခင်မကြီး၏ မြေးတစ်ယောက်ဖြစ်ပါလျက်နှင့် ဘာကြောင့်များ နန်းပေါင်ရီ နှင့် နန်းပေါင်ကျူး တို့က အိမ်ထဲတွင် စည်းစိမ်ပြည့်ဝစွာ နေထိုင်ရချိန် သူမက လက်ဆောင်တစ်ခုဝယ်ယူရန်အတွက် ဈေးဆစ်နေရတာလဲ။ သူမ မနာလိုစိတ်များ ပြင်းထန်လာသည်။

ရုတ်တရက် သူမတစ်ခုခုကိုတွေးမိသွားပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ ရိုးသားချိုသာသောအသံနှင့် ....

"ဘွားဘွား .. အစားအစာတိုင်းက အရသာရှိပါတယ် ရင့်တဲ့အသီးအရွက်တွေကလည်း နုတဲ့အသီးအရွက်တွေလို ချိုမြပါတယ် သစ်လွင်တဲ့အဝတ်အစားကလည်း အဝတ်ဟောင်းလို နွေးထွေးမှုပေးနိုင်ပါတယ် လို့ ဆိုရိုးရှိပါတယ် .. ပြီးတော့ ဆိတ်ငြိမ်ခြင်းက အကျင့်စာရိတ္တကို ကောင်းမွန်စေပြီး ခြိုးခြံချွေတာခြင်းကလည်း အကျင့်သီလကို တိုးပွားစေတယ်လို့လည်း ဆိုရိုးရှိပါတယ် ... သမီးတို့တွေ ခြိုးခြံချွေတာပြီးနေထိုင်သင့်ပါတယ် ဘွားဘွား ဒါက ကောင်းမွန်တဲ့အလေ့အထတစ်ခုပါ"

အသက်အရွယ်ကြီးရင့်သူတို့သည် ခြိုးခြံချွေတာခြင်းကို နှစ်သက်တတ်ကြသဖြင့် နန်းယန် ထိုသို့ပြောလျှင် သခင်မကြီးကို စိတ်ကျေနပ်လိမ့်မည်ဟု ယူဆနေသည်။

နန်းပေါင်ရီ သခင်မကြီးလက်ထဲတွင်နေလျက် စိတ်အလိုမကျဟန်နှင့် နှုတ်ခမ်းစူလိုက်သည်။

နန်းယန် ရူးနေခြင်းဖြစ်လိမ့်မည်။ ချွေတာရန်ပြောနေသည်မှာ နန်း အိမ်တော်တွင်းတွင် မည်သို့သောလူများ နေထိုင်နေသည်ကို သူမမသိလေခြင်းလား။

နန်းပေါင်ရီ နူးညံ့စွာပင် ...

"ဒါပေမယ့် မမကလည်း ... ဘွားဘွားက အသက်ကြီးနေပြီလေ ဘွားဘွားရဲ့ဘဝတစ်လျှောက်လုံး ပင်ပန်းကြိုးစားလာခဲ့ရတာ ... အခုတော့ အနားယူပြီး အသီးအပွင့်တွေကို စံစားရမှာမဟုတ်ဘူးလား ပြီးတော့ ဘွားဘွားက နန်း အိမ်တော်ကို ပိုင်ဆိုင်တဲ့သူပဲ .. မမက ဘာကြောင့် ဘွားဘွားကို ချွေတာဖို့ပြောနေတာလဲ"

နန်းပေါင်ရီ က သခင်မကြီး၏လည်ပင်းကို ဖက်ကာ ...

"ဘွားဘွား .. ကျောင်းကျောင်း ကတော့ ဘွားဘွားကို ဒုက္ခခံပြီး မနေစေချင်ဘူး .. ဘွားဘွားက အစားအသောက်ကောင်းကောင်းလေးတွေ အများကြီးစားပြီး အလှဆုံးပိုးထည်ဝတ်စုံတွေ အများကြီးဝတ်ရမှာ ... ဘွားဘွားက ဒီကမ္ဘာမှာ အပျော်ရွှင်ဆုံး မိန်းမတစ်ယောက်ဖြစ်ရမယ်နော်"

သူမ၏ ချစ်စရာကောင်းစွာ စဉ်းစားပေးပြီး ပြောသောအသံကြောင့် သခင်မကြီး၏နှလုံးသားမှာလည်း အရည်ပျော်ရတော့သည်။ နန်းပေါင်ရီ ကို အသည်းယားစွာ ခေါင်းကိုအသာပုတ်လိုက်ပြီး ...

