Unicode
အပိုင်း (၁၃၇)
စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ဖျက်သိမ်းခြင်း (၁)
နန်းသခင်မကြီးက နန်းပေါင်ရီကို လက်ယမ်းပြလိုက်ပြီး “ကျောင်းကျောင်း၊ ဒီကိုလာ”
နန်းပေါင်ရီက သူမရဲ့လက်မောင်းတွေကြားမှာ ပျော်ရွှင်စွာမှီလိုက်ပြီး “အဘွားက ဒီနေ့နှစ်နှစ်လောက် ပိုငယ်နေသလိုပဲ၊ အဲ့ဒါက အစ်ကိုကျန်းရဲ့ အရေးအကြောင်းတွေကို လျှော့စေတဲ့ လိမ်းဆေးအဆီကြောင့် ဖြစ်ရမယ်”
“အပြောလေးက အရမ်းချိုတာပဲ”
အဘွားအိုကပြုံးလိုက်ပြီး သူမရဲ့နှာခေါင်းလေးကို ဖြစ်ညှစ်လိုက်သည်။
“နေ့တိုင်း ကျောင်းကျောင်းက အဘွားကို နှစ်နှစ်လောက်ငယ်သွားတယ်ပဲပြောနေတာ၊ အဲဒီအတိုင်းသာ တကယ်အသက်ငယ်သွားရင် အဘွားက ကျောင်းကျောင်းထက်တောင်ပိုပြီးငယ်နေတော့မယ်”
“ဟီး…”
နန်းပေါင်ရီက အဘွားအိုကို ပျော်ရွှင်စွာ ပွတ်သပ်နေလိုက်သည်။
အဘွားအိုက ပြတ်သားတဲ့အသံဖြင့် “ဒီနေ့ ကြောင်းလမ်းခြင်းကို ဖျက်သိမ်းမယ် အဲ့ဒီအတွက် နောင်တရစရာလုံးဝမရှိဘူး၊ ချန်းတယ်ယွီရဲ့ စိတ်ထားကဆိုးတယ်လို့ ကျောင်းကျောင်းက ယုံကြည်လို့ ကြောင်းလမ်းခြင်းကို မဖြစ်မနေဖျက်သိမ်းတာပဲ၊ ဒုတိယချွေးမနဲ့ ရှစ်နင် မင်းတို့က အမြဲတမ်းအပြင်မှာ အလုပ်ထွက်လုပ်နေတာဆိုတော့ အပြင်က သင့်တော်တဲ့အသက်အရွယ်နဲ့ အခြေအနေရှိတဲ့သူတွေကို တွေ့ရင် သတိထားပြီးကြည့်ကြ၊ ငါတို့ကျောင်းကျောင်းနဲ့မိတ်ဆက်ပေးရအောင်”
သူမက ရှောင်းယီကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောသည်။
“ကျောင်းကျောင်းထက် နှစ်နှစ်၊ သုံးနှစ်လောက်ကြီးရင် အကောင်းဆုံးပဲ၊ နွားအိုမြက်နုကြိုက်သလိုမျိုး မဖြစ်စေနဲ့”
ရှောင်းယီက နန်းပေါင်ရီထက် ခြောက်နှစ်ကြီးသည်။ သူက ဘာအမူအရာမှ မပြဘဲ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်နေသည်။ တကယ်ဆို သူက အသက်ဆယ့်ရှစ်နှစ်သာရှိသေးသည်။
သူ့ရဲ့အသက်က အရမ်းများကြီးနေလို့လား?
