part 131

3.2K 351 2
                                    

Unicode
အပိုင်း (၁၃၁)
ညီအစ်မတစ်တွေပူးပေါင်းပြီး နတ်ဆိုးမိသားစုကိုနှိပ်ကွပ်ကြမယ် (၃)
သူမရဲ့အသံက ပြတ်သားနေပြီး ခန်းမထဲကလူတွေအားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဘယ်လိုဆက်ဖြစ်လာမလဲ မသိကြပေ။
သခင်မဟောင်က စိတ်ဆိုးစွာပြုံးရင်း “နန်းပေါင်ကျူး၊ နင်ဘာပြောနေလဲဆိုတာကိုရော သိရဲ့လား”
“သမီးသိတာပေါ့၊ ဒီနှစ်တွေအတွင်းမှာ ဒေါ်ဒေါ်တို့ နန်းအိမ်တော်က ယူထားတဲ့ အဖိုးတန်တဲ့ပစ္စည်းတွေ အားလုံးကိုပြန်ပေးလို့ ပြောနေတာလေ”
နန်းပေါင်ကျူးက သူမနားမလည်မှာစိုး နေသလိုမျိုး တမင်သက်သက် တစ်လုံးချင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
သခင်မဟောင်က စားပွဲကို ရုတ်တရက် ရိုက်လိုက်ပြီး “ဆိုးရွားလိုက်တာ၊ အပြန်အလှန် လက်ဆောင်ပစ္စည်းတွေပေးတယ်ဆိုတာက နှစ်အိမ်တော်ကြားမှာ ကျင့်သုံးသင့်တဲ့ ထုံးတမ်းအစဉ်အလာ တွေပဲ၊ ငါတို့ရထားပြီးသားပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ပြန်ပေးရမတဲ့လဲ”
“အပြန်အလှန် ရင်းရင်းနှီးနှီးသွားလာကြပြီး လက်ဆောင်ပစ္စည်းတွေပေးတယ်ဆိုတာက နှစ်အိမ်တော် ကြားမှာ ကျင့်သုံးသင့်တဲ့ ထုံးတမ်းအစဉ်အလာဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အတင့်ရဲပြီး ဒေါ်ဒေါ့်ကို တစ်ခုလောက်မေးပါရစေ၊ ဒီနှစ်တွေအတွင်းမှာ ချန်းအိမ်တော်က နန်းအိမ်တော်ကို ဘာပစ္စည်းများ ပေးဖူးပါသလဲ?”
နန်းပေါင်ကျူးက ပြုံးပြုံးလေးနဲ့မေးလိုက်သည်။
သခင်မဟောင်ပြန်မဖြေခင်မှာပဲ နန်းပေါင်ရီက ဝမ်းနည်းနေဟန်ဖြင့် “ကျူးကျူး၊ ဘာလို့အမှားတွေ ပြောနေရတာလဲ၊ ပိတ်ရက်တုန်းက ဒေါ်ဒေါ်က ပန်းသီးတစ်ခြင်းကိုပြင်ဆင်ပြီး ညီမလေးတို့အိမ်တော်ကို ပို့ပေးတယ်လို့ ညီမလေးကြားမိတယ်၊ ပန်းသီးတစ်ခြင်းတဲ့၊ ကျန်းမာရေးအတွက် ဘယ်လောက် ကောင်းလိုက်သလဲ”
နန်းပေါင်ကျူးက ချိုမြိန်တဲ့အပြုံးနဲ့ “ဒါပေမယ့် ငါတို့အိမ်က ချန်းမိသားစုကို ရှေးဟောင်းတန်ဖိုးကြီး ပစ္စည်းတွေနဲ့ ပန်းချီကားတွေ၊ ရှုပန်းထိုးထည်တွေနဲ့ လင်လုံပိုးထည်တွေ ပေးခဲ့တာလေ၊ ချန်းအိမ်က ဆိုင်တွေမှာသွားဝယ်တဲ့ ပစ္စည်းတွေ ဥပမာ ပုလဲဆံထိုးတွေ၊ တန်ဖိုးကြီးပရိဘောဂတွေ အားလုံးရဲ့ တန်ဖိုးကိုလည်း ငါတို့ပေးရတာ၊ သူတို့က ငါတို့အိမ်ကို စာရင်းနဲ့ လာတောင်းကြတာ၊ ငါထင်တာတော့ အပြန်အလှန်လက်ဆောင်ပေးကြတယ်ဆိုတာက အဲ့လိုပုံစံမျိုးတော့ မဟုတ်ဘူးထင်တာပဲ၊ ဟုတ်တယ်မှလား”
ခန်းမထဲက လူတွေအားလုံးက အလွန်အံ့အားသင့်သွားကြသည်။ ချန်းအိမ်တော်က အာဏာရှိတဲ့ ပညာတတ်မိသားစုဖြစ်ပြီး ဘယ်လိုတောင်သရုပ်ဆောင်ကောင်းကြတာလဲ။ ဒီလိုအရှက်မရှိတဲ့ လုပ်ရပ်မျိုးကို လုပ်လိမ့်မယ်လို့ ဘယ်လိုမှ မထင်ရပေ။ လမ်းမှာဝယ်တဲ့ပစ္စည်းကိုတောင် မိန်းကလေး အိမ်ဘက်က တောင်းတယ်တဲ့လား။ ဒီလုပ်ရပ်က အလွန့်အလွန်ကို ရှက်စရာကောင်းလှသည်။
ပညာရှိအိမ်တော်ဖြစ်ပြီး ဘယ်လိုမျိုး သူတော်ကောင်းတရားနဲ့ တန်ဖိုးရှိတယ်လို့ ပြောလို့ရပါတော့မလဲ၊ မျှတမှုနဲ့ အရှက်တရားလုံးဝကို မရှိကြပါချေ။