"ဘွားဘွားတို့က ချမ်းသာပြီးသား ချွေတာစရာမလိုဘူး ... အဓိပ္ပါယ်မရှိတဲ့သူ့စကားတွေ နားမထောင်နဲ့"

သို့သော်လည်း နန်းကွမ် က နန်းယန် စကားတို့မှာ ပို၍မှန်ကန်သည်ဟုတွေးမိသဖြင့် ခါးကိုမတ်လိုက်ပြီး ...

"အမေ .. ကျောင်းကျောင်း ကို ဆက်ပြီးအလိုမလိုက်သင့်ဘူး တကယ်လို့ ကြီးပြင်းလာတဲ့အခါ တစ်ကိုယ်ကောင်းဆန်ပြီး အကြင်နာတရားမရှိရင် ဒုက္ခဖြစ်လိမ့်မယ် .. ရွှေစ ၁၀၀၀နဲ့ အမေ့ကိုရော ကျွန်တော့်ကိုပါ ဘာမှတာဝန်မသိတတ်ဘဲ ဘယ်မှာသုံးဖြုန်းလိုက်လဲမှ မသိရတာ"

နန်းပေါင်ရီ လည်း အပြစ်ရှိသလို ခံစားရပြီး ...

"ဘွားဘွား .. ရွှေစ ၁၀၀၀ကို သမီးခက်ခက်ခဲခဲစုထားရပြီး အစ်ကို ၂အတွက် အရည်အသွေးကောင်းတဲ့ မင်ဖျော်ကျောက်ဝယ်ပေးလိုက်တာပါ ... အစ်ကို ၂လည်း စာတွေအများကြီးကြိုးစားလေ့လာနေရတော့ သူ့အတွက် မင်ကျောက်ကောင်းကောင်းတစ်ခုတော့ ဝယ်ပေးချင်လို့ပါ"

သခင်မကြီးလည်း အလွန်ပျော်သွားပြီး ဂုဏ်ယူဟန်နှင့် နန်းကွမ် ကိုကြည့်လိုက်သည်။

"ကျောင်းကျောင်း ကို တစ်ကိုယ်ကောင်းဆန်ပြီး အကြင်နာတရားမရှိဘူးလို့ ဘယ်သူပြောတာလဲ တခြားသူအတွက် စဉ်းစားပေးတတ်မှတော့ စာနာစိတ်ရှိတဲ့သူပဲမဟုတ်လား ... စကားကြီးစကားကျယ်တွေပြောပေမယ့် နှမြောတွန့်တိုပြီး နိမ့်ကျနေတဲ့အမြှောင်မယားရဲ့သမီးနဲ့ တခြားစီပဲ"

နန်းကွမ် မျက်နှာ မည်းနက်သွားသည်။ ယန်အာ က နှမြောတွန့်တိုတယ်လို့ ဘယ်သူပြောတာလဲ၊ ယန်အာ သည်သူ့အတွက် သစ်ကြားသီးအစာသွပ်ကိုပင် ဝယ်လာပေးခဲ့သည်။ နန်းပေါင်ရီ ကသာလျှင် အပြင်လူအတွက် ဝယ်ပေးခဲ့သည်။ ရွှေစ ၁၀၀၀နှင့် သူ့အတွက်ဝယ်ပေးခြင်းမဟုတ်ဘဲ ဘာမှမဟုတ်လှသောမင်တုံးကို နိမ့်ကျသောမွေးစားသားကို ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

ငွေကိုအလကားဖြုန်းတီးခြင်းပင်။

ရုတ်တရက် အစေခံတစ်ယောက်ဝင်လာခဲ့ပြီး ရိုသေစွာဖြင့် ...

