Unicode
အပိုင်း (၁၃၂)
ညီအစ်မတစ်တွေပေါင်းပြီး နတ်ဆိုးမိသားစုကိုနှိပ်ကွပ်ကြမယ် (၄)
သခင်မဟောင်အပါအဝင် အားလုံးက မူးမေ့သတိလစ်မတတ်ခံစားချက်ကို အတူတူခံစား လိုက်ကြရသည်။
ဘယ်လောက်တောင်အံ့အားသင့်စရာ ပြောင်းလဲမှုကြီးလဲ? သူတို့က လောင်စာထပ်မဖြည့်ရဲကြပါချေ။ လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားတဲ့ သခင်မဟောင်ရဲ့လက်တွေက ပြင်းပြင်းထန်ထန် တုန်ရီ လာကြသည်။ နဝမမြောက်အဖွဲ့အထိ မရောက်ရင်တောင် အရေးယူခံရနိုင်သည်။
သူမက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး လေးနက်စွာပြောလာသည်။
“အဲ့ဒီစာရင်းတွေကို ငါတို့လက်ခံတယ်၊ အဲ့ဒါက ….”
သူမက နန်းပေါင်ရီကို အေးစက်စက်နဲ့စိုက်ကြည့်လိုက်ပြီး “အဲ့ဒါက နင်တို့ရဲ့ ကြင်နာမှုမရှိတဲ့ အပြုအမူတွေပဲ၊ ငါတို့ချန်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတယ်၊ ငါတို့အိမ်တော်နှစ်ခုကြားမှာရှိတဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ဆက်မလုပ်နိုင်တော့ဘူး”
နန်းအိမ်တော်က ဒီမင်္ဂလာပွဲကို ဘယ်လောက်တောင် အရေးထားလဲဆိုတာ သူမသိသည်။ နန်းအိမ် တော်က ကလေးတွေထဲမှာ စာပေသမား ပညာရှိ တစ်ယောက်မှမရှိချေ။ နန်းအိမ်တော်က နန်းပေါင်ရီနဲ့ ချန်းအိမ်တော်ကို လက်ဆက်ပေးတာက သူတို့အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ချန်းအိမ်တော်က ကာကွယ်ပေးဖို့ မျှော်ကိုးခြင်းသာဖြစ်သည်။ မင်္ဂလာပွဲသာပျက်သွားခဲ့ရင် နန်းအိမ်တော်နဲ့ နန်းပေါင်ရီရဲ့ မျှော်လင့်ချက်တွေက ပျက်စီးသွားမှာဖြစ်သည်။
ဒါ့အပြင် သူမရဲ့ ဒုတိယသားက အရမ်းထက်မြက်ပြီး ဒီလိုသာမန်မိန်းကလေးတစ်ယောက်ကို ချစ်ခင် နှစ်သက်ဖို့ဆိုတာ မဖြစ်နိုင်ချေ။
ရှောင်းယီက ပြုံးလိုက်သည်။
သူက ငြင်သာတဲ့အသံဖြင့် “ချန်းသခင်မကြီးက မင်္ဂလာပွဲဖျက်သိမ်းဖို့ကို ဟန်တောင်မဆောင်နိုင်မှတော့ ကျုပ်တို့အိမ်တော်ကလည်း သဘောမတူစရာအကြောင်းမရှိပါဘူး၊ စာရင်းထဲကအတိုင်း ရွှေစတွေကိုသာ တစ်စမှမကျန်ပြန်ပေးပါ၊ ပြီးတော့မှ ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့ ရက်ရွေးကြတာပေါ့”
သခင်မဟောင်က ခက်ထန်စွာ မျက်မှောင်ကြုပ်လိုက်သည်။ ရှောင်းယီက ဒီလောက်မြန်မြန် လက်ခံလိမ့်မယ်လို့ သူမထင်မထားခဲ့ပေ။
