part 142

3.2K 347 23
                                    

Unicode

အပိုင်း (၁၄၂)

သမားတော်ကျန်းအမြင်မှာ ကျောင်းကျောင်းကဘယ်လိုနေလဲ?
အဘွားအိုရဲ့မာန်ပြင်းပြင်းနဲ့စကားအဆုံး ဒေါ်လေး ၂ နဲ့ တခြားသူတွေကပါ ထိုအတိုင်းလိုက်ကြပြီး မမကြီးကတောင် ရန်သူကိုတိုက်ခိုက်မဲ့အသွင်နဲ့ဖြစ်နေသည်။ သူတို့က စားပွဲပေါ်က ပုံတူပန်းချီတွေမှာ နစ်မြုပ်သွားကြပြီး ရွေးချယ်ကြတော့သည်။
နန်းပေါင်ရီက တစ်ဖက်သို့လှည့်လိုက်သည်။
နန်းပေါင်ကျူးက ဝတ်ရုံလက်ကိုဆွဲတင်ရင်း “ကျောင်းကျောင်း၊ နင်ရောက်လာတာ အချိန်ကိုက်ပဲ၊ ငါတို့က နင့်အတွက် အိမ်ထောင်ဖက်ရှာပေးနေကြတာ၊ ပညာတတ်သခင်လေးတွေ၊ စီးပွားရေးသမားတွေ၊ သမားတော်တွေ၊ ချမ်းသာတဲ့သခင်လေးတွေ၊ အရာရှိတွေ၊ အားလုံးပဲ၊ နင်သဘောကျရွေးလို့ရတယ်”
နန်းပေါင်ရီက ထွက်မပြေးပါချေ။ သူက အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ အဘွားကိုကြည့်လိုက်ပြီး “အဘွား၊ နောက်နှစ်တောင်မှ သမီးက ဆယ့်သုံးနှစ်ပဲရှိသေးတယ်လေ၊ လက်ထပ်ဖို့အတွက် နှစ်နှစ်‌တောင်လိုသေးတာ၊ လက်ထပ်ပွဲအတွက် စိတ်မပူကြပါနဲ့၊ ပြီးတော့ ကျူးကျူး၊ ညီမလေးက ဘယ်လိုပုံစံမျိုးနဲ့သင့်တော်လဲဆိုတာကို မဆုံးဖြတ်ရသေးဘူး၊ ဘယ်လိုလုပ်ပြီးရွေးရမလဲ…”
“ဒီကလေးမလေးကတော့”
အဘွားအိုက စိတ်ပူပန်မှုကြောင့် ဒေါသထွက်သွားပြီး “သမီးက လက်ထပ်ပွဲကို အာရုံစိုက်သင့်တယ်၊ လူကောင်းတစ်ယောက်ကိုရဖို့ နှစ်နှစ်၊ သုံးနှစ်လောက်အချိန်ယူပြီး စောင့်ကြည့်ရမယ်လေ၊ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ငယ်ငယ်ကတည်းက မျိုးကောင်းရိုးကောင်းနဲ့ ကောင်းတဲ့လက်တွဲဖော်ကို ရှာထားရမယ်၊ အသက်ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်မှရှာဖို့စောင့်နေမယ်ဆိုရင်  ရှုနိုင်ငံက လူတော်လူကောင်းတွေ အကုန်လုံး တခြားမိန်းကလေးတွေနဲ့ လက်ထပ်ကုန်လိမ့်မယ်”
နန်းပေါင်ရီက တိတ်ဆိတ်နေသည်။ ယောကျားရွေးချယ်ပွဲက ပြီးဆုံးနိုင်ပါ့မလား?