"သခင်မကြီး .. ဒုသခင်လေးက ဂါရဝပြုဖို့ ရောက်လာပါတယ်"

ရှောင်းယီ က ယွိဝေ့ နှင့် ချန်ရှင်း တို့ကို ခေါ်လာခဲ့ပြီး ခန်းမတွင်းရှိနေသူတို့ကိုလျစ်လျူရှုကာ အေးစက်စက်နှင့် လေးစားသမှုပြလေသည်။

သူ၏ဘေးမှလိုက်လာသောမိန်းကလေးနှစ်ယောက်ကို သခင်မကြီးကြည့်လိုက်ပြီး ရှောင်းယီ က သူမကိုပြသရန် ခေါ်လာသည်ဟု ရိပ်မိလိုက်သည်။ ထိုမိန်းကလေးနှစ်ယောက်မှာ အလွန်လှပပြီး ကျက်သရေရှိသည်။ သူမတို့သည် ရှောင်းယီ ကို လမ်းမှားရောက်စေမည့်အသွင်မရှိကြသောကြောင့် သူ့ကို သေချာပြုစုပေးနိုင်ကြလိမ့်မည်။

သခင်မကြီးလည်း စိတ်အေးသွားကာ ထိုင်ရန်ခေါ်လိုက်ပြီး ပြုံးပြကာ ...

"ကျောင်းကျောင်း က မင်းကို မင်ဖျော်ကျောက်ပေးခဲ့တယ်လို့ကြားတယ်"

"ဟုတ်ပါတယ်"

"ရွှေစ ၁၀၀၀!"

နန်းကွမ် က ဝမ်းနည်းတွန့်တိုစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

ရှောင်းယီ လည်း လက်ဖက်ရည်သောက်လက်စနှင့် ရပ်တန့်သွားလေသည်။

ရွှေစ ၁၀၀၀ ? သူမရွှေစ ၁သောင်းသုံးခဲ့ရသည်ဟု ပြောခဲ့သည်မဟုတ်လား။ နောက်ပြီး သူ့ကို ငွေပြန်ဆပ်ရန် အမျိုးမျိုးနှောင့်ယှက်ပြောဆိုခဲ့သည်။

နန်းပေါင်ရီ ကို ရှောင်းယီ လှမ်းကြည့်လိုက်ချိန် သခင်မကြီး၏ပွေ့ဖက်မှုထဲကိုသာ တိုးဝင်နေပြီး မျက်နှာကိုသာ ကြောက်ကြောက်လန့်လန့်နှင့် ဖော်ထားလေသည်။

သူမ၏ ပန်းနုရောင်ဂါဝန်လေးမှာ လှုပ်ရှားနေပြီး ထောင့်အနားတစ်ဖက်က ခေါက်ဝင်နေသဖြင့် သေးငယ်သောအဖြူရောက်ခြေအိတ်လေးကို မြင်နေရသည်။ ထိုခြေအိတ်ပေါ်တွင်လည်း ရွံ့အနည်းငယ်ပေနေသည်ကို တွေ့လိုက်ရသည်။

ရှောင်းယီ က ပေါ့ပါးစွာဖြင့် ...

"လဲကျထားတာလား"

နန်းပေါင်ရီ လည်း သခင်မကြီးလက်ထဲမှ ခေါင်းဖော်လာပြီး လေးစားစွာကြည့်လျက် ...

"အစ်ကို ၂ က သေချာကြည့်တတ်တာပဲ"

ရှောင်းယီ စိတ်ထဲမှ ဆူပူကျိန်ဆဲလိုက်မိသည်။ နန်းပေါင်ရီ ဘယ်လိုကြောင့်များ ပြောင်းလဲသွားရသည့်အကြောင်းကို ရှောင်းယီ မသိသော်လည်း သူမအနှိပ်စက်ခံရန် သူ့ထံရောက်လာသည့်နေ့မှစ၍ သူမဘာပြောပြော ရှောင်းယီ ငြင်းဆန်ခြင်းမရှိခဲ့ပေ။

ရှောင်းယီ လက်ဖက်ရည်ခွက်လှည့်လိုက်သည့်အခါ အနောက်တွင်ရပ်နေသော ချန်ရှင်း က ချက်ချင်းသဘောပေါက်လိုက်ပြီး ...

