part 156

3.2K 361 1
                                    

Unicode
အပိုင်း (၁၅၆)
ကောင်မလေးကို ငွေတွင်းတစ်တွင်းပေးလိုက်တယ်
သိသိသာသာကိုပဲ သူကကြမ်းတမ်းပြီးအဆင့်အတန်းမရှိတဲ့သူဖြစ်ပေမယ့် ပညာတတ်တစ်ယောက်လို အတုခိုးပြီး ပြောဆိုချင်နေသည်။
သို့သော်လည်း သူခိုးမျက်လုံးတစ်စုံကတော့ နန်းပေါင်ကျူးရဲ့ အနည်းငယ်ထွက်နေတဲ့ ရင်အုံကို ချောင်းကြည့်နေသည်။
သူ့ရဲ့အမေကပြောသည်။ သူ့ရဲ့ယောင်းမက ရူနိုင်ငံရဲ့အချမ်းသာဆုံးအိမ်တော်က သခင်ကြီးနဲ့ အိမ်ထောင် ကျနေပြီဖြစ်တာကြောင့် အကျိုးအမြတ်ရယူရမည်ဟုပြောသည်။ တကယ်လို့သူက နန်းယန်ရဲ့ ညီမလေး နဲ့သာ လက်ထပ်နိုင်မယ်ဆိုရင် သူ့ဘဝတစ်လျှောက်လုံးပူစရာမလိုတော့ပေ။
နန်းပေါင်ကျူးက ပါးစပ်ထဲမှာ ပန်းပွင့်ကိတ်မုန့်ကို ကိုက်ထားပြီး စကားပြန်မပြောပါချေ။ နိုင်ဝမ်ကျိုးက သူမရဲ့ရှေ့ကို ဝင်ရပ်လိုက်သည်။
သူကခေါင်းကိုမော့ပြီး လျိုဒုန်ဖန်ကို ဆွဲဆောင်မှုရှိစွာကြည့်လိုက်ပြီး “မင်းကတော့ လူမှားကပ်မိတာပဲ”
သူကနုနုရွရွနဲ့ အဆင့်အတန်းမြင့်မြင့် မွေးဖွားလာခဲ့သူဖြစ်ပြီး သူ့ရဲ့မျက်လုံးတွေက ကြင်နာတတ်ဟန် ရှိသည်။ လျိုဒုန်ဖန်က အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ရဲ့မျက်နှာကို ကိုင်ကြည့်ချင်စိတ်ကို ထိန်းမရနိုင် ချေ။
“မင်းက နန်းယန်ရဲ့ တဝမ်းကွဲညီမလေးဖြစ်မယ်ထင်တယ်”
နိုင်ဝမ်ကျိုးက ပြုံးပြီး သူ့ရဲ့လက်တွေကို လိမ်ကျစ်လိုက်သည်။
“ဒုတ်” ဆိုတဲ့အသံနဲ့အတူ လျိုဒုန်ဖန်ရဲ့ လက်ကောက်ဝတ်က အဆစ်လွဲသွားတော့သည်။
သူက ရုတ်တရက် ဝက်တစ်ကောင်လို စူးရှစွာအော်လိုက်ပြီး ကြမ်းပြင်ပေါ်မှာလှိမ့်နေပြီး လက်တွေကတော့ တွဲလောင်းကျနေသည်။ အရမ်းကိုနာကျင်နေပြီး ပန်းပွင့်ခန်းမတစ်ခုလုံးက လည်နေသလိုပင်။
နိုင်ဝမ်ကျိုးက သူ့ရဲ့လက် ညစ်ပတ်သွားသလိုမျိုး သုတ်လိုက်ပြီး “ငါမျက်စိရှေ့ကို ထပ်ပြီးပေါ်လာရဲရင် မင်းရဲ့မျက်လုံးတွေကို နောက်ဘဝကို မြင်သွားအောင် နှိုက်ထုတ်ပစ်မယ်၊ အခုကစပြီး ငါမင်းကို စောင့်ကြည့်နေမယ်”
အစ်မလျိုက ငိုကြွေးပြီး လျိုဒုန်ဖန်ကိုဖက်ထားသည်။ သူမက လျိုရှောင်မုံ့ကိုရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်ပြီး ပြောသည်။
“နင့်ရဲ့တူက အရိုက်ခံရတာကို နင်က ဒီမှာဟာသလိုရပ်ပြီး ကြည့်နေရလား၊ ကောင်းပြီ၊ အိမ်ထောင်ကျသွားတဲ့သူအတွက်ကတော့ထားပါတော့၊ နင့်အစ်ကို့ ကိုတော့ ထည့်တွက်သင့်တယ်၊ သခင်မ ၃ ဖြစ်သွားပြီဆိုပြီးတော့ ဘာလို့အစေခံတစ်ယောက်လောက်တောင် အဖြစ်မရှိရတာလဲ?”