သခင်မကျန်းက နန်းပေါင်ရီကို စားပွဲဝိုင်းကို ခေါ်ဆောင်လာခဲ့ပြီး “သမီးမမက မျောက်အရေခွံလိုပဲ၊ သမီးနဲ့သင့်တော်မဲ့သူတစ်ယောက်ကိုသာရွေး၊ ကျောင်းကျောင်းက ငယ်ငယ်ကတည်းက ရှက်တတ်ပြီး ရွေးချယ်ဖို့ဇီဇာကြောင်တတ်တယ်၊ သမီးက စစ်ဖက်ဆိုင်ရာ အရာရှိကိုရွေးလိုက်ရင်လည်း တခြားသူတွေက သမီးကိုလှောင်ပြောင်ကြမှာကို ဒေါ်လေးတို့က စိုးရိမ်တယ်၊ ပညာတတ်ကို ရွေးပြန်ရင်လည်း တဖက်သူက သမီးကို မျှော်ကိုးမှာကို စိုးရိမ်ရပြန်ရော၊ အဲ့ဒါကြောင့် သမီးက လက်ထပ်ဖို့ကို အာရုံစိုက်ပြီး ရွေးချယ်ရမယ်”
နန်းပေါင်ရုံက ပြုံးရင်း ပုံတူပန်းချီတစ်ခုကို ပြလိုက်သည်။
“ကျောင်းကျောင်း မမကြီးအထင် ဒီသခင်လေးကတော်တော်ကောင်းတယ်၊ မိသားစုက ဘဏ်လုပ်ငန်းလုပ်တယ်၊ ညီမလေးရဲ့ဥစ္စာပစ္စည်းတွေ အပေါ်မှာ မမှီခိုနိုင်တဲ့အပြင် အရေးအကြီးဆုံးက သူတို့မိသားစုက သူတွေက ကိုယ်လုပ်တော်မထားကြဘူး၊ ဒီဓလေ့ထုံးစံက အရမ်းရှားပါးတယ်”
နန်းပေါင်ရီရဲ့မျက်နှာက နီရဲသွားသည်။ သူမရဲ့မိသားစုတွေက လက်ထပ်ပွဲအတွက် အရမ်းကို စိတ်အားတက်ကြွနေကြသည်။ သူမအတွက်က တစ်ယောက်ယောက်ကိုရွေးချယ်ဖို့ ခက်ခဲနေသည်။
အဘွားအိုက ပြန့်ကျဲနေတဲ့ ပုံတူပန်းချီတွေကို ကြည့်ပြီး လက်ကို ဝှေ့ရမ်းလိုက်သည်။
“မဟုတ်သေးဘူး၊ သူက ငါ့ရဲ့ကျောင်းကျောင်းနဲ့ ထိုက်တန်လောက်အောင် မချောဘူး”
“ဒီကြည့်ကောင်းချောမောတဲ့ကောင်လေးက ငယ်ငယ်လေးနဲ့ တပ်စုမှူးဖြစ်နေတာ၊ သူ့မှာ အနာဂတ်ကောင်းရှိတယ်”
ကျန်းသခင်မက တခြားပန်းချီကိုထောက်ပြလိုက်ပြီး ပြုံးရင်းပြောသည်။
“မိသားစုအားလုံးက စစ်ဘက်ဆိုင်ရာအရာရှိတွေချည်းပဲ၊ ငါတို့ကျောင်းကျောင်းကို နှိမ်ကြလိမ့်မယ်”
အဘွားအိုက မျက်လုံးတွေကို စုကြုံ့လိုက်ပြီး ဆက်ပြောလာသည်။