"သခင်မလေးရဲ့ ကံကြမ္မာကောင်းက တစ်ယောက်ယောက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ ဒီလိုဖြစ်ရတာပါ"

ခန်းမတစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။ ချန်ရှင်း လည်း ခန်းမအလယ်ထဲသို့ လမ်းလျှောက်သွားကာ တစ်ယောက်ချင်းစီကိုကြည့်ပြီးနောက် နန်းယန် ဘေးတွင်ရပ်ကာ စကားဆက်ပြောလေသည်။

"မိန်းကလေးရဲ့ ကံကြမ္မာနဲ့ သခင်မလေး ၅ရဲ့ ကံကြမ္မာက ဆန့်ကျင်ဘက်တွေပါ .. အိမ်တော်ကို မိန်းကလေးစရောက်တဲ့နေ့မှာပဲ သခင်မလေး ၅ကို မကျေမနပ်ဖြစ်ခဲ့တာကြောင့် သခင်မလေး လဲကျရတာပါ .. မိန်းကလေးက အကြောင်းမလှတဲ့ကံတရားကို ရင်ဆိုင်ရပါလိမ့်မယ်"

နန်းယန် အသံတိတ်နေမိသည်။

သူမက ဘယ်သူ့ကိုများ မကျေမနပ်ဖြစ်ခဲ့တာလဲ။

သာမန်မဟုတ်သောဖြစ်စဉ်များကို အကြံပေးရန်မသင့်သော်လည်း ထိုသို့သောအကြောင်းအရာများသည် ယုံကြည်လျှင် အမှန်တကယ်ဖြစ်လာတတ်ပြီး မယုံလျှင်မဖြစ်လာပေ။

သခင်မကြီးလည်း သတိကြီးစွာထားပြီး ...

"သား .. အမေရော သမီးရော အိမ်တော်ထဲဝင်ခွင့်မရှိဘူးလို့ ဒီကအမေပြောတော့ မယုံခဲ့ဘူး အခုတွေ့ပြီမလား .. သားမောင်းမရဲ့သမီးက ကျောင်းကျောင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီ"

နန်းကွမ် လည်း ဒေါသတကြီးနှင့် ...

"အမေ ! ဒီလိုအစေခံရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ယုံနေတာလား"

"ကျွန်မ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ပါဘူး"

ချန်ရှင်း က ရိုသေစွာ ခါးညွှတ်လျက် ...

"သခင်မလေး ၅နဲ့ ဒီမိန်းကလေးတို့ရဲ့ ကံက ဆန့်ကျင်ဘက်တွေဖြစ်တာကြောင့် တစ်အိမ်တည်းအတူနေလို့မရပါဘူး ... တကယ်လို့ သခင်မကြီး ကျွန်မကိုယုံတယ်ဆိုရင် သခင်မလေး ၅ကို ဒုသခင်လေးနဲ့အတူတူနေစေဖို့ စီစဉ်သင့်ပါတယ် ..ဒုသခင်လေးရဲ့ ကံက ပြိုင်ဘက်ကင်းဖြစ်တာကြောင့် သခင်မလေး ၅ရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်"

သခင်မကြီးလည်း စဉ်းစားလိုက်ပြီးနောက် ...

"ဒါဆိုရင် ကျောင်းကျောင်းအာ ... သမီး အစ်ကို ၂ရဲ့ အဆောင်က ဟောင်းနွမ်းနေတော့ သူနဲ့အတူတူ ကျောက်ဝမ် ခြံကို ပြောင်းသွားလိုက် .. သမီးရဲ့အစ်ကိုက စာပေမှာထူးချွန်တယ်ဆိုတော့ သမီး သူနဲ့လိုက်သွားရင် ဘွားဘွားလည်း စိတ်ချရတယ်"

အာဃာတပြန်တမ်းWhere stories live. Discover now