part 148

3K 331 1
                                    

Unicode

အပိုင်း (၁၄၈)
အစ်ကို့ရဲ့နှလုံးသားက မင်းအတွက်ပဲ
ချန်းတယ်ယွီက ဒေါသပြင်းပြင်းထန်ထန်ထွက်သွားပြီး “မင်း!....”
“အစ်ကို ၂”
နန်းပေါင်ရီက လှိုက်လှိုက်လှဲလှဲခေါ်လိုက်ပြီး သူ့ကိုတားဆီးလိုက်သည်။ သူမက ငွေအပ်ကို မြေပြင်ပေါ်က ကောက်ယူလိုက်ပြီး ဟယ်ယဲ့ရဲ့လက်ထဲကိုထည့်ပေးလိုက်ပြီး ရှောင်းယီကိုလက်ပြလိုက်သည်။
“အစ်ကိုက ဘာလို့ဒီကိုရောက်နေတာလဲ?”
“ငါ စစ်တန်းလျားက ပြန်လာတာ၊ မင်းရဲ့လှည်း နွေဦးကျောက်စိမ်းစံအိမ် အပြင်ဘက်မှာရပ်ထားတာကို တွေ့လို့ ဝင်လာ ကြည့်လိုက်တာ”
ရှောင်းယီက သူမရဲ့ဒူးခေါင်းကို ဖျက်ခနဲကြည့်လိုက်ပြီး လှည်းဆီကို ပြန်လှည့်ပြီးလျှောက်သွားသည်။
“အိမ်ပြန်ကြမယ်”
ချန်းတယ်ယွီက သူ့ရဲ့နီရဲနေတဲ့လက်ဖမိုးကို ပွတ်နေပြီး ဒေါသတွေနဲ့ မွန်းကြပ်လာရင်း နှစ်ယောက်သား အဝေးကိုထွက်သွားတာကို စောင့်ကြည့်နေသည်။
နန်းယန်က သူ့ဆီကိုလျှောက်လာပြီး အဓိပ္ပါယ်နက်ရှိုင်းတဲ့စကားတစ်ခွန်းကို ပြောလာသည်။
“ညီအစ်မငယ်တွေကြားမှာ အစ်ကို ၂ က ကျောင်းကျောင်းကိုအချစ်ဆုံးပဲ၊ သူတို့တူတူလျှောက်သွားတဲ့ ပုံစံက ဘာနဲ့ပိုပြီးတူလဲဆိုတော့….”
သူမက စကားပြောဖို့ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
ချန်းတယ်ယွီက အသံနက်နက်ဖြင့် “မင်းဘာပြောချင်တာလဲ?”
“အစ်ကိုချန်းက ရှန်ကျင်းက အခုမှပြန်ရောက်တာလေ၊ ကျင်းကွမ်မြို့မှာ သိပ်မကြာခင်က ကောလဟာလ တချို့ရှိတယ်၊ လူတော်တော်များများက ပြောကြတယ်…. ရှောင်းယီက ကျောင်းကျောင်းအပေါ်မှာ အရမ်းသဝန်တိုတယ်တဲ့၊ ညီမသိသလောက်တော့ အဘွားကပြောဖူးတယ်တဲ့ ရှောင်းယီက တိတ်တခိုးနဲ့…. အမြဲတမ်း”
ချန်းတယ်ယွီ ဆွံ့အသွားသည်။ ရှောင်းယီက နန်းပေါင်ရီကိုကြည့်တဲ့အကြည့်နဲ့ အမူအရာတွေက တကယ်ကိုအရိပ်အမြွတ်ပြနေသည်ပဲ။ နန်းပေါင်ရီက သူ့ကို စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းစေခဲ့ချင် သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူက ပြီးပြည့်စုံတဲ့ နန်းတော်ထဲမှာ မွေးဖွားခဲ့တာဆိုရင်တောင် သူမရဲ့မျက်လုံးထဲမှာ သူက ဆယ့်ရှစ်နှစ်အရွယ် ရှောင်းယီရဲ့နောက်ကောက်ကျနေဦးမည်ပင်။
ဘယ်လိုတောင် အမြတ်အစွန်းတွက်ချက်တတ်တဲ့မိန်းမလဲ?