“နောင်မှာ စစ်ပွဲတစ်ခုဖြစ်ပြီး သူကစစ်မြေပြင်မှာသေခဲ့ရင် ကျောင်းကျောင်း ဘယ်လိုလုပ်မလဲ၊ ကျောင်းကျောင်းထိခိုက်မှာကို ငါမခံစားနိုင်ဘူး”
ဆုန်းရှစ်နင်က ဝင်မေးလိုက်သည်။
“အဘွားအမြင်မှာ ဘယ်လိုသခင်လေးမျိုးက ကောင်းမယ်ထင်လဲ”
အဘွားအိုက ခေတ္တမျှစဉ်းစားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလာသည်။
“ပထမဆုံး ယောကျာ်းပီသ ချောမောရမယ်၊ ကျောင်းကျောင်းနဲ့ယှဉ်ရင် နောက်ကောက်ကျမကျန်ခဲ့ရဘူး”
နန်းပေါင်ရီက ရှက်ကိုးရှက်ကန်းနဲ့ခေါင်းငုံ့လိုက်ပြီး ပန်းထိုးဖိနပ်ရဲ့ထိပ်ပိုင်းကို ကြည့်နေသည်။ မထင်မှတ်ထားဘူး၊ သူမရဲ့အဘွားက ဒီလောက်အသက်ကြီးနေတာတောင် ယောကျာ်းတစ်ယောက်ရဲ့ ရုပ်ရည်ချောမောမှု အပေါ်ဂရုစိုက်နေသေးသည်။
ရှောင်းယီက ထိုင်ခုံမှာထိုင်ပြီး လက်ဖက်ရည်သောက်နေသည်။ သူကခွက်ကိုချလိုက်ပြီး သူ့ရဲ့ဝတ်ရုံလက်တွေကို ဂရုတစိုက်ခါလိုက်သည်။ သူ့ရဲ့ကြည့်ကောင်းတဲ့လက်တွေက တည်ငြိမ်နေသည်။ သူ့ရဲ့သွင်ပြင်က ရွှေကွပ်ထားတဲ့ ကျောက်စိမ်းလို၊ နဂါးတစ်ကောင်လို၊ ဇာမဏီငှက်လို အထက်စီးဆန်ပြီး မြင့်မြတ်တဲ့ ဟန်ပန်အပြည့်ရှိနေသည်။
ရှုနိုင်ငံက ဘယ်ယောကျ်ားကမှ သူ့လောက်ဆွဲဆောင်မှုမရှိဘူးဆိုတဲ့ ယုံကြည်ချက် အပြည့်ပင်။ နှမြောစရာကောင်းတာက ဘယ်သူကမှ သူ့ရဲ့သွင်ပြင်ကို အာရုံစိုက်ပြီး မကြည့်ကြခြင်းပေ။
အဘွားအိုက ထပ်ပြောပြန်သည်။
“ဒုတိယက အရမ်း ဩဇာအာဏာမကြီးရင်တောင် အံ့မခန်းစွမ်းရည်ရှိရမယ်၊ အနည်းဆုံးတော့ ကျောင်းကျောင်းကို သူများတွေက မလှောင်ပြောင်ကြအောင် ကာကွယ်ပေးနိုင်ရမယ်”
နန်းပေါင်ရီက တိတ်တဆိတ် ထောက်ခံလိုက်သည်။ ဒီအချက်ကို သူမလက်ခံသည်။ သူမအိမ်ထောင်ဘက် ရဲ့မိသားစုတွေက အရမ်းဆိုးရွားကြပြီး သူမကို မကာကွယ်နိုင်ရုံမက သူမကပါ ပြန်ပြီးကာကွယ်ပေး နေရရင် ဘာလို့လက်ထပ်နေရဦးမှာလဲ?
