part 138

3.4K 338 4
                                    

Unicode

အပိုင်း (၁၃၈)

စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ဖျက်သိမ်းခြင်း (၂)
ချန်းတယ်ယွီက မျှော်လင့်မထားဘဲ အထိုးခံလိုက်ရပြီး ရုတ်တရက် သူ့ရဲ့မျက်လုံးတွေက အပြာရောင် သန်းလာပြီးနောက် ခရမ်းရောင်သို့ ကူးပြောင်းသွားသည်။
သူကမျက်လုံးတွေကိုဖုံးအုပ်လိုက်ပြီး နန်းကွမ်ကို မယုံကြည်နိုင်စွာစိုက်ကြည့်လိုက်သည်။
“ခင်ဗျားရူးနေတာလား?”
နန်းကွမ်က ချန်းတယ်ယွီကို ဆွဲထိုးပြီးနောက်မှ အံ့အားသင့် ထိတ်လန့်သွားသည်။ သူတကယ်ပဲ ဒီပြီးပြည့်စုံတဲ့သားမက်ကို ထိုးလိုက်မိတာလား? ဟုတ်သည်။ သူတကယ်ကို ထိုးလိုက်မိသည်။
သူကထိုးလိုက်မိတဲ့ လက်သီးကို နောက်ပို့လိုက်ပြီး ကြောက်လန့်မှုကြောင့် နှစ်လှမ်းခန့် ဆုတ်သွားသည်။
သူကလျှာခလုတ်တိုက်နေပြီး “ဒါက… ဒါက နားလည်မှုလွွဲတာပါ..နားလည်မှုလွဲတာ…”
သူတကယ်ကို ငိုချင်လာသည်။ သူက ချန်းတယ်ယွီကို မျက်ရည်တွေကြားက ကြည့်လိုက်သည်။
ထိုအခိုက် သူနဲ့ မနီးမဝေးမှာ ယောကျာ်းပီသပြီး ကြည့်ကောင်းချောမောတဲ့လူငယ်က သူတို့ရဲ့ စိတ်လှုပ်ရှားစရာ မြင်ကွင်းကို စိုက်ကြည့်နေတာကို သူတွေ့လိုက်ရသည်။ ထိုသူက ရှောင်းယီဖြစ်သည်။
သူက အလောတကြီးပြောလိုက်သည်။
“သမက်လေး၊ မင်းကို အခုလေးတင်ရိုက်သွားတာ ရှောင်းယီပဲ၊ သူက ကျောင်းကျောင်းအပေါ် ကောင်းတယ်၊ သူကလေအလျင်လိုမျိုး မင်းကိုရိုက်သွားပြီး လေလိုပဲပြန်ပြေးသွားတာ၊ မင်းလက်တုန့်ပြန်သင့်တယ်၊ သူ့နောက်ကိုလိုက်သွားတော့”
ရှောင်းယီက သစ်ပင်ကိုမှီပြီး မတ်တပ်ရပ်နေသည်။ သူက ပန်းပွင့်တစ်ပွင့်ကို ခူးယူလိုက်ပြီး လက်ထဲမှာ ဆော့ကစားနေရင်း မျက်ခုံးတွေက တည်ကြည်စွာ မြင့်တက်သွားသည်။
ဦးလေး ၃ ကတကယ် လက်သံပြောင်တာပဲ..
ချန်းတယ်ယွီရဲ့ ရင်အုပ်က နိမ့်ချည်မြင့်ချည်နဲ့ မြန်ဆန်စွာ ခုန်လှုပ်နေသည်။ နန်းကွမ်က သူ့ကို အရူးလုပ်ရဲတယ်?
နန်းယန်ရဲ့မျက်နှာကိုသာ မထောက်ဘူးဆိုရင် ဒီလူအိုကြီးကို သူ ထောင်ထဲထည့်ပစ်လိုက်ပြီဖြစ်သည်။
သူက အသံနက်နက်နဲ့ “နန်းအိမ်ရဲ့ ဧည့်ဝတ်ကျေပွန်မှုက ဒီလိုပုံစံမျိုးလား? ဒီနေ့တော့ တော်တော်လေး သင်ခန်းစာရသွားပါပြီ”
“အစေခံတွေ ဒီကိုလာကြဦး….”