ပြီးတော့သူက နန်းအိမ်တော်ရဲ့မိသားစု ဒုတိယအဆင့်အမတ်မင်းတစ်ယောက်မို့ အိမ်တော်က မိန်းကလေးတစ်ယောက်ကို ဂုဏ်သိက္ခာအတွက် ရောင်းစားဖို့ မလိုတော့ပါချေ။
ဒါပေမယ့် ထင်မှတ်မထားဘဲ နန်းပေါင်ရီက သူမရဲ့ဒုတိယသားကို နှစ်သက်သဘောကျနေသည်။
သူမက လက်ကိုင်ပဝါကို ခါလိုက်ပြီး ပြုံးရင်း “မပူပါနဲ့ အမတ်မင်း၊ မနက်ဖြန် နန်းအိမ်တော်ကို ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့ လူကိုယ်တိုင် လာခဲ့ပါ့မယ်”
သူမက နန်းပေါင်ရီဘက်ကို လှည့်လိုက်ပြီး “ကျောင်းကျောင်း၊ သမီးနဲ့ ဒေါ်ဒေါ်တို့အိမ်က ဒုတိယသားက ဒီဘဝမှာတော့ ကံမကောင်းစွာနဲ့ပဲ ဝေးရတော့မယ်၊ ဒုတိယသားကတော့ အနာဂတ်မှာ ဇနီးတစ်ယောက်နဲ့ လက်ထပ်မှာပဲ၊ ဒါပေမယ့် အဲ့ဒါက ဘယ်တော့မှ သမီးမဖြစ်နိုင်တော့ဘူး….. သမီးကို ဒေါ်ဒေါ်က လက်လွှတ်ဖို့ တွန့်ဆုတ်နေပေမယ့် နည်းလမ်းမှမရှိတော့တာ”
နန်းအိမ်တော်က နန်းပေါင်ရီကို ရတနာတစ်ခုလို ချစ်မြတ်နိုးမှန်း သူမသိသည်။ နန်းပေါင်ရီက ချန်းတယ်ယွီနဲ့လက်ထပ်ဖို့ တစ်ခါလောက် ငိုပြီး ဆူပူသောင်းကျန်းလိုက်ရုံနဲ့ မိသားစုအားလုံးက ဖြည့်ဆည်း ပေးကြမည်သာဖြစ်သည်။
ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့?
ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ?
သူမက နန်းပေါင်ရီရဲ့ အမူအရာကို ခန့်မှန်းနေသည်။ ကြင်နာတတ်တဲ့မျက်နှာလေးက ပထမဆုံး အံ့အားသင့်သွားပြီး မယုံကြည်နိုင်အောင်ဖြစ်သွားမည်။ နောက်ဆုံးတော့ ဝမ်းနည်းမှုကို ကြံ့ကြံ့ခံ ကျော်လွှားရလိမ့်မည်။ သူမရဲ့သားကို နန်းပေါင်ရီက လေးလေးနက်နက် ချစ်မြတ်နိုးမှန်း သူမသိသည်။
သူမက လှောင်ပြောင်လိုက်ပြီး “ကျောင်းကျောင်း၊ လူတွေက ရှေ့ရေးကိုကြည့်ရတယ်၊ ဒေါ်ဒေါ့်ရဲ့ ဒုတိယသား မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ သမီးလက်ထပ်လို့ရပေမယ့် သားလောက်တော့ကောင်းမှာ မဟုတ်ဘူးဆိုတာအသေအချာပဲ၊ သမီးက ဒီလိုမျိုးငိုကြွေးနေတဲ့ပုံစံကို သူများတွေကိုပြနေရင် သူများတွေက လှောင်ရီကြလိမ့်မယ်”