သူ့ရဲ့စိတ်ထဲမှာ နန်းသခင်မကြီးကိုလည်း စာရင်းထဲထည့်မှတ်ထားလိုက်သည်။
သခင်မကျန်းက ပြုံးရင်း “မပူပါနဲ့၊ ကျွန်မရဲ့ တူလေးတွေက တော်ပြီး အရည်အချင်း ပြည့်မီတဲ့သူတွေပဲ၊ သူတို့အားလုံးက အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်လေးတွေချည်းပဲ၊ သူတို့က ကျွန်မအဖေရယ် အစ်ကိုရယ်နဲ့ ငယ်ငယ်ကတည်းက လေ့ကျင့်ရေးဆင်းလာကြတာ၊ သူတို့က သန်မာပြီး ကျောင်းကျောင်းကိုလည်း ကျိန်းသေပေါက် ကာကွယ်ပေးနိုင်မှာ၊ မနက်ဖြန်ကျရင် သူတို့အားလုံးကို အိမ်တော်ကိုဖိတ်လိုက်မယ်၊ ကျောင်းကျောင်းသဘောကျတဲ့သူတစ်ယောက်ရွေးပါစေ၊ တကယ်လို့ တစ်ယောက်ထပ်ပိုပြီး ကြိုက်တယ်ဆိုလည်း အာလုံးကို ခေါ်ထားလိုက်မယ်”
နန်းပေါင်ရီက သူမရဲ့ ရှက်သွေးဖြာပြီးရဲနေတဲ့မျက်နှာလေးကို တိတ်တဆိတ်ဖုံးကွယ်လိုက်သည်။ တကယ်တော့ သူမက ဒီကိစ္စကို တောင့်တခြင်းသိပ်မရှိပါချေ။
ရှောင်းယီရဲ့အမူအရာက တဖြည်းဖြည်းပိုပြီး အေးစက်လာသည်။ သူက သခင်မကျန်းကိုလည်း စာရင်းထဲ ထည့်မှတ်ထားလိုက်ပြန်သည်။
အိမ်တော်ရဲ့ပျော်ရွှင်နေသူတွေကြားမှာ နန်းကွမ်က မျက်မှောင်ကြုပ်လိုက်ပြီး “အမေ၊ ဒုတိယအစ်မ၊ အားလုံးက ကျောင်းကျောင်းကို ထောက်ခံနေကြတယ်၊ ဒါက ပြီးပြည့်စုံတဲ့မိသားစုနဲ့ လက်ထပ်ရမဲ့ပွဲပဲ၊ ဘာလို့အဲ့ဒါကို မဆင်မခြင်နဲ့ ဖျက်သိမ်းဖို့လုပ်နေကြတာလဲ၊ ကျောင်းကျောင်း ချန်းသခင်လေးလို ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့သူမျိုးကို ဆုတောင်းလို့တောင်မရနိုင်ဘူး”
“ပါးစပ်ပိတ်ထား!”
အဘွားအိုက စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်သည်။
“ငါတို့ပြောနေတာကို နှောင့်ယှက်ချင်တာလား”
နန်းကွမ်က ချွေးစီးတွေထွက်လာသည်။ သူ့သမီးရဲ့မင်္ဂလာပွဲကို သူကဘာကြောင့်များ ဝင်စွက်ဖက်ခွင့် မရှိရမှာလဲ။ ပြီးပြည့်စုံတဲ့ သားမက်တစ်ယောက်ကို ရတော့မည်ဟု သူလည်း စိတ်ကူးယဉ်ခဲ့ဖူးသည်။
ခန်းမက အရမ်းကို အသက်ဝင်နေချိန်မှာ အစေခံတစ်ယောက်က တံခါးဘောင်ကိုဖြတ်ပြီး ချန်းအိမ်တော်က ရောက်လာပြီဖြစ်ကြောင်း လာရောက်သတင်းပို့သည်။
သခင်မဟောင်နဲ့အတူ ချန်းတယ်ယွီကိုယ်တိုင် ရောက်လာခဲ့သည်။ ထိုသားအမိနှစ်ယောက်ရဲ့မျက်နှာက စိတ်ပါဝင်စားခြင်းမရှိသည့်ဟန်မှာ ပေါ်လွင်လို့နေသည်။
အားလုံးနေရာယူပြီးနောက် လူကြီးတွေက ခန်းမထဲမှာ ဆွေးနွေးဖို့ကျန်ခဲ့ကြပြီး လူငယ်တွေကိုတော့ အဒေါ်ကျိက ခေါ်ဆောင်သွားသည်။