နန်းကွမ်က စကားလုံးတချို့ကိုပြောပြီး ချန်းတယ်ရဲ့ မည်းမှောင်နေတဲ့မျက်လုံးတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားသည်။
သူကနှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး “ချန်းသခင်လေးကို အရှေ့ဘက် ဧည့်ဆောင်မှာ ဧည့်ခံဖို့ခေါ်သွား ပေးလိုက်၊ ဒဏ်ရာကိုကြည့်ပေးဖို့ သမားတော်ကိုလည်း ပင့်ဖိတ်ပေးလိုက်”
ချန်းတယ်ယွီက အစေခံတွေရဲ့ခေါ်ဆောင်မှုနဲ့ ဧည့်ဆောင်ကို ရောက်သွားသည်။
နန်းကွမ်က ခေါင်းကို မမော့ရဲတော့ပဲ သူ့ရဲ့ဝတ်ရုံလက်တွေထဲမှာ လက်ကိုဖွက်ထားပြီး ရှက်ရွံ့နေဟန်နဲ့ ရှောင်းယီဆီကိုသွားလိုက်သည်။
“တူလေး၊ အခုလေးတင် ဦးလေးက ချန်းတယ်ယွီကို မတော်တဆရိုက်မိသွားတယ်၊ အဲ့ဒါ ဘယ်လိုဖြစ်သွားနိုင်လဲ၊ သူက ဦးလေးကိုဖမ်းခိုင်းနိုင်လား၊ အစိုးရရုံးတော်ကို ခေါ်သွားခံရရင် ဦးလေးဘယ်လိုလုပ်ရမလဲ၊ ဦးလေး ကြောက်လန့်လွန်းလို့ခဲတောင့်နေပြီ၊ ဘယ်နေရာမှာ သွားပုန်းနေရမလဲ”
ရှောင်းယီက ပန်းလေးကို ပတ်လည်လှည့်မွှေနေရင်း သူ့ကို အာရုံစိုက်ဖို့ ပျင်းရိနေဟန်ရှိသည်။ ထိုသူက အခုလေးတင် တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ကို ရေဆိုးရေညစ်တွေ စင်အောင်လုပ်ဖို့ ကြိုးစားခဲ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ သူ့ကိုကူညီဖို့လာမေးနေသေးသည်….
“ဟင်?.... တူလေး”
နန်းကွမ်က တစ်ယောက်တည်း စကားတွေဆက်ပြောသည်။
“ကျောင်းကျောင်းရဲ့မျက်နှာကိုထောက်ပြီး ဒီတစ်ခေါက်တော့ ဦးလေးကို ကူညီပေးပါ၊ ဘာပဲဖြစ်ဖြစ် အမတ်မင်းရဲ့ အာဏာကိုသုံးပြီး အစိုးရရုံးတော်ကို လာမဖမ်းဖို့ ပြောပေးပါ”
ရှောင်းယီက ပန်းပွင့်လေးကို လွှင့်ပစ်လိုက်ပြီး ပျင်းရိနေဟန်ဖြင့် “မပူပါနဲ့၊ သူမလုပ်ပါဘူး…”
ချန်းတယ်ယွီက နန်းယန်ကိုလက်ထပ်ချင်တာဖြစ်သည်။ ဒါကြောင့် သူကနန်းကွမ်ကို ရုံးတော်ပို့မည် မဟုတ်ချေ။
“အဲ့ဒါဆိုရင် ဦးလေးစိတ်ချလို့ရပြီပေါ့နော်…”
နန်းကွမ်က သက်တောင့်သက်သာဖြင့် သက်ပြင်းချလိုက်သည်။
ထိုနေရာက အဖြစ်အပျက်တွေက အတွင်းဆောင်ဘက်ကို မြန်ဆန်စွာ သတင်းရောက်သွားသည်။
သခင်မဟောင်က လက်ထပ်ပွဲကိုပြောင်းလဲဖို့အကြောင်း ပြောနေချိန်ဖြစ်သည်။
သူမက အပြုံးမမည်တဲ့အပြုံးနဲ့ “ကျွန်မတို့အိမ်က ဒုတိယသားက နန်းယန်မိန်းကလေးရဲ့အရည်အချင်းနဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် ချီးမြှင့်မြှောက်စားချင်တယ်၊ ခမည်းခမက်တို့ဘက်က မနစ်နာပါဘူး”