နန်းယန်က သူ့ရဲ့မျက်နှာပေါ်က တဆင့်ချင်း ပြောင်းလဲသွားတဲ့ အမူအရာတစ်ခုချင်းစီကို မြင်နေရသည်။
သူမကပြုံးရင်းနွေးထွေးတဲ့အသံနဲ့ “မစောတော့ဘူး၊ ညီမတို့လည်း အိမ်တော်ကိုပြန်သင့်ပြီ၊ ချန်းသခင်လေးက မေမေ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်”
သူမက ပြောပြီး ဦးညွှတ်နူတ်ဆက်ရင်း ထွက်သွားတော့သည်။
အစေခံက လေသံတိုးတိုးဖြင့် “မမလေး၊ ချန်းသခင်လေးနဲ့ ညစာစားပြီး ဆက်ဆံရေးခိုင်မာဖို့ အနီးကပ်စည်းရုံးသင့်တယ်၊ ဘာလို့ ရုတ်တရက်ကြီး အိမ်တော်ကိုပြန်ရတာလဲ”
နန်းယန်ရဲ့မျက်နှာက ရေသေလိုမည်းမှောင်နေသည်။
သူမက အေးစက်စွာဖြင့် “ချန်းတယ်ယွီက ဟိုမြေခွေးမ နန်းပေါင်ရီကို စပြီးစိတ်ဝင်စားနေတာကို နင်မမြင်ဘူးလား? ဒီယောကျာ်းက အရမ်းဈေးပေါလွန်းတယ်၊ သူနဲ့ပိုပြီး နီးကပ်လေလေ၊ သူကပိုပြီးငါ့ကို ဂရုမစိုက်လေလေဖြစ်သွားမှာ၊ ရည်ရွယ်ချက်က ပြီးမြောက်နေပြီဆိုတော့ နှစ်မကုန်ခင်အထိ သူနဲ့ထပ်မတွေ့တော့ဘူး”
“မမလေးက အရမ်းတော်တာပဲ”
တဖက် နန်းအိမ်တော်ရဲ့လှည်းထဲမှာတော့……
နန်းပေါင်ရီက နူးညံ့တဲ့မွေ့ရာပေါ်မှာ နွေးနွေးထွေးထွေးမှီနေပြီး ဝတ်ရုံစကို ဂရုတစိုက်မတင်လိုက်သည်။ လဲကျတဲ့အချိန်မှာ ပိုးသားဝတ်စုံခံနေတာကြောင့် သူမရဲ့ဒူးခေါင်းက အနည်းငယ်သာ နာကျင်သွားသည်။
ရှောင်းယီက အချိန်ခဏမျှ သူမကိုကြည့်နေပြီး သူ့ရဲ့လက်ကိုဆန့်၍ သူမရဲ့ဒူးခေါက်ကွေးကို အကျွမ်းတဝင်ရှိစွာ ဖမ်းဆုတ်လိုက်သည်။ သူက ပန်းထိုးဖိနပ်နဲ့ ခြေအိတ်ကိုချွတ်ပေးလိုက်ပြီး သူ့ရဲ့ဒူးခေါင်းပေါ်မှာ သူမရဲ့ခြေထောက်ကိုတင်လိုက်သည်။ သူက သူမရဲ့ဘောင်းဘီကို လိပ်တင်လိုက်သည်။
နန်းကျောင်းကျောင်းရဲ့ အစိတ်အပိုင်းတွေက လုံးဝန်း၍ အချိုးအစားကျနပြီး ပြည့်ပြည့်တင်းတင်းနဲ့ ဖြူအု နူးညံ့နေသည်။ ခေါင်းရမ်းပန်းအဆီကို နှစ်ပေါင်းများစွာ လိမ်းကျံခဲ့ခြင်းရဲ့အကျိုးဆက်ကြောင့် သူ့ရဲ့လက်ချောင်းတွေနဲ့ ထိလိုက်တဲ့ အထိအတွေ့က ဝါဂွမ်းလေးလို နုနယ်နေသည်။
သူမရဲ့အသားအရေနူးညံ့မှုက ချည်သားနဲ့ လီနင်သားဝတ်စုံတွေသာ ဝတ်ဆင်ရရင် ခြစ်ရာထင်သွားမလား တောင် သူစိုးရိမ်မိသည်။