ရှောင်းယီကလည်း ထိုအချက်ကို လက်ခံသည်။ သူက ပျင်းရိနေပုံဖြင့် မသိမသာ သူ့ရဲ့ ကျောက်စိမ်းနဲ့ရွှေ တန်ဆာဆင်ထားတဲ့ သားရေခါးပတ်ကို ငြင်ငြင်သာသာ ပွတ်သပ်လိုက်သည်။ ထိုခါးပတ်က ဒုတိယအဆင့်အမတ်မင်းသာ ဝတ်ဆင်ခွင့်ရှိတဲ့ ခါးပတ်ဖြစ်သည်။ အဆင့်အတန်းမြင့်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်၍ မြင့်မြတ်ပြီး ခမ်းနားထည်ဝါလှသည်။
ရွှေကြယ်သီးဆယ့်နှစ်လုံး စီခြယ်ထားခြင်းက လက်အောက်ခံ တပ်ဖွဲ့ဆယ့်နှစ်ဖွဲ့ကို အုပ်ချုပ်ရသည်ဟု ဆိုလိုခြင်းဖြစ်ပြီး စစ်မြေပြင်မှာ ပထမနေရာက အောင်မြင်မှုရယူနိုင်ခဲ့တဲ့ သူ့ရဲ့အရည်အချင်းကိုလည်း ဖော်ပြခြင်းဖြစ်သည်။
ရှုနိုင်ငံက လူငယ်တွေထဲမှာ သူ့ထက်ပိုပြီး နန်းကျောင်းကျောင်းကို ကာကွယ်ပေးနိုင်တဲ့သူ မရှိဘူးဆိုတာကို သူယုံကြည်သည်။
ထပ်ပြီးနှမြောစရာကောင်းတာက စားပွဲပေါ်က ပန်းချီတွေကိုပဲ အားလုံးကမွှေနှောက်ရှာဖွေနေကြပြီး သူ့ကိုဘယ်သူမှ မကြည့်ကြခြင်းပင်။
အဘွားအိုက ထပ်ပြောပြန်သည်။
“တတိယက လက်ထပ်မဲ့ သခင်လေးရဲ့အမေက ကောင်းမွန်တဲ့စိတ်ထားရှိရမယ်၊ ချန်းသခင်မလို ဆိုးရွားပြီး ကိုယ်ချင်းစာစိတ်မရှိတာမျိုး မဖြစ်ရဘူး၊ မိသားစုနောက်ခံက ရိုးသားရင် အကောင်းဆုံးပဲ၊ ညီအစ်ကိုတွေလည်း အများကြီးမရှိရဘူး၊ ယောင်းမတွေ၊ ကိုယ်လုပ်တော်တွေအချင်းချင်း အငြင်းပွားကြတဲ့ ပြဿနာက အဆိုးဆုံးပဲ၊ အိမ်တွင်း မငြိမ်သက်မှုတွေဖြစ်စေနိုင်တယ်”
အားလုံးက ခေါင်းငြိမ့်ပြီးထောက်ခံလိုက်ကြသည်။
နန်းပေါင်ရီက သူမရဲ့ခေါင်းလေးကို ကိုင်လိုက်သည်။ သူမက အရမ်းတုံးအသူတစ်ယောက် မဟုတ်ပါချေ။ ဘာကြောင့် အဘွားက သူမကို ‘ရိုးစင်းတဲ့စိတ်ထားရှိတယ်’ လို့ကောက်ချက်ချရတာလဲ?