နန်းယန်က သူမရဲ့ခင်ပွန်းနဲ့ ကလေးတွေကို ထောက်ပံ့မပေးနိုင်ရင်တောင် မိသားစုကိုတော့ ကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့ စောင့်ရှောက်နိုင်မှာဖြစ်သည်။ သူမက တခြားကိစ္စတွေကို ဂရုမစိုက်ပါချေ။ သို့သော်လည်း သူမက နန်းယန်ရဲ့ မျိုးရိုးအဆင့်အတန်းကိုတော့ ဂရုစိုက်လေသည်။
အရာရှိတစ်ယောက်ရဲ့ ဇနီးမယားဖြစ်ရတာကောင်းတယ်ဟုပြောကြသည်။ သို့သော် သူမရဲ့ခင်ပွန်းက နှစ်ပေါင်းများစွာကြာအောင် တည်ငြိမ်တဲ့ အစိုးရအရာရှိတစ်ယောက်ဖြစ်နေတာတောင် အိမ်တော်က ဒီအခြေအနေအတိုင်းရှိနေသေးသည်။ သူမက ရာသီတိုင်းမှာ ပိုပိုပြီးကောင်းတဲ့ ရွှေငွေ အသုံးအဆောင်တွေကို ဝယ်ချင်သေးသည်။
စီးပွားရေးသမားတွေကတော့ မတူပါချေ။ သူတို့က မနာလိုစရာကောင်းအောင် အရမ်းချမ်းသာကြသည်။ ဥပမာအနေနဲ့ပြောရရင် နန်းအိမ်တော်က သမီးတွေက ရှုပန်းထိုးထည်တွေကို ပိုက်ဆံမပေးရဘဲ ဝတ်နိုင်ကြသည်။ သနားစရာကောင်းစွာပဲ သူမက အစိုးရအရာရှိတစ်ယောက်ရဲ့ဇနီးဖြစ်နေတာတောင်   ရှုပန်းထိုး အပေါ်ဝတ်ရုံတစ်ထည်ကို ရဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည်။
ဒါကြောင့် အရေးအကြီးဆုံးက နန်းအိမ်တော်နဲ့ လက်ဆက်နိုင်ဖို့ ဖြစ်သည်။
ဒါ့အပြင် ဒုတိယသားက နန်းပေါင်ရီကိုမကြိုက်ရင်တောင် နန်းယန်ကိုတော့ သဘောကျသည်။
နန်းအိမ်တော်က ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်တော်တစ်ခုဖြစ်သည်။ နန်းယန်က အပြင်ဆောင်က ကလေးဖြစ်ပေမယ့် အခုဆို နန်းအိမ်တော်ထဲမှာ နေထိုင်နိုင်ပြီဖြစ်သည်။ သူမက နန်းအဘွားအိုရဲ့အသိအမှတ်ပြုမှုကို ရရှိနေပြီဖြစ်ပြီး လက်ထပ်တဲ့အခါ သူမအတွက် အသွင်းပစ္စည်းတွေ ကိုလည်း ရမှာသေချာသည်။
နှစ်သစ်ကူးတွေနဲ့ ပွဲတော်အားလပ်ရက်တွေမှာ ကြီးမားတဲ့ပမာဏနဲ့ လက်ဆောင်ပစ္စည်းတွေကို ရရှိမည် ဖြစ်သည်။ အဲ့ဒါတွေက ဒုတိယသားရဲ့ အစိုးရပိုင်းမှာ အလုပ်ဝင်ရောက်ဖို့အတွက် ထောက်ပံ့ဖို့ မလုံလောက်ရင်တောင် နန်းယန်ရဲ့ အသွင်းပစ္စည်းတွေကို ယူသုံးပြီး အဆင်ပြေအောင် ကြံစည်ရမည်။
အဘွားအိုနဲ့ သခင်မကျန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းမွန်တဲ့ ဖျက်သိမ်းခြင်းကနေ ဘာလို့ လူပြောင်းပြီးလက်ထပ်ဖို့ ဖြစ်သွားတာလဲ?
နန်းယန်ကို အစားထိုးဖို့ကြိုးစားနေတာလား? ဒီကိစ္စရဲ့နောက်ကွယ်မှာ နန်းယန်ရှိနေတာများလား? ဟုတ်သည်။ သူမက ကျောင်းကျောင်းရဲ့ကောင်းမွန်တဲ့လက်ထပ်ပွဲကို မနာလိုဖြစ်ပြီး အခုလိုဖြစ်အောင် ကြိုးစားခဲ့ခြင်းဖြစ်မည်။
အဘွားအိုက ရှက်သွားပြီး လေးနက်တဲ့အသံနဲ့ “ကြောင်းလမ်းခြင်းကို ဘာအကြောင်းပြချက်နဲ့ဖျက်သိမ်း တာလဲ? ပြီးတော့လူပြောင်းပြီးလက်ထပ်ချင်တယ်? ကျောင်းကျောင်းကို တခြားသူတွေက ဘယ်လိုထင် ကြမလဲ?”