သူမရဲ့ဒူးခေါင်းက ညိုမည်းနေသည်။ သူ့အတွက်တော့ ထိခိုက်မှုအသေးအဖွဲလေးဆိုပေမယ့် သူဂရုမစိုက်ပေးဘဲ မနေနိုင်ပါချေ။ သို့သော်လည်း နန်းကျောင်းကျောင်းရဲ့ရှေ့မှာတော့ သူက အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူမရဲ့ဒူးခေါင်းကို သူ့ရဲ့လက်ချောင်းတွေနဲ့ ထိတွေ့နေရင်း ပြောလာသည်။
“နန်းကျောင်းကျောင်း၊ မင်းက ယုန်လား? လမ်းကောင်းကောင်းမလျှောက်နိုင်ဘူးလား?”
နန်းပေါင်ရီက ရှက်ရွံ့နေသည်။ သူမက ပျော်ရွှင်စွာနဲ့ လမ်းလျှောက်တဲ့အခါမှာ အနည်းငယ်ခုန်ဆွခုန်ဆွ သွားမိသည်။ အပြာရောင်ကျောက်ခင်းလမ်းက ချော်နေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ? တကယ်တော့ သူမ ခုန်ဖို့ဆို ပတ်ဝန်းကျင်ကို လေ့လာကြည့်သင့်သည်။
သူမက ရေှာင်းယီ ကြွေခရားလေးကိုဖွင့်လိုက်တာကို ကြည့်နေသည်။ သူက လိမ်းဆေးအဆီအနည်းငယ် ကိုယူပြီး သူမရဲ့ဒူးခေါင်းပေါ် သုတ်လိမ်းပေးလိုက်သည်။
အဆင့်အတန်းမြင့်ပြီး အာဏာရှိတဲ့ လူငယ်လေးက တခြားတစ်ဖက်မှာ တည်ကြည်အေးစက်ပေမယ့် သူမကိုတော့ ရှင်းမပြနိုင်အောင် လုံခြုံနွေးထွေးတဲ့ခံစားချက်ကို ပေးစွမ်းသည်။
သူမရဲ့အမတ်မင်း၊ သူမချစ်ခင်ရတဲ့ …………
ထိုအသိက နန်းပေါင်ရီရဲ့အမြှီးကို ကွေးကုတ်သွားစေသည်။
သူမက ပန်းထိုးအိတ်ကိုထုတ်ယူလိုက်ပြီး ရှောင်းယီရဲ့ရှေ့မှာ ဂုဏ်ယူစွာနဲ့ဝှေ့ရမ်းလိုက်သည်။
“အစ်ကို ၂၊ ညီမလေး စာကိုအဓိပ္ပါယ်ဖော်နိုင်ပြီ”
ထိုစကားကိုကြားတဲ့အခါမှာ ရှောင်းယီရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။
သူက သူမရဲ့ ဘောင်းဘီရှည်နဲ့ ဝတ်စုံစကို ပြန်ချပေးလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ငါမနေ့ညက သောက်ထားလို့မူးနေတယ်၊ အဲ့ဒါကြောင့် ကြုံသလိုစာပြန်လိုက်တာ၊ ခေါင်းထဲထည့်မနေနဲ့”
နန်းပေါင်ရီက သူ့ရဲ့လည်ပင်းကိုလက်တစ်ဖက်နဲ့ သိုင်းဖက်ရင်း သူ့ရဲ့နားနားကိုကပ်ပြီး တိုးဖွဖွပြောသည်။
“အစ်ကို ၂ က ညီမလေးကိုစာထဲမှာ မေးထားတယ်လေ၊ မင်းကိုငါ့ရဲ့နှလုံးသားပေးအပ်ချင်တယ်လို့….”