လျိုရှောင်မုံ့က ကသိကအောက်ဖြစ်သွားရသည်။ နန်းသခင်မကြီးရဲ့အမြင်မှာရော သူမက အစေခံလောက်တောင် အဖြစ်မရှိဘူးလား?
သူမက သည်းမခံနိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတော့သည်။
“ငါက နန်းအိမ်တော်က တတိယဇနီးမဟုတ်ဘူး၊ နင်ပြဿနာရှာလို့ဝပြီဆိုရင် ထွက်သွား”
“အိုး.. လျိုရှောင်မုံ့ နင်ကလိမ်ပြောနေတုန်းလား?”
အစ်မလျိုက သူမရဲ့လက်ကောက်ဝတ်ကို လိမ်ချိုးလိုက်ပြီး သူမရဲ့ရှေ့ကိုလျှောက်လာသည်။
သူမရဲ့နဖူးနဲ့ ထိနိုင်တဲ့အထိတိုးလာပြီး “နင်က လျိုအိမ်က သမီးတစ်ယောက်ပဲ၊ နန်းအိမ်တော်ရဲ့ ဇနီးမယားတစ်ယောက် ဖြစ်နေပြီဆိုတာက အရမ်းကောင်းတာမဟုတ်ဘူးလား? ရွှေစငါးထောင်မှ မပေးရင် ၊ မဟုတ်သေးဘူး ရွှေစတစ်သောင်းမှမပေးရင် ဒီနေ့ ဒီနေရာက ငါတို့သွားမှာမဟုတ်ဘူး”
လျိုရှောင်မုံ့က နန်းယန်ကိုကိုင်လိုက်သည်။ နန်းယန်ရဲ့ လှပတဲ့မျက်နှာလေးက ဖြူဖျော့သွားရသည်။ သူမရဲ့ဗိုက်က ပြင်းပြင်းထန်ထန်ကို နာလာပြီး မတ်တပ်တောင်မရပ်နိုင်တော့ပါချေ။ သူမငယ်စဉ် ကတည်းက သူမတို့အိမ်က အလွန်ဆင်းရဲပြီး သူမကို နွေဦးကျောက်စိမ်းစံအိမ်ဆီကို ရောင်းစား လိုက်ကြသည်။
သူမက အိမ်ကိုပြန်သွားလည်တဲ့အခါမှာ သူမရဲ့ မိသားစုက ရေနံဆီမီးအိမ်တစ်လုံးမဟုတ်တာကို သိခဲ့သည်။ ထို့ကြောင့် သူမက သူတို့နဲ့ရင်းရင်းနှီးနှီး မနေခဲ့ပေ။ နောက်တော့ သူမက နန်းကွမ်ရဲ့ အပြင်ဆောင်မယားဖြစ်လာခဲ့ပြီး သူမရဲ့မိသားစုဆီကို မပြန်တော့ချေ။
ဓါးချက်ပေါင်းထောင်ချီနဲ့ သေရမဲ့ ဘယ်လိုကောင်မျိုးက သူမရဲ့ အစ်ကိုနဲ့ ယောင်းမကို သူမက သခင်မ ၃ ဖြစ်နေပြီဆိုပြီး နန်းအိမ်တော်ကိုလာဖို့ မြှောက်ပေးလိုက်သလဲမသိပါချေ။
သူမက တကယ် တတိယဇနီးဖြစ်နေရင်တော့ ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပေမယ့် ဇာတာခွင်က အခုထိမရေးရ သေးပေ။ သူမက ယောင်းမနဲ့ ရန်ဖြစ်ချင်ပေမယ့် နန်းယန်က သူမကို ဆွဲဆိတ်နေသည်။