အပြင်လူတွေက အမှန်တရားကို မသိကြဘဲ ကျောင်းကျောင်းက ဆိုးသွမ်းလို့ သူတို့ရဲ့ချွေးမအဖြစ် လက်မခံတာလို့ ထင်ကြမှာဖြစ်သည်။
သခင်မဟောင်က ပြုံးရင်း “နန်းပေါင်ရီရဲ့အခြေအနေက ဘယ်လိုရှိလဲဆိုတာ ကျွန်မကထပ်ရှင်းပြရဦး မှာလား? အေးစက်တဲ့ခန္ဓာကိုယ်ရှိတဲ့မိန်းကလေးတွေက ကလေးမွေးဖွားဖို့ ခက်ခဲကြတယ်၊ ဒီလိုရောဂါမျိုး ရှိတဲ့မိန်းကလေးကို ချန်းမိသားစုအဖြစ်လက်ခံရမှာလား?”
အဘွားအိုနဲ့ သခင်မကျန်းက မူးမေ့မတတ်ဖြစ်သွားရသည်။ ဒီမိန်းမဘာပြောနေလဲဆိုတာကို သူတို့မသိပါချေ။ သူတို့ကျောင်းကျောင်းက ကျန်းမာသန်စွမ်းသည်။ ဘယ်တုန်းက အေးစက်တဲ့ခန္ဓာကိုယ် ရှိလို့လဲ?
မေးဖို့ပြင်နေချိန်မှာ အပြင်က အစေခံတစ်ယောက်က ဖြူဖျော့နေတဲ့မျက်နှာနဲ့ ပြေးဝင်လာပြီး “မကောင်းတော့ဘူး၊ မကောင်းတော့ဘူး၊ သခင်မကြီး၊ သခင် ၃ ကချန်းသခင်လေးကို ရိုက်လိုက်တယ်”
နန်းပေါင်ရီကလည်း ထိုသတင်းကို ကြားသည်။ သူမက ဝမ်းကွဲအစ်မနှစ်ယောက်နဲ့အတူ လူကြီးတွေရှိနေတဲ့ ခန်းမဆောင်ကို လာခဲ့သည်။
သခင်မဟောင်က အော်ဟစ်ပြီး ချန်းတယ်ယွီရဲ့လက်မောင်းတွေ ပြုတ်ထွက်သွားသလို ချဲ့ကားပြောဆို နေသည်။ နန်ကွမ်က ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမည်ဟု အော်ဟစ်ဆူပူနေသည်။
နန်းပေါင်ရီက ခြံဝင်းကိုပတ်ပြီး နန်းကွမ်ကို ရှာတော့သည်။
သူမနန်းကွမ်ကို တွေ့တဲ့အချိန်မှာ သူက အမတ်မင်းရဲ့နောက်မှာ အပြစ်ရှိဟန်မျက်နှာနဲ့ပုန်းနေသည်။ သူမက ရှေိ့ကိုလျှောက်သွားလိုက်ပြီး ဝတ်ရုံလက်ကိုဆွဲလို့ အသံတိုးတိုးဖြင့်မေးလိုက်သည်။
“ဖေဖေ ဘာလို့ ချန်းတယ်ယွီကို ရိုက်လိုက်တာလဲ”
မေးပြီးနောက် ချန်းတယ်ယွီရဲ့ ညိုမဲနေတဲ့ ဘယ်ဘက်မျက်လုံးကို ကြည့်လိုက်ပြီး သူမစိတ်ထဲက ဖေဖေ့ကို လက်မအကြီးကြီးထောင်ပစ်လိုက်သည်။
နန်းကွမ်က ရန်လိုစွာဖြင့် “သူကပြောတယ်၊ လူပြောင်းပြီးလက်ထပ်ပွဲကိုလုပ်မယ်တဲ့၊ အဲ့ဒါကြောင့် အဖေကစိတ်ဆိုးပြီး သူ့ကိုရိုက်လိုက်မိတာ၊ …. ကျောင်းကျောင်း… အဖေမရည်ရွယ်ပါဘူး”
နန်းပေါင်ရီရဲ့စိတ်ထဲမှာနွေးထွေးသွားသည်။ သူမရဲ့အဖေက ရှုပ်ပွေတတ်ပေမယ့် သူမအပေါ် ချစ်တဲ့ အချစ်ကတော့ စစ်မှန်သေးသည်။
သူမအရင်ဘဝတုန်းက နန်းယန်ကို ကိုယ်လုပ်တော်အနေနဲ့ ဘုရင်ခံအိမ်တော်ကို ခေါ်ဆောင်သွားခဲ့သည်။ သူမအဖေက သူမကို ဖျောင်းဖျနားချခဲ့ပေမယ့် သူမထိုအချိန်က စိတ်ဆိုးခဲ့ပြီး ခေါင်းမာစွာနဲ့ သူမဖြစ်ချင်တဲ့ဆန္ဒအတိုင်းသာ လုပ်ဆောင်ခဲ့မိသည်။