နန်းပေါင်ရီက စိတ်ကိုထိန်းထားပြီး ငွေကြေးတွေပြန်ရဖို့အတွက် လှည့်စားနိုင်ဖို့သာ မျက်ရည်ကျ နေခြင်းဖြစ်သည်။ သူမရဲ့မျက်နှာက ပူဆွေးသောကရောက်နေဟန်နဲ့ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး ချန်းသခင်မရဲ့ဝတ်ရုံအနားစကို တင်းကြပ်စွာဆုပ်ကိုင်ရင်း ဆိုလာသည်။
“ဒေါ်ဒေါ်၊ ငွေစာရင်းစာအုပ်က သပ်သပ်၊ ကြောင်းလမ်းခြင်းက သပ်သပ်ပါ၊ ဘာလို့ ငွေကြေးကြောင့် သမီးရဲ့မင်္ဂလာပွဲကို ဖျက်သိမ်းရတာလဲ”
သခင်မဟောင်က အလွန်ဂုဏ်ယူသွားသည်။ သူမကပြုံးလိုက်ပြီး နန်းပေါင်ရီကို ကူညီလိုက်ဟန်နဲ့ “သနားစရာကောင်းလိုက်တဲ့ကလေး… မင်းရဲ့မိသားစုက ဒေါ်ဒေါ့်ရဲ့မိသားစုကို တိုက်ခိုက်နေတယ်၊ အိမ်တော်နှစ်ခုရဲ့ ဆက်ဆံရေးက အက်ရာထင်သွားခဲ့ပြီ၊ ဘယ်လိုလုပ် မိသားစုတွေ ဖြစ်နိုင်တော့မှာလဲ”
“ဒေါ်ဒေါ်၊ သမီးက အစ်ကိုချန်းကို တကယ်ချစ်တာပါ၊ တခြားမိန်းမတစ်ယောက်နဲ့ သူနည်းနည်းလေး နီးကပ်နေမယ်လို့ စဉ်းစားရုံနဲ့တောင် သဝန်တိုပြီး သည်းမခံနိုင်အောင်ဖြစ်ရပါတယ်၊ အဲ့ဒီမိန်းမကို သတ်ပစ်ချင်လောက်အောင်ပဲ”
“….”
“အဲ့ဒါကြောင့် ချန်းသခင်လေး ကိုယ်လုပ်တော်ထားမှာကို ခွင့်မပြုနိုင်ဘူး၊ သမီးငယ်ငယ်ကတည်းက အနေအေးတော့ အရမ်းတော်တဲ့ သမားတော်က သမီးမှာ ကလေးမရနိုင်ဘူးလို့ ပြောခဲ့တယ်၊ ဒါပေမယ့် ကလေးလေးတစ်ယောက်ရှိလာဖို့ မျှော်လင့်ချက်ရှိနေတုန်းပဲ၊ ဒီဘဝမှာ ကြိုးစားရင် လုပ်နိုင်မှာပဲ၊ အစ်ကိုချန်းရဲ့ သားလေးတစ်ယောက်မွေးဖို့ ခွင့်ပြုပေးပါ၊ ချန်းမိသားစုရဲ့ ပူဇော်ကန်တော့ပွဲကို မပျက်စီး စေရဘူးလို့အာမခံပါတယ်”
သခင်မဟောင်ရဲ့မျက်နှာက မည်းမှောင်သွားသည်။ သူမက နန်းပေါင်ရီရဲ့ခန္ဓာကိုယ်ကို အကဲခတ်ကြည့် လိုက်သည်။ ဒါပေမယ့် ဒီမိန်းကလေးက အေးစက်တဲ့ခန္ဓာကိုယ်ရှိတယ်လို့တော့ သူမ မထင်ပါချေ။ ခန္ဓာကိုယ်အေးစက်တဲ့ မိန်းကလေးတွေက ကလေးရဖို့ အလွန်ခက်ခဲသည်။ တကယ်တော့ နန်းအိမ်တော်နဲ့ ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့ကို သူမက သာမန်မျှ ခြိမ်းခြောက်ရုံသာဖြစ်သည်။ ဒါပေမယ့် အခုတော့ ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့က မဖြစ်မနေလိုအပ်လာသည့်ပုံပင်။