နန်းယန်က မျက်လုံးတွေဝိုင်းသွားပြီး “ဖေဖေ၊ မေမေက ဗိုက်နာနေတာ သည်းမခံနိုင်တော့အောင် ဖြစ်နေပြီ၊ တစ်ခုခုဖြစ်သွားမှာကို သမီးကြောက်တယ်… ဖေဖေက မေမေ့ကို အခန်းကိုပြန်ခေါ်သွားပြီး လှဲဖို့ကူညီပေးပါလား၊ သမားတော်ကိုခေါ်ပြီး စမ်းသပ်ခိုင်းပေးပါ၊ ဗိုက်ထဲက ကလေးလေးကို မကာကွယ် နိုင်မှာ သမီးကြောက်တယ်”
လျိုရှောင်မုံ့က ဆွံ့အသွားပြီး ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သူက အလွန်အမင်းနာကျင်နေပုံဖြင့် “အား…” လို့နှစ်ခါအော်လိုက်ပြီး သူမရဲ့နဖူးကို ကိုင်ရင်း အားနည်းဟန်နဲ့ ကြမ်းပြင်ပေါ်ကို လှဲချလိုက်တော့သည်။
နန်းယန်က သူမကိုဖက်ပြီး သူမအမေကို ခေါ်ရင်း သည်းသည်းထန်ထန်ငိုကြွေးတော့သည်။ နန်းကွမ်က အချစ်သစ်တွေ့နေပြီဖြစ်ပေမယ့် ဆယ်နှစ်ကျော်ကြာအောင်ချစ်ခဲ့ကြတာကြောင့် လျိုရှောင်မုံ့ တစ်ခုခု ဖြစ်သွားမှာကို သူတကယ်စိတ်ပူသည်။
သူက အလျင်အမြန်ရှေ့ကိုတိုးသွားလိုက်ပြီး လျိုရှောင်မုံ့ကို ကောက်ပွေ့လိုက်သည်။
သူက အပြင်ဘက်ကို နှစ်လှမ်းလောက်ထွက်သွားပြီးမှ ချီတုံချတုံနဲ့ ချန်းယဲ့ရူကို ကြည့်ပြီး “ရူအာ….” လို့ ရေရွတ်လိုက်သည်။
ဒီနေ့က ရူအာအိမ်ကိုပထမဆုံးလာလည်တဲ့နေ့ဖြစ်သည်။ ဘာလို့သူက ဒီလိုပုံစံမျိုးပြေးလွှား နေရသည်လဲ?
ချန်းယဲ့ရူက ကြင်နာစွာပြုံးရင်း “ကိုယ်ဝန်က အရေးကြီးတယ်၊ ရှင်သူ့ကိုဂရုစိုက်ပေးလိုက်ပါ၊ ကျွန်မကို စိတ်မပူနဲ့”
သူမက အရမ်းကို စဉ်းစားတွေးတောတတ်သည်။ ထိုအရာက နန်းကွမ်ကို ပိုပြီး သဘောကျသွားစေသည်။
သူက ကျေးဇူးတင်စွာနဲ့ ခေါင်းကိုညိတ်လိုက်ပြီး ပန်းပွင့်ခန်းမကနေ အမြန်ထွက်သွားတော့သည်။
နန်းယန်က လျိုမိသားစုကို စိုက်ကြည့်ပြီး “ရှင်တို့လုပ်တာ ကျွန်မရဲ့အမေက ကိုယ်ဝန်ထိခိုက်လုနီးပါး ဖြစ်သွားရပြီ၊ ဘာလို့ဒီနေရာမှာ အရှက်မရှိ ရှိနေသေးတာလဲ? ဘာလို့ထွက်မသွားကြတာလဲ”
သူမနဲ့သူမအမေက အချေတောင်မကျသေးဘူး ဒီသွေးစုတ်မဲ့ဆွေမျိုးတွေကို ဝေးဝေးကိုမောင်းထုတ်ပစ် ရမည်။
“ဒီကောင်မလေးက ဘာအဓိပ္ပါယ်လဲ”