ရှောင်းယီက မတ်မတ်ထိုင်လိုက်သည်။ သူ့အိမ်က မိုင်ထောင်ပေါင်းများစွာအဝေးမှာရှိပြီး သူ့မိသားစုက အကြီးတွေကလည်း သူ့ကိုမထိန်းချုပ်နိုင်။ နန်းကျောင်းကျောင်းသာ သူနဲ့လက်ထပ်လိုက်ရင် ယောက္ခမအတွက် ပူပန်နေဖို့မလိုပါချေ။
ပြီးတော့ အခုဆို သူ့ပတ်ဝန်းကျင်မှာ ဆိုးသွမ်းတဲ့ ညီအစ်ကိုတွေလည်းမရှိတာကြောင့် တခြား ယောင်းမတွေ၊ ကိုယ်လုပ်တော်တွေနဲ့လည်း အငြင်းပွားဖို့ မလိုပေ။
အဘွားအိုက ထပ်ဖြည့်လိုက်သည်။
“အားလုံးခြုံပြီးပြောရရင် ငါတို့အိမ်အတွက် အကောင်းဆုံး သားမက်တစ်ယောက်ကို လိုချင်တယ်”
ရှောင်းယီက ပြုံးလိုက်သည်။ အရင်က အဘွားအိုက သူ့ကိုနန်းကျောင်းကျောင်းနဲ့ ရင်းရင်းနှီးနှီးနေဖို့ တားမြစ်ပိတ်ပင်ခဲ့ပြီး ဘိုးဘေးကမ္ဗည်းတိုင်ဆောင်မှာ ဒူးထောက်ဖို့ အပြစ်ပေးခဲ့သည်။
အခုတော့ အဘွားအိုက လက်ထပ်ပွဲပြောင်းလဲသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး အလွန်ဒေါသထွက်နေသည်။ သူက အဘွားအိုကို ခေါင်းမလှည့်ဘဲ ကြည့်လိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို တည်ကြည်စွာနဲ့ ကိုင်ထားသည်။
အဘွားအိုက ကျန်းဆွေ့ဟန်ကိုကြင်နာစွာကြည့်လိုက်ပြီး “သမားတော်ကျန်း၊ ငါတို့ကျောင်းကျောင်းကို ဘယ်လိုမြင်လဲ”
ကျန်းဆွေ့ဟန်က ကြည့်ကောင်းပြီး ယောကျာ်းပီသတဲ့သွင်ပြင်ရှိသည်။ ဆေးပညာမှာလည်းထူးချွန်ပြီး ရိုးရှင်းတဲ့မိသားစုနောက်ခံရှိသည်။
လိုချင်တဲ့အချက်တွေနဲ့အံဝင်ဂွင်ကျပင်…
အားလုံးက တိတ်ဆိတ်သွားသည်။
ရှောင်းယီက လက်ဖက်ရည်သီးသွားပြီး သူ့ရဲ့ သေသပ်ကျနဲ့တဲ့ဟန်ပန်က အနည်းငယ်ဖရိုဖရဲ ဖြစ်သွားသည်။
နန်းပေါင်ရီက အံ့အားသင့်နေပြီး ကျန်းဆွေ့ဟန်ကို မယုံသင်္ကာဟန်နဲ့ကြည့်လိုက်သည်။
ကျန်းဆွေ့ဟန်က ဖရဲသီးစားနေတာဖြစ်ပြီး ဝါးတူတစ်ချောင်းကို လက်ကကိုင်ထားသည်။ သူထိုစကားကို ကြားလိုက်တဲ့အခါ ကြောက်လန့်တကြား ခေါင်းကိုမော့ကြည့်လိုက်သည်။
အခုကြားလိုက်တဲ့စကားက ဘာလဲ?
အဘွားအိုက နန်းသခင်မလေး ၅ ကို ငါ့လက်ထဲထည့်ချင်တာလား?