ပြီးပြည့်စုံပြီး ကြီးမြတ်တဲ့ ချန်းအိမ်တော်အနေနဲ့ မျိုးဆက် မွေးမထုတ်ပေးနိုင်တဲ့ချွေးမနဲ့ ဘယ်လိုလုပ်ပြီး ပေးစားနိုင်ပါ့မလဲ။ ရှုပ်ထွေးတဲ့အမြင်နဲ့ သူမက နန်းပေါင်ရီနဲ့ နန်းယန်ကို ကြည့်လိုက်သည်။ နန်းညီအစ်မမှာ စိတ်ဝင်စားဖို့ကောင်းလောက်တဲ့ အသွင်းပစ္စည်းတွေရှိသည်။ နန်းပေါင်ရီနဲ့ ကြောင်းလမ်းခြင်း ဖျက်သိမ်းလိုက်ရင်တောင် အိမ်တော်ရဲ့ ဥစ္စာပစ္စည်းတွေကို ဖြည့်တင်းဖို့ တခြားသူ တစ်ယောက်ရှိသေးသည်ပဲ။
နန်းပေါင်ကျူးရဲ့ ဒေါသကြီးပုံနဲ့ ခေါင်းမာတဲ့စရိုက်က ထိန်းချုပ်ဖို့ ခက်ခဲနိုင်သည်။ သို့သော်လည်း နန်းယန်က အပြင်ဆောင်က ကလေးဖြစ်နေပြန်သည်။ နန်းယန်ကို ဇနီးမယားနေရာပေးလိုက်ရင် သူမကို အရှက်ရစေနိုင်သည်။
သူမက စဉ်းစားတွေးတောနေစဉ်မှာ နန်းပေါင်ရီက အသက်မရှုဘဲ ဆက်ပြောလာသည်။
“ဒေါ်ဒေါ့်ရဲ့ အမူအရာက သမီးကို မကြည့်တော့ဘူးလို့ဆိုလိုတာလား၊ ဒေါ်ဒေါ် တကယ်ပဲ သမီးရဲ့ ကြောင်းလမ်းခြင်းကိုဖျက်သိမ်းတော့မလို့လား”
သခင်မဟောင်က နောက်ဆုံး သူ့ရဲ့စိတ်ကိုပြင်ဆင်လိုက်ပြီး “မနက်ဖြန် မင်းရဲ့အိမ်တော်ကို စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်းဖို့ လာခဲ့မယ်”
“ကျွန်မက ဘယ်သူကမှ မလိုချင်တဲ့ မိန်းကလေးတစ်ယောက်ပဲ”
နန်းပေါင်ရီက ဆွဲဆွဲငင်ငင်ငိုကြွေးပြီး မျက်ရည်ကိုသုတ်ရင်းပြေးထွက်သွားသည်။
သခင်မဟောင်က သူမကို ဂရုမစိုက်ဘဲ ပြုံးရင်း “ဒီနေ့ကိစ္စတွေက ဟာသတစ်ခုဖြစ်စေမိပြီ၊ ဒုတိယသား၊ ရှီအာ၊ မင်းတို့ရဲ့သူငယ်ချင်းတွေကို ကောင်းကောင်းဧည့်ခံလိုက်ပါ၊ မင်းတို့ရဲ့ ကဗျာစပ်ဆိုပွဲကို အမေ မနှောင့်ယှက်တော့ဘူး”
ရှောင်းယီက သတိပေးလိုက်သည်။
“သခင်မ၊ ငွေစာရင်းစာအုပ်”
သခင်မဟောင်က စိတ်ပျက်လက်ပျက်နဲ့ “အမတ်မင်း ကျွန်မတို့ချန်းအိမ်တော်က မျက်နှာချင်းဆိုင် ရှင်းရတာပဲကြိုက်တယ်၊ ငွေစာရင်းစာအုပ်ကိစ္စကို မှတ်ထားပါ၊ မပူပါနဲ့ အနောက်ခြံဝင်းကိုသွားပြီး ငွေရေတွက်ထားပါ့မယ်၊ ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့၊ ကျွန်မရဲ့သခင်ကြီးက ဘုရင်ခံ တစ်ယောက် ဖြစ်ပြီး မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ပါ၊ အကြွေးဆိုတာကို ပြန်မပေးရိုးထုံးစံမရှိဘူး”
ပြောပြီးနောက် သူမက မည်းနေတဲ့မျက်နှာနဲ့ လှည့်ပြန်သွားတော့သည်။
ခန်းမရဲ့လေထုက ထူးဆန်းနေသည်…..