နန်းကွမ်က ထပ်ပြောသည်။
“အဖေစဉ်းစားတာက အဖေ့သမီးက ဟင်းရွက်ဈေးထဲက ဂေါ်ဖီထုပ်တစ်ခု မဟုတ်ဘူးလေ၊ သူ့ကိုဘာလို့ ဒီလိုလွယ်လွယ်လေး ရွေးချယ်ပြီး ကောက်ယူခွင့်ပေးရမှာလဲ၊ ပြီးတော့ သမီးနဲ့ ယန်အာက ညီအစ်မတွေလေ၊ သမီးကငယ်ငယ်လေးကတည်းက ချန်းတယ်ယွီကို သဘောကျခဲ့တာ၊ ယန်အာက သူ့ကို လုယူလိုက်မယ်ဆိုရင် သမီးစိတ်ဆိုးမယ်မှလား? သမီးတို့တွေက တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်ရတာကို သဘောကျတယ်ဆိုတာ အဖေသိပါတယ်…”
“သမီးသူ့ကို မကြိုက်တော့ပါဘူး”
နန်းပေါင်ရီက အမှန်အတိုင်းပြောဆိုလိုက်သည်။
“ဖေဖေ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့”
သားအဖနှစ်ယောက် တီးတိုးပြောနေကြစဉ်မှာ သခင်မဟောင်က သည်းမခံနိုင်တော့ဘဲ “နန်းကွမ်၊ နင်က ငါ့ရဲ့ဒုတိယသားကို ထိခိုက်အောင်လုပ်ထားပြီး ဘာဖြေရှင်းချက်မှ မပေးတော့ဘူးလား”
နန်းကွမ်က ကြောက်ရွံ့၍တုန်နေပြီး ရှောင်းယီရဲ့နောက်မှာ အမြန်ပုန်းနေလိုက်သည်။ ကျန်းဆွေ့ဟန်က သူရဲ့ဆေးသေတ္တာကိုယူပြီး ဖြည်းညှင်းစွာဝင်လာသည်။
သူက ချန်းတယ်ယွီရဲ့ ဒဏ်ရာအခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ “ချန်းသခင်မကြီး အရမ်း စိတ်မဆိုးပါနဲ့၊ အပေါ်ယံအရေပြားလေးပဲ နည်းနည်းထိခိုက်သွားတာပါ၊ ဆေးနည်းနည်းလိမ်းလိုက်ရုံပါပဲ၊ ဒုတိယသား ဆေးလေးနည်းနည်းလိမ်းဖို့ ထလိုက်ပါ”
“နင်ကလည်း ဒုတိယသားလို့ခေါ်လိုက်တယ်?”
သခင်မဟောင်က ဒေါသအမျက်ခြောင်းခြောင်းထွက်သွားသည်။ နန်းအိမ်တော်က လုံးဝ စည်းကမ်းမရှိကြပေ။ သူတို့အိမ်က သမားတော်ကတောင် ရိုင်းစိုင်းလှသည်။ သူမက အားလုံးကို ဝေ့ကြည့်လိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။
“ဒီနေ့ဖြစ်တဲ့ကိစ္စအတွက် ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမယ်”
အရင်ဆုံးနန်းကွမ်က လူကိုရိုက်လိုက်မိသည်။ နန်းအိမ်တော်ကလူတွေက သူတို့အမှားကိုသိပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ချန်းတယ်ယွီရဲ့ ပြီးပြည့်စုံတဲ့ နောက်ခံအခြေအနေနဲ့ဆိုရင် ဒီကိစ္စက ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားနိုင်သည်။
ထိုသို့ ရှုပ်ထွေးနေတဲ့အခြေအနေမှာ ရှောင်းယီက တဟက်ဟက်ရီမောလိုက်ပြီး ပြောလာသည်။
“ချန်းသခင်မကြီးက ဘယ်လိုဖြေရှင်းချက်မျိုးကို လိုချင်တာလဲ?”
……………….

အာဃာတပြန်တမ်းWhere stories live. Discover now