သူက နန်းပေါင်ရီကို အံ့အားသင့်စွာကြည့်လိုက်သည်။ တကယ်ဆို နန်းသခင်မလေး ၅ နဲ့လက်ထပ်ခြင်းက အလွန်ကောင်းသည်။ နန်းအိမ်တော်ရဲ့ကြွယ်ဝချမ်းသာမှုတွေကို အမွေရရုံသာမက လှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှလေးကိုလည်း ပိုင်ဆိုင်ရမည်။
အဓိကပြဿနာက ဘယ်လောက်ပဲ လှပပြီး ချမ်းသာပေမယ့် သူစိတ်မကူးရဲပါချေ။ ရှောင်းယီက သေအောင်ရိုက်သတ်မှာကို သူကြောက်သည်။  သူက ရှောင်းယီကို မဝံ့မရဲကြည့်လိုက်သည်။
အသေအချာပဲ ရှောင်းယီက သူ့ကိုကြည့်ပြီးပြုံးနေသည်။ ဆန်းကြယ်လှတဲ့ ဝံပုလွေရဲ့ရယ်သံမျိုးကို သူကြားလိုက်ရသည်။ သူက ကြောက်လန့်တကြားနဲ့ အမြန်ပြောလိုက်သည်။
“အဘွား၊ အဲ့ဒါက …. အဲ့ဒါက မှားသွားမှာ ကျွန်တော်ကြောက်တယ်”
“ဘာလို့လဲ၊ အတော်ဆုံးသမားတော်မှာ သဘောကျတဲ့မိန်းကလေးရှိလို့လား”
“အဲ့လိုတော့မဟုတ်…”
“အဲ့ဒါဆို ကျောင်းကျောင်းအာကို အထင်သေးလို့လား”
“မဟုတ်ပါဘူး…”
“အဲ့ဒါဆိုဘာလို့လဲ”
နန်းအိမ်သားတွေအားလုံးက မပျော်မရွှင်ဖြစ်ကုန်ကြသည်။
ကျောင်းကျောင်းက သူတို့လက်ပေါ်မှာ ကြီးပြင်လာတဲ့ အဖိုးထိုက်တန်တဲ့ ရတနာလေးဖြစ်သည်။ သူမကသာ သူများတွေကို မကြိုက်ရမှာဖြစ်ပြီး ဘာလို့ကျန်းဆွေ့ရင်းက သူမကို သဘောမကျရတာလဲ?
ဘေးကဝိုင်းနေတဲ့ နန်းအိမ်သားတွေရယ်၊ ရှောင်းယီရဲ့ အချိန်နဲ့အမျှ သဝန်တိုစိတ်အပြည့်နဲ့ ခြိမ်းခြောက်နေတဲ့အကြည့်တွေရယ်ကြားမှာ ကျန်းဆွေ့ဟန်ဟာ များပြားလှတဲ့ဖိအားတွေိကို ခံစားလိုက် ရသည်။
သူကဝတ်ရုံလက်ကိုပင့်လိုက်ပြီး နဖူးပေါ်ကချွေးစီးတွေကို သုတ်ဖယ်လိုက်သည်။ သူဘယ်လိုဖြေရမလဲ? နန်းသခင်မလေး ၅ က မကောင်းဘူးလို့ဖြေပြန်ရင်လည်း ရှောင်းယီဆီက အသတ်ခံရမည်မှာ မလွဲမသွေပင်။
ထိုလူက လွှမ်းမိုးချုပ်ကိုင်လိုစိတ်ပြင်းလွန်းပြီး နန်းသခင်မလေး ၅ ကို မကောင်းပြောတာကို သည်းခံနေမှာမဟုတ်ပါချေ။
ဖျက်ခနဲအတွေးတစ်ချက်ပေါ်လာပြီး သူက ပေါင်တွေကို လိမ်ကျစ်လိုက်သည်။
သူက ပူဆွေးနေတဲ့အသံဖြင့် “အဘွား၊ ရှေ့မျက်နှာနောက်ထားပြီး ပြောပါရစေ၊ တကယ်တော့ ကျွန်တော့မှာ နောက်ဆုံးအဆင့် ရောဂါတစ်ခုရှိပါတယ်၊ အဲ့ဒါကြောင့် နန်းသခင်မလေး ၅ ရဲ့အနာဂတ်ကို မနှောင့်ယှက်ရဲပါဘူး”
“နောက်ဆုံးအဆင့်ရောဂါ?”
အဘွားအိုက အံ့ဩသွားသည်။ ကျန်းဆွေ့ဟန်က ရှေ့ကိုထွက်လာပြီး အံကြိတ်ရင်းပြောလိုက်သည်။
“တကယ်တော့…. ကျွန်တော့ရဲ့အဲ့ဒါက မထောင်နိုင်ဘူး”
………….

အာဃာတပြန်တမ်းWhere stories live. Discover now