ရှောင်းယီရဲ့မျက်လုံးတွေက အနည်းငယ်ဟန်ချက်ပျက်သွားသည်။
ကောင်မလေးက စာကိုပြောင်းပြန်ကြီးဖတ်လိုက်တာလား?
သူ နန်းပေါင်ရီကို တည့်တည့်ကြည့်လိုက်သည်။ သူမက ဖွေးအုပြီး နူးညံ့နေတဲ့မျက်နှာလေးနဲ့ နတ်ဆိုးလိုပြုံးနေသည်မှာ အရမ်းချစ်ဖို့ကောင်းလွန်းသည်။ သူက လက်ကိုဆန့်ပြီး သူမရဲ့မျက်နှာလေးကို ဖြစ်ညှစ်လိုက်ပြီး မြှူစွယ်သလိုမေးလာသည်။
“အဲ့ဒီတော့ ကျောင်းကျောင်းက အစ်ကို့နှလုံးသားကိုလက်ခံမှာလား?”
နန်းပေါင်ရီက သူ့ကိုတွန်းထုတ်လိုက်ပြီး သူမရဲ့ပူလာတဲ့မျက်နှာကို ပွတ်လိုက်သည်။
သူမက မြှားတစ်စင်းနဲ့ လေးတစ်လက်ကိုဖန်တီး၍ ရှောင်းယီရဲ့နှလုံးသားကို တည့်မတ်အောင် ချိန်ရွယ်ပြီးပစ် လိုက်သလိုပင်။
“အာ….”
သူမက မျက်နှာကိုပွတ်နေတဲ့လက်တွေကိုလွှတ်လိုက်သည်။ ရှောင်းယီက မျက်ခုံးပင့်မိသွားသည်။
နန်းပေါင်ရီက ရွတ်နောက်နောက်နဲ့ ရှောင်းယီကို မျက်စိမှိတ်ပြရင်း “ညီမလေးက အစ်ကို့ရဲ့ နှလုံးသားကို ပစ်မိသွားပြီ၊ အနာဂတ်မှာ အစ်ကိုရဲ့နှလုံးသားက ညီမလေးအပိုင်ပဲ”
ကောင်မလေးက မျက်ခုံးတွေကိုကွေးညွတ်နေပုံက တစ်ယောက်တည်းသာပိုင်ချင်ပြီး လွှမ်းမိုးလိုဟန် ရှိသည်။
ရှောင်းယီက သူ့ရဲ့နှလုံးကို ဖိထားလိုက်သည်။ သူ့ရဲ့နှလုံးခုန်သံက အခါပေါင်းများစွာထက် ပိုပြီး မြန်ဆန်နေသည်။ သူ့ရဲ့သွေးခုန်နှုန်းက မြင့်တက်လာပြီး ရင်အုပ်က တဖြည်းဖြည်းပူလောင်လာသည်။
သူ့ရဲ့နူတ်ခမ်းထောင့်တွေက ပင့်တက်သွားပြီး လက်ကိုဆန့်၍ နန်းပေါင်ရီရဲ့ ဖြူဖွေးပြီးနူးညံ့နေတဲ့ မေးဖျားလေးကိုပင့်မော့လိုက်သည်။
သူမရဲ့မျက်နှာနားကို ဖြည်းဖြည်းချင်းကပ်သွားပြီး သူမရဲ့နှာခေါင်းထိပ်ဖျားလေးကို သူ့ရဲ့ပါးလွှာတဲ့ နူတ်ခမ်းနဲ့ ဖွဖွလေးထိကပ်လိုက်သည်။ သူက မျက်လုံးတွေကိုအောက်ချပြီး သူမရဲ့ ပန်းရောင်ဖျော့ဖျော့ သန်းနေတဲ့နူတ်ခမ်းလေးတွေကို စိုက်ကြည့်နေသည်။