အစ်မလျိုက စိတ်ဆိုးပြီး ခါးထောက်လျက် ရန်တွေ့တော့သည်။
“ငါတို့က အဝေးကြီးကလာရတာ၊ ပြီးတော့နင်ကငါတို့ကို နှင်ထုတ်နေတယ်၊ ငါတို့က နင့်ရဲ့အဒေါ်တွေနဲ့ ဦးလေးတွေပဲ၊ နင်က ငါတို့ကို ဂါရဝတရားရှိရမှာ”
“ရှင်တို့…”
နန်းယန်က ပြန်လည်မချေပခင်မှာပဲ ချန်းယဲ့ရူက ရုတ်တရက် သူမကို ဟန့်တားလိုက်သည်။
“ငါမျှတအောင်လုပ်ပေးမယ်”
သူမက ရည်မွန်ပြီး သဘောထားကြီးပုံပေါ်သည်။ သူမက ကောင်းမွန်စွာဝတ်စားထားပြီး ချမ်းသာတယ်ဆိုတာက သိသာနေသည်။
အစ်မလျိုက သူမရဲ့နောက်ခံအခြေအနေကို ခန့်မှန်းလိုက်ပြီး ခခယယနဲ့ မျက်နှာချိုသွေးလိုက်သည်။
“ဒီမိန်းမပျိုလေးကမှ အဓိပ္ပါယ်ရှိသေးတယ်၊ ကျွန်မတို့မိသားစုတွေက နှင်းတောကိုဖြတ်ပြီး လာခဲ့ရတာပါ၊ ဒါပေမယ့် နန်းယန် ဒီသေသင့်တဲ့ကလေးမက ကျွန်မတို့ကို နှင်ထုတ်နေတယ်၊ အဲ့ဒါက တရားရဲ့လား”
ချန်းယဲ့ရူက ပြုံးလိုက်ပြီး “မိန်းကလေးနန်းယန်က ခနတော့စိတ်ဆိုးသွားမှာပေါ့၊ အဲ့ဒါကြောင့် သူက စကားပြောမတတ်တာ၊ ရှင်တို့က သူ့ရဲ့ အဒေါ်တွေ ဦးလေးတွေဆိုတော့ ကောင်းကောင်းဆက်ဆံရ မှာပေါ့၊ လျိုရှောင်မုံ့က ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အရှေ့ခြံမှာ နေကြရင်ပိုကောင်းမယ်၊ ပြီးတော့ သူ့ကို ဂရုစိုက်ပေးလိုက်ကြပါ၊ ဒါနဲ့ သခင်မကြီးရော ဘယ်လိုထင်လဲ?”
အဘွားအိုရဲ့ သူမအပေါ်အကြည့်က ပြောင်းလဲသွားသည်။ သူတို့အားလုံးက တစ်ကြိတ်တည်း တစ်ဉာဏ်တည်းဖြစ်တာကြောင့် သူမရဲ့အစီအစဉ်ကို ရုတ်တရက်သဘောပေါက်သွားသည်။
သူမက လက်မထပ်ရသေးတာကြောင့် ဒီတစ်ခေါက်မှာ လျိုရှောင်မုံ့ကို သန္ဓေသားနဲ့ ပက်သက်ပြီး အကျိုးအမြတ်ယူဖို့ အခွင့်အရေး မပေးလိုက်ရင် တတိယသားရဲ့စိတ်ထဲကို နေရာယူနိုင်ဖို့အတွက် ခက်ခဲသွားနိုင်သည်။
သို့သော်လည်း လျိုမိသားစုတွေက ဒီမှာနေမယ်ဆိုရင် လျိုရှောင်မုံ့ခေါင်းကိုက်ရတော့မှာဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ကို ဂရုစိုက်နိုင်ပါတော့မလဲ။
ထပ်ပေါင်းရရင်….