ဒီနေ့ရဲ့ အံ့ဩ စိတ်လှုပ်ရှားဖို့ကောင်းတာတွေကို မျက်မြင်တွေ့ခဲ့ရပြီး မိန်းကလေးတွေက နေ့လည်စာ မစားနိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီး အိမ်ပြန်ရောက်တဲ့အခါ အတင်းအဖျင်းပြောဖို့ စိတ်အားထက်သန်နေကြသည်။
ချန်းဇိုင်ရှီက ဧည့်သည်တွေထွက်ခွာသွားတာကို ရုပ်ဆိုးလှတဲ့ အမူအရာနဲ့ကြည့်နေသည်။ ချန်းတယ်ယွီက ထိုင်ခုံမှာ တောင့်တင်းစွာ ထိုင်နေသည်။
ဒီနှစ်တွေမှာ သူတို့မိသားစုက အဲ့ဒီလောက်များတဲ့ငွေတွေကို နန်းမိသားစုဆီက ယူထားမှန်း သူမသိခဲ့။ သူထင်ခဲ့တာက … တန်ဖိုးကြီးတဲ့ လက်ဆောင်အနည်းငယ်လို့သာ။ သူက လူကြီးလူကောင်း ယောကျာ်းတစ်ယောက်ဖြစ်ပြီး ယောကျာ်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘာလဲဆိုတာကို သူသိသည်။
သူ့အမေရဲ့လုပ်ရပ်က ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ? သူက အလွန်စိတ်ဆိုးနေပြီး မျက်ခုံးကို ကုတ်ခြစ်နေမိသည်။
“ချန်းသခင်လေး…”
ပျော့ပျောင်းတဲ့မိန်းကလေးသံတစ်သံက သူ့ကိုရုတ်တရက်ခေါ်လိုက်သည်။
ချန်းတယ်ယွီက ကြည့်လိုက်တဲ့အခါ နန်းယန်က သူ့ရဲ့ရှေ့မှာ စကားပြောဖို့ တုံ့ဆိုင်းတဲ့အမူအယာနဲ့ ရပ်နေသည်။
သူက ခပ်ပေါ့ပေါ့မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ?”
နန်းယန်က မျက်မှောင်ကြုပ်ထားတဲ့ သူ့ရဲ့မျက်ခုံးတွေကို ကြည့်ရင်း ဂရုတစိုက်ဖြင့် ပြောလာသည်။
“ကျောင်းကျောင်းနဲ့ ပေါင်ကျူးက ကျိုးကြောင်းမစဉ်းစားဘဲ သခင်လေးကို သိက္ခာချဖို့ သရုပ်ဆောင် သွားကြတာ၊ ဒါက နန်းအိမ်တော်ရဲ့အမှားပါ၊ သခင်လေး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့”
“ကျိုးကြောင်းမစဉ်းစားဘဲ?”