သူက လေငွေ့နွေးနွေးရိုက်ခတ်နေတဲ့ အသံတိုးဖွဖွဖြင့် “မင်းရဲ့သဘောအတိုင်းပဲ၊ အခုအချိန်ကစပြီး အစ်ကို့ရဲ့နှလုံးသားက မင်းအပိုင်ပဲ…”
နန်းပေါင်ရီက အံ့အားသင့်လွန်းပြီး ဆွံ့အသွားသည်။
သူ့ရဲ့ရှေ့က အစ်ကို ၂ က အပျော်အပါးကိုရှောင်ရှားတဲ့ နတ်ဆိုးလို၊ မာနကြီးပြီး အထက်စီးဆန်ပေမယ့် ကြင်နာနေသလိုပင်။
သူမကို သူ့ရဲ့တောင်ပံတွေကြားမှာ စာဝါငှက်လေးကို လှောင်အိမ်မှာပိတ်ထားသလို တဖက်သတ် သိမ်းထုတ်ထားသည်။
နန်းပေါင်ရီက ရုတ်တရက် အသက်ရှုရပ်တန့်သွားမိသည်။ သူမရဲ့နှလုံးခုန်သံက မတည်ငြိမ်တော့လဲ သူမရဲ့ရင်ဘတ်က အနည်းငယ် ပူလောင်လာသည်။
သူမက ရှောင်းယီကို အလောတကြီး တွန်းထုတ်လိုက်ပြီး ပြတင်းပေါက်ဘက်သို့ ကပ်ပြီးပုန်းနေ တော့သည်။ သူမက လိုက်ကာကိုလှပ်လိုက်ပြီး လမ်းမကိုဖြတ်ပြီးတိုက်လာတဲ့ လတ်ဆတ်တဲ့လေကို ရှုရှိုက်လိုက်သည်။ သို့သော်လည်း သူမရဲ့ရင်ဘတ်ကတော့ ပူနေဆဲပါပင်။
သူမက ရှက်ကိုးရှက်ကန်းဖြင့် “အစ်ကို ၂ က ညီမလေးကိုလှောင်နေတာ…”
“ငါမင်းကိုဘယ်တုန်းကလှောင်လို့လဲ”
နန်းပေါင်ရီက ပြန်မဖြေပါချေ။ ရှောင်းယီက သူမကို စနောက် လှောင်ပြောင် နေပြီး သူမကို ရှက်ပြီး မျက်နှာနီအောင်၊ နှလုံးခုန်သံတွေမြန်လာအောင်လုပ်နေသည်က ဖျားချင်လာသလိုလို ဖြစ်သွားစေသည်။
သူမက အေးစက်နေတဲ့ လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်ပြီး ပြတင်းမှတဆင့် အပြင်ကို ငေးကြည့်နေသည်။
အမတ်မင်းက နတ်ဆိုးကြီးပဲ၊ သူမသူ့ကို ဝေးဝေးရှောင်ရမည်။
……………..
ဆုန်းဟယ့်ခြံရဲ့ အနောက်ဝင်းမှာ နန်းပေါင်ရီက စာတစ်စောင်ကိုရေးနေသည်။ ဟယ်ယဲ့က သူမကို မင်သွေးပေးနေပြီး စူးစမ်းလိုက်သည်။
“ချန်းသခင်မဆီကိုပို့မဲ့စာလားဟင်? အရင်တစ်ခေါက်က သူလည်းမမလေးဆီကို စာပို့သေးတယ်နော်၊ မမလေးကို သူ့အိမ်တော်မှာ ညစာလာစားမလားလို့လည်းမေးသေးတယ်၊ အဲ့ဒီတုန်းက မမလေး မသွားလိုက်ဘူး၊ မမလေးဘယ်လိုစဉ်းစားထားလဲ၊ သူ့ကို ပန်းခြံကိုလာလည်ဖို့ဖိတ်မှာလား?”
