Unicode
အပိုင်း (၁၅၅)
အစ်ကို ၂ ၊ ညီမလေး အရမ်းကြောက်တာပဲ“ဒေါ်လေး”
နန်းကွမ်နှင့် ရည်ငံနေသည့် မိန်းမပျိုက တကယ်တော့ သူ၏ဒေါ်လေး ဖြစ်နေသည်။ ချန်းတယ်ယွီက ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
သူငယ်စဉ် သူ့ဒေါ်လေး ချန်းအိမ်တော်မှာ နေစဉ်တုန်းက သူ့ကို ချီပိုးထိန်းကျောင်းခဲ့ဖူးပြီး စာရေးစာဖတ်လည်း သင်ပေးခဲ့သည်။
နောက်တော့ ဒေါ်လေးနှင့် သူ၏အမေက စကားများကြပြီး နောက်ဆုံးတော့ ဒေါ်လေးက ချန်းအိမ်တော်ကနေ ထွက်သွားခဲ့သည်။ သူတို့နှင့် အဆက်အသွယ် မရှိခဲ့တာ နှစ်အတော်ကြာပြီ ဖြစ်ပြီး အားလပ်ရက်တွေမှာသာ ပိုင်ယွမ်အိမ်တော်က သူမဆီကို သွားလည်ဖြစ်ခဲ့သည်။
ငယ်ဘဝ၏ မှတ်ဉာဏ်တွေအရ သူ့ဒေါ်လေးကို သူချစ်ခင်သည်။
မမျှော်လင့်ထားဘဲ….
သူ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်မိသည်။ သူ၏မျက်နှာက အစိမ်းရောင် သန်းလာပြီး တစ်ဖန် နီရဲလာပြန်သည်။
အချိန်အတန်ကြာမှ သူကချန်းယဲ့ရူကို ဦးညွှတ် နှုတ်ဆက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။
“ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ ဒေါ်လေး … ဒီတူလေးက အမှတ်တမဲ့ စော်ကားမိပါတယ်၊ အပြစ်မယူပါနဲ့၊ ကျွန်တော်လာခဲ့တာက ကြားထဲမှာ နားလည်မှုလေး နည်းနည်း လွဲသွားလို့ပါ”
လျိုရှောင်မုံ့နှင့် နန်းယန်က သူ၏ရိုကျိုးလှသည့် အမူအရာကို ကြည့်ပြီး စိတ်ထဲမှာ အေးခဲသွားကြသည်။
သူတို့က ချန်းယဲ့ရူကို ကြည့်လိုက်သည်။ ဒီမိန်းမက တကယ်ကြီး ဘုရင်ခံချန်း၏ ညီမငယ်သာဆိုရင် သူမတို့တော့ အသတ်ခံရတော့မည်ပင်။
လျိုမိသားစုက သူမကို မိန်းမပျက်လို့ ခေါ်ခဲ့ရုံတင်မက သူမ၏ မိသားစုတွေနှင့် ဆွေမျိုးစဉ်ဆက် ဆယ့်ရှစ်ဆက်ကိုလည်း စော်ကား ပြောဆိုခဲ့သည်။
လျိုရှောင်မုံ့၏ ကျောရိုးက အေးခဲတောင့်တင်းသွားပြီး သူ၏ဗိုက်ကိုကိုင်၍ မျက်လုံးတွေက မည်းမှောင်လာသည်။

YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...