လျိုမိသားစုတွေက ပြဿနာတွေပိုလုပ်လေ လျိုရှောင်မုံ့ရဲ့ကလေးမွေးဖွားနိုင်ဖို့က မဖြစ်နိုင်လေ ဖြစ်မည်။ အဘွားအိုက လျိုရှောင်မုံ့ကိုမကြိုက်သလို သူဗိုက်ထဲက ကလေးကိုလည်း ထို့နည်းအတူပင်။ ထိုကလေး သာမွေးဖွားလာရင် တတိယသားက ကျောင်းကျောင်းကို ဂရုမစိုက်တော့မှာသေချာသည်။
သူမက အဓိပ္ပါယ်ရှိရှိပြုံးလိုက်ပြီး “ဒေါ်ကျိ၊ ရှေ့ခြံကိုသွားပြီး ဘေးခန်းနှစ်ခန်းကို ရှင်းပေးလိုက်ပါ။ အဆင်ပြေအောင် လျိုရှောင်မုံ့ရဲ့ ဘေးခန်းကိုစီစဉ်ပေးလိုက်”
အစ်မလျိုက ထိုကဲ့သို့ဆက်ဆံခံရတဲ့အခါ အရမ်းကို ပျော်ရွင်သွားသည်။ အရင်ဘဝက ဆုတောင်း ကောင်းခဲ့လို့ပဲဖြစ်ရမည်။ မိသားစု လေးယောက်လုံးက ပျော်ရွှင်စွာနဲ့ အရှေ့ခြံကို အဒေါ်ကျိရဲ့နောက်ကနေ လိုက်သွားကြတော့သည်။
နန်းယန်ရဲ့လက်တွေနဲ့ ခြေထောက်တွေက အေးခဲသွားသည်။ သူမက နူတ်ခမ်းကို ပြင်းပြင်းကိုက်လိုက်ပြီး လိုက်သွားတော့မဲ့အချိန်မှာ အဘွားအိုက လက်ဖက်ရည်ခွက်ကို ပန်းပွင့်စားပွဲပေါ် ချလိုက်သည်။
“နန်းယန် လက်မထပ်ခင်မှာ မင်းက အပြင်လူနဲ့ပေါင်းပြီး မိသားစုကို လျှို့ဝှက်ကြံစည်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် မရှက်ဘူးလား”
နန်းယန်ရဲ့မျက်နှာက ကြမ်းတမ်းသွားသည်။
အဘွားအိုက အသံပြင်းပြင်းနဲ့ ဆက်ပြောလာသည်။
“ဘိုးဘွားကမ္ဗည်းတိုင်ဆောင်မှာ ဒူးထောက်ပြီးအပြစ်ပေးဖို့ ငါစဉ်းစားထားတယ်၊ မင်းငြင်းချင်လား”
နန်းယန်ရဲ့ခေါင်းက အောက်စိုက်သွားပြီး “ဒီမြေးက မငြင်းရဲပါဘူး”
ချက်ချင်းပဲ အစေခံနှစ်ယောက်က သူမကို ဘိုးဘွားကမ္ဗည်းတိုင်ဆောင်ကို ခေါ်သွားကြသည်။
နန်းပေါင်ရီက ရှောင်းယီရဲ့လက်မောင်းတွေကြားထဲက ထွက်လာပြီး သူမတိတ်တဆိတ်ထွက်သွားတာကို ကြည့်နေသည်။ သူမရဲ့ နူတ်ခမ်းတွေကကော့တက်သွားကြသည်။
ဒီည စီးချင်းထိုးပွဲမှာ သူမက အပြည့်အဝအနိုင်ရလိုက်သည်။
လျိုမိသားစုရဲ့အကြီးတွေက ခေါင်းမာကြဖို့ သူမမျှော်လင့်သည်။ သို့မှသာ လျိုရှောင်မုံ့ကို ဒုက္ခပေးနိုင်မည် ဖြစ်သည်။
အကောင်းဆုံးကတော့ လျိုရှောင်မုံ့ရဲ့ဗိုက်ထဲက ကလေးကိုသတ်ပစ်နိုင်ရင်ပေါ့….