နန်းပေါင်ရီက ငွေစအနည်းငယ်ကို ထုတ်ယူလိုက်ပြီး မှင်တွေကိုခြောက်အောင် လေမှုတ်လိုက်သည်။
သူမက ပြုံးရင်း “ဒါပေါ့၊ ဒါပေမယ့် အဲ့ဒါက ငါ့အတွက်တော့မဟုတ်ဘူး၊ နင်က ဒီစာကို လျှို့ဝှက်ပြီး သူ့ဆီကိုပို့ပေးရမယ်၊ ပြီးတော့ သူမကို ကိုယ်တိုင်တွေ့ပြီး မနက်ဖြန် ဝတ်စားပြင်ဆင်ထားဖို့ ပြောလာခဲ့၊ ချန်းယဲ့ရူက အရမ်းဉာဏ်ကောင်းတယ်၊ သူက ငါ့ရဲ့ဆိုလိုရင်းကို နားလည်လိမ့်မယ်…”
ဟယ်ယဲ့က တွေးတောစဉ်းစားရင်း စာကိုယူပြီး ထွက်သွားတော့သည်။
နန်းပေါင်ရီက နောက်ထပ်ကြက်ပေါင်းတစ်ပန်းကန်ကို ပို့ပေးဖို့ပြောလိုက်ပြီး နန်းကွမ်ကို တွေ့ဖို့ အရှေ့ခြံကို ထွက်သွားလိုက်သည်။
နန်းကွမ်က လက်တွေကို ဝတ်ရုံလက်ထဲထည့်ထားရင်း ခြံထဲမှာ ကြက်တိုက်နေတာကို ကြည့်နေသည်။ သမီးငယ်လေးဝင်လာတာကို တွေ့တဲ့အခါ သူက သူမရဲ့လက်တွေကို လျင်မြန်စွာ ကိုင်လိုက်ပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်သည်။
“ကျောင်းကျောင်း သမီးကြည့်ကြည့်၊ ဒါက သံမဏိစစ်သူကြီး နံပါတ် ၆ပဲ၊ ဖေဖေက ငွေစအများကြီး အကုန်ခံပြီး တစ်ခြားနေရာကဝယ်ထားရတာ၊ သူ့ရဲ့ အတောင်တွေအရောင်ကို ကြည့်ကြည့်စမ်း၊ ဘီးနဲ့ သေချာဖြီးထားသလိုပဲ၊ အရမ်းလှတဲ့ကြက်တစ်ကောင်ပဲ၊ မနက်ဖြန်ကျရင် အဖေက ကြက်တိုက်ပြိုင်တဲ့ဆီ ကိုသူ့ကိုခေါ်သွားပြီးပြိုင်ရင် ငွေစအများကြီး နိုင်မှာကျိန်းသေတယ်”
နန်းပေါင်ရီက ထိုအပြုအမူကို မနှစ်သက်ပေ။ ကြက်ဖက အရောင်အဆင်းလှပနေပေမယ့် ခြေထောက် တွေက ပိန်ပါးပြီး ခြေသည်းတွေကလည်း အားနည်းဟန်ရှိသည်။ တခြားကြက်ဖတွေနဲ့ တိုက်နိုင်မှာ မဟုတ်ချေ။ သူမက ပြောလိုက်သည်။
“အရင်က ဖေဖေမွေးထားတဲ့ သံမဏိစစ်သူကြီး ၁, ၂, ၃, ၄, ၅ တွေလည်း တခြားကြက်တွေခွပ်တာခံရပြီး သေသွားတာလေ၊ ဖေဖေမေ့သွားပြီလား? ဘာလို့ထပ်ပြီး တိုက်ကြက်ဖဝယ်ဖို့ ငွေစတွေဖြုန်းပစ်ရတာလဲ၊ ထပ်ပြီးကြက်လာရောင်းတာ ခံရပြန်တာလား၊ အလိမ်ခံရပြန်ပြီ…”
သူမက ရုတ်တရက် သိချင်စိတ်ပြင်းထန်သွားပြီး “ဖေဖေ ငွေစဘယ်ကရလဲ?”
…………………

အာဃာတပြန်တမ်းWhere stories live. Discover now