နန်းပေါင်ရုံက နန်းပေါင်ရီ ဝမ်းနည်းပြီး အဆင်မပြေဖြစ်မှာစိုးတာကြောင့် ညီမငယ်လေးနှစ်ယောက်ကို ဘေးခန်းမကိုခေါ်သွားပြီး သူမ မင်္ဂလာဆောင်ဆောင်စဉ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ တွေကို ပြောပြနေသည်။
နန်းပေါင်ရီက စားပွဲဝိုင်းမှာထိုင်ပြီး မျက်နှာလေးကို လက်ထဲထည့်ထားသည်။ သူမက မျက်ခုံးတွေကို ကွေးညွတ်ပြီး ပြောလာသည်။
“မမကြီး အဲ့ဒီလို လုပ်စရာမလိုပါဘူး၊ ညီမလေးက ချန်းတယ်ယွီကို မကြိုက်ပါဘူး၊ အဲ့ဒါကြောင့် သူ့ကိုလက်မထပ်ရရင်တောင် ဘာလို့စိတ်မကောင်းဖြစ်ရမှာလဲ”
“မမကြီးစိုးရိမ်တာက ညီမလေးက အရမ်းစဉ်းစားပေးတတ်တော့ မျက်နှာမှာ ပျော်နေဟန်ဆောင်ပြီး စိတ်ထဲမှာ ဝမ်းနည်းနေမှာ စိုးရိမ်တာပါ”
နန်းပေါင်ရုံက သူမရဲ့ခေါင်းလေးကို ထိလိုက်ပြီး စိုးရိမ်ဟန်နဲ့ပြောသည်။
“ကျောင်းကျောင်း တကယ်လို့ နောက်ပိုင်းမှာ ညီမလေးမပျော်ဘူးဆိုရင် ဝမ်းကွဲအစ်ကိုရဲ့အိမ်ကိုလာပြီး ခဏလောက်နေလေ၊ မမက ညီမလေးအတွက် ပြောပေးမယ်”
သူတို့အားလုံးပြောကြတာက မမကြီးက တကယ်ကို အမေတစ်ယောက်လိုပင်။ မမကြီးရဲ့ စကားသံက ပျော့ပျောင်းပြီး အမေတစ်ယောက်လို ကြင်နာလှသည်။
နန်းပေါင်ရီရဲ့နှာခေါင်းထဲမှာ ချဉ်စူးစူးဖြစ်လာသည်။
သူမက ညင်သာစွာပွေ့ဖက်လိုက်ပြီး “မမကြီး….”
နန်းပေါင်ကျူးက ပန်းပွင့်ကိတ် တစ်ခြမ်းကိုစားပြီးနောက် နူတ်ခမ်းဆူလိုက်ပြီး “ဒါက ဝမ်းနည်းဖို့ ကောင်းတဲ့ ပြဇာတ်လည်းမဟုတ်ဘူး၊ မမကြီးတို့နှစ်ယောက်က ဘယ်လိုဖြစ်နေကြတာလဲ၊ ကြောင်းလမ်းခြင်းဖျက်သိမ်းလည်း ဖျက်သိမ်းပါစေပေါ့၊ နောက် အသစ်တစ်ယောက်ရမှာပဲ၊ ညီမလေးတို့မှာ ပိုကောင်းတဲ့ မတ်လေးတစ်ယောက် ရလာမှာ”
မိန်းမငယ်လေးက ပြောနေစဉ်မှာ ချန်းတယ်ယွီက ပန်းခြံတွင် စောင့်နေသည်။ မင်္ဂလာပွဲ၊ မိဘတွေရဲ့ ဆုံးမစကားတွေ၊ နှစ်ဦးနှစ်ဖက်ပြောစကားတွေကို သူနားမထောင်ချင်ပါချေ။ သူနဲ့နန်းအိမ်တော်က စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ထုံးတမ်းအစဉ်အလာအတိုင်း သူ့မိခင်က လာရောက်ညှိနှိုင်းခြင်းဖြစ်သည်။
သူဒီနေ့ လိုက်လာရတဲ့အကြောင်းက နန်းယန်နဲ့တွေ့ချင်လို့သာ ဖြစ်သည်။ နန်းပေါင်ရီက ငိုသည်ဖြစ်စေ၊ မငိုသည်ဖြစ်စေ သူက တစ်ယောက်သွားရင် နှစ်ယောက်ရမှာပင်။ သူက သက်တောင့်သက်သာရှိနေပြီး သူလို လူကြီးလူကောင်းတစ်ယောက်က ဘာမှ ဂုဏ်သိက္ခာကျစရာမရှိချေ။
သူစောင့်ဆိုင်းနေစဉ်မှာ နန်းကွမ်က အပြုံးနဲ့ ရောက်လာခဲ့သည်။ သူက လက်တွေကိုပွတ်နေပြီး အပင်ငယ်ရဲ့အနောက်မှာကွယ်နေတဲ့ခေါင်းက ထွက်ပြူလာသည်။
“သမက်လောင်းလား?”