ထိုကဲ့သို့စဉ်းစားမိတဲ့အခါ သူမက နည်းနည်းရက်စက်သလို ခံစားလိုက်ရသည်။ သူမက ရှက်ရွံ့စွာနဲ့ နှာခေါင်းထိပ်လေးကို ပွတ်လိုက်သည်။
နောက်ဆုံးမှာတော့ နှစ်သစ်ကူးအကြို ညစာစားပွဲ အချိန်ကို ရောက်လာခဲ့သည်။ ညစာစားပွဲက ပင်မခန်းမမှာ ကျင်းပမှာဖြစ်ပြီး စင်္ကြန်ကိုဖြတ်သွားရမည်ဖြစ်သည်။
စင်္ကြန်ကနေ ခြေလှမ်းသုံးလှမ်းလှမ်းလိုက်ပြီး စင်္ကြန်လမ်းမှာထွန်းညှိထားတဲ့ မီးပုံးတွေနဲ့ နှင်းတွေက ရောင်ပြန်ဟပ်နေပုံက စိတ်ဝင်စားဖို့ကောင်းလှသည်။
နန်းပေါင်ရီက ရှောင်းယီရဲ့နောက်နေလိုက်လာသည်။ လူငယ်က ကျစ်လစ်သွယ်လျတဲ့ ဟန်ပန်ရှိပြီး သူမခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းလှမ်းတာမှ သူ့ရဲ့ခြေလှမ်းတစ်လှမ်းစာသာရှိသည်။ သူမက သူ့ရဲ့ခြေလှမ်းအတိုင်း မြန်မြန်လိုက်ဖို့လိုသည်။
သူမက ခုန်ဆွခုန်ဆွသွားနေပြီး အရမ်းစိတ်ချမ်းသာနေသည်။
“အစ်ကို ၂၊ ဒီနေ့ည ညီမလေး ထမင်းနှစ်ပန်းကန်တောင်စားနိုင်တယ်၊ မဟုတ်သေးဘူး၊ သုံးပန်းကန်စားနိုင်တယ်”
သူမက လက်ချောင်းလေးကို စိတ်လှုပ်ရှားစွာထပ်ပေါင်းပြီးထောင်ပြလိုက်သည်။
ရှောင်းယီက သူ့ရဲ့နူတ်ခမ်းတွေကို တွန့်ကွေးပြီး ပြုံးလိုက်သည်။ လျိုမိသားစုရဲ့ ကိစ္စတွေအပြီးမှာ သူမက အရမ်းပျော်ရွှင်နေပြီး ကလေးဆန်တဲ့ အမူအရာတွေက တစပြီးတစပေါ်ပေါက်လာသည်။
သူက ပျင်းရိစရာကောင်းတဲ့ စီးပွားရေးအကြောင်းကို မေးလိုက်သည်။
“စာအုပ်အသစ်က ဘယ်တော့ရေးလို့ပြီးမှာလဲ?”
နန်းပေါင်ရီက ဂုဏ်ယူနေဟန်နဲ့ “ညီမလေးရေးတာ အဆင်ကိုချောလို့၊ မနက်ဖြန်လည်း ရေးလို့ရတယ်၊ နွေဦးကျောက်စိမ်းစံအိမ်မှာ လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လပိုင်း ၂၇ ရက်နေ့လောက်ဆိုရင် ကပြလို့ရပြီ၊ ဇာတ်လမ်းခေါင်းစဉ်က ‘ငါက ဒီနှစ်တွေအတွင်း ကောက်ကျစ်စဉ်းလဲတဲ့ ယောက္ခမနဲ့စီးချင်းထိုးခဲ့တယ်’ ”
ရှောင်းယီက လျှို့ဝှက်စွာချရေးထားလိုက်သည်။
သူက ဒီတစ်ခေါက် နွေဦးကျောက်စိမ်းစံအိမ်ကို သွားပြီး လျှို့ဝှက်ထားတဲ့ဧည့်သည်တွေအားလုံးကို ကြည့်ဖို့ခေါ်သွားမည်ဟု သူဆုံးဖြတ်ထားသည်။ ပြီးတော့ ကောင်မလေးကို ငွေတွင်းတစ်တွင်းဖန်တီး ပေးရမည်လေ။
……………………

အာဃာတပြန်တမ်းWhere stories live. Discover now