ချန်းတယ်ယွီက လှောင်ပြောင်သရော်လိုက်ပြီး “ကျိုးကြောင်းမစဉ်းစားတတ်တဲ့ ဘယ်သူကများ စာရင်းစာအုပ်ကို သူနဲ့အတူယူလာမှာလဲ၊ ဒါက ရေရှည်တွက်ကိန်းချထားတဲ့ အစီအမံတစ်ခုပဲ”
နန်းယန်က မျက်လုံးတွေကို အောက်ငုံ့လိုက်သည်။ သူမက ပန်းထိုးပဝါကို ဆုပ်ချေနေပြီး လေသံလေးနဲ့ ပြောလာသည်။
“ကျွန်မတို့အိမ်တော်က မကောင်းတာပါ၊ သခင်လေးကို စိတ်ဆိုးစေမိပြီ….”
သူမက ပြောပြီး ပုလဲလုံးတွေ ကြိုးပြတ်သွားသလို မျက်လုံးမှ မျက်ရည်တွေက တစ်ပေါက်ချင်း ကျဆင်းလာသည်။ အင်မတန်သနားချင့်စဖွယ်ပင်။
ချန်းတယ်ယွီရဲ့ နှလုံးသားက သနားသွားရပြီး “မင်းရဲ့အမှားမဟုတ်ပါဘူး၊ တခြားသူတွေအတွက် မင်းက ကိုယ်စားတောင်းပန်ပေးစရာမလိုဘူး”
“နန်းအိမ်တော်ရဲ့သမီးတစ်ယောက်အနေနဲ့ ညီမလေးတွေကို ကောင်းကောင်းမသင်ကြားနိုင်လို့ပါ။ ဒါကပထမအမှားပါ၊ သခင်လေးက ကြင်နာတတ်ပြီး ကဗျာစပ်ဆိုပွဲကို ညီမကိုဖိတ်ပြီး ကျင်းကွမ်မြို့မှာ နာမည်တစ်ခုရဖို့ ကူညီခဲ့တယ်၊ အဆုံးသတ်ကျတော့ ညီမရဲ့မိသားစုတွေက သခင်လေးကို စော်ကားသွား ကြတယ်၊ ဒါက ဒုတိယအမှားပါ….”
သူမက ပြောနေရင်း မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေပြီး မျက်နှာသေးသေးလေးကလည်း နာကျင်မှုတွေ ပြည့်နှက်နေသည်။
ချန်းတယ်ယွီရဲ့ စိတ်ကနူးညံ့ပျော့ပြောင်းသွားသည်။
သူကထလိုက်ပြီး နန်းယန်ရဲ့မျက်ရည်တွေကို သုတ်ပေးရင်း အလွန်လေးနက်စွာဖြင့် “ငါ့ရဲ့နစ်နာမှု အတွက် အမြဲတမ်း မှတ်မှတ်ထင်ထင် သတိရနေမှာပါ၊ ပြီးတော့ ငါက သူများတွေရဲ့အမှားအတွက် မင်းကို အပြစ်တင်မှာမဟုတ်ဘူး၊ မင်းက အရည်အချင်းလည်းရှိသလို ယဉ်ကျေးပြီး ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ပါ၊ နန်းပေါင်ရီက မင်းနဲ့ယှဉ်လို့မရဘူး”
“ညီမကိုပဲယုံပေးပါ…”
နန်းယန်က တိုးဖွဖွပြောသည်။
သူမက ဖြည်းညှင်းစွာ ခေါင်းကို မော့လိုက်ပြီး ချန်းတယ်ယွီကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ ပြီးတော့ ရုတ်တရက် ခြေဖျားထောက်လိုက်ပြီး သူ့ရဲ့မေးဖျားကို ငြင်သာစွာ နမ်းရှိုက်လိုက်သည်။
နမ်းပြီးနောက် သူမရဲ့ပါးတွေက နီရဲလာပြီး ပန်းပွင့်ခန်းမရဲ့အပြင်ကို ရှက်ရွံ့စွာ ပြေးထွက်သွား တော့သည်။
………………………..
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...