ချန်းတယ်ယွီက အေးတိအေးစက်အမူအရာနဲ့ သူ့ဘက်ကို လှည့်လိုက်သည်။ နန်းအိမ်တော်ရဲ့ သခင် ၃ က ကျင်းကွမ်မြို့မှာ အနည်းငယ်နာမည်ကြီးသည်။ သူငယ်ငယ်တုန်းက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြဇာတ်တစ်ခုကို ကြားဖူးခဲ့သည်။ သူက သာမန်ဇနီးတစ်ယောက်ကို လက်ထပ်ယူလိုက်ပြီး အပြင်ဆောင်ဇနီးအဖြစ် မြှောက်စားထားပြီး သူနဲ့အတူ အိပ်ရာတစ်ခုတည်း မှေးစက်စေသည်။
သူက အသက်လေးဆယ်ကျော်နေပြီဖြစ်ပေမယ့် အသားအရေက ချောမွတ်နေပြီး ယောကျာ်းပီသ၍ ကြည့်ကောင်းဟန်ရှိသည်။ ပထမတစ်ခေါက်အကြည့်မှာတော့ သူက ပညာတတ်တစ်ယောက်လို ဟန်ပန်ရှိသည်။
သို့သော်လည်း ထိုသူရယ်လိုက်တဲ့အခါမှာတော့ ကြောင်တောင်တောင် အမူအရာက ဖုံးလွှမ်းသွားပြီး သူ့ရဲ့မျက်ခုံးတွေနဲ့ မျက်နှာက တုံးအတဲ့ပုံစံဖြစ်သွားစေသည်။
ချန်းတယ်ယွီက ပေါ့ပါးဟန်နဲ့ “ကျွန်တော်က ကောင်းမွန်တဲ့ သားမက်တစ်ယောက်မဟုတ်ပါဘူး၊ နန်းဦးလေး ၃ ကရော ဘယ်လိုထင်လဲ”
“အာ၊ အဲ့ဒါဦးလေးမပြောတတ်ဘူး၊ ဦးလေးမေးချင်တာက ဘာကြောင့် ကျောင်းကျောင်းက မောင်ရင့်ကို ကွာရှင်းချင်ရတာလဲ၊ မင်းတို့ လူငယ်တွေက ငယ်ရွယ်ပြီး ဉာဏ်ကောင်းကြတယ်၊ ဖြစ်ရိုးဖြစ်စဉ် ခဏတဖြုတ် ရန်ဖြစ်ကြတာဆိုရင် အရမ်းမာနထားပြီး ကွာရှင်းဖို့အထိမလိုပါဘူး”
နန်းကွမ်က ဝတ်ရုံလက်ထဲကို လက်ထည့်ပိုက်လိုက်ပြီး ကြည့်ရဆိုးတဲ့အပြုံးက သူ့မျက်နှာမှာ ထင်ဟပ်နေသည်။
“ဦးလေးတို့အိမ်တော်က အရမ်းလှတယ်၊ မောင်ရင့်အရည်အချင်းနဲ့ ဒီအိမ်က ကောင်းမွန်တဲ့သားမက် တစ်ယောက် ဖြစ်လာမှာဆိုတာ ယုံမှားသံသယဖြစ်စရာမရှိဘူး”
နန်းကွမ်က သူ့ကို စေ့စပ်ကြောင်းလမ်းခြင်း မဖျက်သိမ်းဖို့ စည်းရုံးနေသည်…. ချန်းတယ်ယွီက တဟက်ဟက် ရီမောလိုက်သည်။ နန်းပေါင်ရီက သူ့ကိုရှင်းထုတ်ပစ်ဖို့ ကြိုးစားပြီးမှ သူ့ကိုတကယ်တမ်း တွေ့တဲ့အခါမှာ ကြောင်းလမ်းခြင်းကို မဖျက်သိမ်းချင်တော့တာကြောင့် သူမအဖေကို စည်းရုံးဖို့ လွှတ်လိုက်တယ်ပေါ့။
စိတ်မကောင်းစရာက သူမအပေါ်သူတကယ် စိတ်ပျက်သွားပြီဖြစ်သည်..
သူကလက်ကိုရမ်းပြလိုက်ပြီး “နန်းဦးလေး ၃ ကို စိတ်ပျက်စေမိပြီ၊ မနေ့က နန်းအိမ်တော်က မောင်နှမ သုံးယောက်က ချန်းအိမ်တော်ကို ဆူဆူညံညံနဲ့ ပွက်လောရိုက်အောင် လုပ်သွားကြပြီး ကျွန်တော်တို့ ချန်းအိမ်တော်ကို မျက်နှာပျက်အောင် လုပ်ခဲ့ကြတယ်၊ အဲ့ဒါကြောင့် အရမ်းအရေးပါတဲ့ စေ့စပ် ကြောင်းလမ်းခြင်းကို ဒီနေ့လာ ဖျက်သိမ်းတာပဲ”
နန်းကွမ်က ရှုပ်ထွေးသွားသည်။ ပထမအချက်က သူပြီးပြည့်စုံတဲ့သားမက်ကို လိုချင်ပြီး ကျင်းကွမ်မြို့ကိုပတ်ပြီး ကြွားဝါချင်သည်။ ဒုတိယက ကျောင်းကျောင်းက သူ့ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး ကြောင်းလမ်းခြင်းကို ဖျက်သိမ်းလိုက်ရင် တခြားသူတွေရဲ့ အပြစ်ရှာ ဝေဖန်တာကို ခံရတော့မည်။ အနာဂတ်မှာ သူမနဲ့သင့်တော်မဲ့ ခင်ပွန်းကို ရဖို့ ခက်ခဲလိမ့်မည်။
သူတို့အိမ်က မိန်းမတွေက အမြင်မရှိကြပေ၊ သူ့မှာ ယောကျာ်းလေးတစ်ယောက်ကို ကြည့်နိုင်တဲ့ အမြင်ရှိပြီး သူက ကောင်းကင်တစ်ဝက်လောက်ကို လှမ်းတက်ချင်ခဲ့သည်။
ဒါ့ကြောင့် သူ့ကိုယ်သူပိုနှိမ့်ချလိုက်ပြီး သူ့ရဲ့မျက်နှာပေါ်က အပြုံးက မျက်နှာချိုသွေးလွန်းနေသည်။
“သားမက်လေး၊ ဦးလေးရဲ့ကျောင်းကျောင်းက တကယ်ကောင်းတဲ့ မိန်းကလေးပါ၊ ထပ်ပြီးစဉ်းစားပါဦး၊ မနေ့ကဖြစ်ခဲ့တာတွေအကုန်လုံးက ရှောင်းယီကြောင့်ပါ၊ ရှောင်းယီက အရမ်းဆိုးတယ်ဆိုတာ သိတယ်မှလား၊ ကျောင်းကျောင်းက သားမက်လေးကို အရူးအမူးချစ်မြတ်နိုးတာပါ၊ တစ်ခါတလေမှာ ရှောင်းယီကြောင့် နည်းနည်းစိတ်ရူးပေါက်သွားတာမျိုးဖြစ်မယ်၊ သားမက်လေးက အမြင်ကျယ်ကျယ် ထားပေးပါ”
နန်းကွမ်က မျက်ခုံးတွေကို ချလေလေ၊ ချန်းတယ်ယွီ ရဲ့မျက်လုံးက ပိုပြီးပျော်ရွှင်ဟန်ရပြီး နန်းပေါင်ရီကို အထင်သေးလေလေဖြစ်လာရသည်။
သူကလက်တွေကို ဆုပ်ကိုင်လိုက်ပြီး “ဦးလေး ၃၊ စိတ်မပူပါနဲ့ ကျွန်တော်ဒီကိုလာတာ စေ့စပ် ကြောင်းလမ်းခြင်း ဖျက်သိမ်းဖို့တစ်ခုတည်းမဟုတ်ပါဘူး”
နန်းကွမ်ရဲ့မျက်လုံးတွေက ပင့်တက်သွားသည်။
ချန်းတယ်ယွီက ဆက်ပြောသည်။
“လူပြောင်းချင်တာပါ”
“ပြောင်းမယ်?…..ဘာကိုပြောင်းမှာလဲ?”
နန်းကွမ်က နားမလည်ပါချေ။
ချန်တယ်ယွီက ရေးရေးပြုံးလိုက်ရင်း “ကျွန်တော် ဦးလေး ၃ ရဲ့ နောက်ထပ်သမီးတစ်ယောက်ကို အကြိမ်ရေတော်တော်များများ တွေ့ပြီးပါပြီ၊ မနေ့က ကဗျာစပ်ဆိုပွဲမှာ ကြည့်ရတာတော့ သူက အပြင်ဆောင်နဲ့တောင် မတန်ဘူး၊ သူ့မှာကြော့ရှင်းတဲ့ အပြုအမူရှိပြီး ရိုးသားတယ်၊ ရှုနိုင်ငံက တခြား အစိုးရအရာရှိ ကတော်တွေထက်တောင်ပိုပြီး ရည်မွန်သေးတယ် ပိုပြီးစိတ်ထားမြင့်မြတ်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်က ဒီလက်ထပ်ပွဲကို နန်းပေါင်ရီအစားနန်းယန်နဲ့ အစားထိုးချင်တယ်”
သူက နန်းကွမ်ရဲ့ပုခုံးကိုပုတ်လိုက်ပြီး “အားလုံးက ဦးလေးရဲ့သမီးတွေပဲလေ၊ ကျွန်တော့ရဲ့ သတို့သမီးကို ပြောင်းလဲခွင့်ပေးပါ၊ ဘယ်လိုလဲ၊ ဘာပဲဖြစ်ဖြစ် ဦးလေးက အာဏာရှိတဲ့ မိသားစုကို သားမက်တော် ရမှာပဲလေ”
ပြောပြီးနောက် သူကပြုံးရင်း အဝေးကို လျှောက်သွားတော့သည်။
နန်းကွမ်က သူ့ရဲ့နောက်ကျောပြင်ကို စူးစိုက်ကြည့်နေသည်။
….. အားလုံးက ဦးလေးရဲ့သမီးတွေပဲလေ၊ ကျွန်တော့ရဲ့ သတို့သမီးကို ပြောင်းလဲခွင့်ပေးပါ….. ဘယ်လိုလဲ….
ချန်းတယ်ယွီက ကျောင်းကျောင်းနဲ့ ယန်အာကို ဟင်းရွက်ဈေးထဲက မုန်လာထုပ်လိုများထင်နေတာလား?
ဟုတ်သည်၊ သူ့ခေါင်းထဲမှာ အများကြီးရှုပ်ထွေးသွားတော့သည်။ ရွှေငွေစည်းစိမ်ဥစ္စာတွေနဲ့ အလှအပကို သူက ဂရုစိုက်ပေမယ့် ချန်းတယ်ယွီက သူ့ရဲ့ ပုလဲလုံးလေးလို သမီးကို နှိမ်ချဆက်ဆံနေသည်။
သူ့ရဲ့သမီးနှစ်ယောက်က ယောကျာ်းတစ်ယောက်ရဲ့ အရွေးချယ်ခံတွေ ဖြစ်ရတော့မည်လား?
သူက ရုတ်တရက်အော်လိုက်သည်။
“ချန်းတယ်ယွီ၊ ရပ်လိုက်”
ချန်းတယ်ယွီက ရပ်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။ နန်းကွမ်က ရှေ့ကို နှစ်လှမ်းတိုးလာပြီး သူ့ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တော့သည်။
………………………..
Zawgyi

ESTÁS LEYENDO
အာဃာတပြန်တမ်း
Ficción históricaဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...