သခင်မဟောင်က ပတ်ဝန်းကျင်က မိန်းကလေးတွေရဲ့ ရွံရှာနေတဲ့ အကြည့်တွေကို နားလည်နေသည်။ ဒီကလေးတွေအားလုံးက ကျင်းကွမ်အစိုးရပိုင်း မိသားစုတွေရဲ့ ကလေးတွေဆိုတာကို သူမသိသည်။ ဒီနေ့ ဒီပြဿနာကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် သူတို့အိမ်ပြန်ရောက်တဲ့အခါ သူတို့မိဘတွေကို ပြန်ပြောကြလိမ့်မည်။ ချန်းအိမ်တော်ဟာ ကျင်းကွမ်တစ်မြို့လုံးရဲ့ လှောင်ပြောင်စရာတစ်ခု ဖြစ်သွား တော့မည်ပင်။
သူမက လေးနက်တဲ့အသံနဲ့ “နန်းပေါင်ကျူး၊ နင်က ဘယ်လိုတွက်ချက်ရတယ်ဆိုတာကို မသိသေးတဲ့ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ပဲ၊ လူတွေနဲ့ ဘယ်လိုကတိကဝတ်တွေထားရတယ်ဆိုတာကို မသိဘူး၊ ဒီလိုအဓိပ္ပါယ်မရှိတဲ့အကြောင်းတွေကို ပြောနေမယ်ဆိုရင် နင့်အမေကို သွားမေးခိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား”
နန်းပေါင်ရီက ဟန့်တားလိုက်သည်။
“ဟုတ်တယ်၊ ကျူးကျူး၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့၊ အစ်ကိုချန်းရဲ့ အပြစ်ကင်းစင်မှုကို အထင်မမှားပါနဲ့၊ တကယ်လို့ စာရင်းစာအုပ်သာရှိမယ်ဆိုရင်တော့ နင်မမှားဘူးဆိုတာကို သက်သေပြလို့ ရတာပေါ့”
နန်းပေါင်ကျူးက သူမကို တည်ကြည်လေးနက်တဲ့မျက်နှာနဲ့ ကြည့်လိုက်ပြီး အတောမသတ် ရီမောတော့ သည်။
ပြိုင်ပွဲကိုစောင့်ကြည့်နေစဉ်မှာ ကျောင်းကျောင်းက သူမကို စာရင်းစာအုပ်တစ်အုပ် ပေးခဲ့သည်။ ဒီနှစ်တွေအတွင်း ချန်းမိသားစု နန်းအိမ်တော်ကယူထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ရွှေစတွေအားလုံးကို စာအုပ်မှာ သေချာ ရှင်းရှင်းလင်းလင်း ရေးမှတ်ထားသည်။
သူမက စာရင်းစာအုပ်ကို ဝတ်စုံလက်မောင်းကြားက အိတ်ထဲမှာ ထည့်ထားရင်း “မမျှော်လင့်ဘဲ ငါ့မှာတစ်အုပ် ရှိနေတယ်”
ရှောင်းယီက ထောင့်နားမှာထိုင်နေသည်။ သူကပျင်းရိနေဟန်ရပြီး သူ့ညီမလေးက စီးချင်းထိုးပွဲမှာ လှလှပပ လှည့်စားနေတာကို ကြည့်ရင်း နူတ်ခမ်းပါးများက တချိန်လုံးကွေးညွတ်နေသည်။
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ရှီးယန်၊ ဖတ်လိုက်”
ရှီးယန်က အပြင်ဘက်မှဝင်လာပြီး အားလုံးကို အရိုအသေပြုလိုက်သည်။ စာရင်းစာအုပ်ကို ယူပြီး သတိအနေအထားနဲ့ ဖတ်ပြသည်။
“ချုံးဒေး ၁၇နှစ်မြောက် မတ်လ ၂ ရက်၊ ချန်းသခင်မကြီးမှ ပုလဲနားဆွဲနှစ်ရံ၊ ပုလဲဆွဲကြိုးသုံးကုံးနဲ့ မဟူရာနဲ့ ကျောက်စိမ်းလက်ကောက်လေးကွင်းကို ကျင်းချိုင်မှာဝယ်၊ အားလုံးပေါင်း ရွှေစသုံးထောင်၊ နန်းအိမ်တော်မှပေး”
“ချုံးဒေး ၁၇နှစ်မြောက် ဧပြီ ၆ ရက်၊ ချန်းဇိုင်ရှီမှ ရှုပိုးထည် ရှစ်ထည်ကို ဒိုင်ယီရွမ်မှာဝယ်၊ အားလုံးပေါင်း ရွှေစ ရှစ်ထောင့်ရှစ်ရာ၊ နန်းအိမ်တော်မှပေး”
“ချုံးဒေး ၁၇နှစ်မြောက် မေလ ၁၀ရက်၊ ချန်းသခင်မကြီးမှ လေးခုံပါစာကြည့်စားပွဲ သုံးစုံကို ပေါင်ရန်ကျိုင် မှာဝယ်၊ အားလုံးပေါင်း ရွှေစ ခုနစ်ထောင်၊ နန်းအိမ်တော်မှပေး”
“……”
“ချုံးဒေး  ၂၀ နှစ်မြောက်၊ နိုဝင်ဘာ ၆ရက်၊ အာ ရှေ့နှစ်ရက်က ချန်းသခင်မကြီးက ဖူရုံလမ်းက ရွှေပရိဘောဂ တစ်စုံကို မှာယူခဲ့တယ်၊ အားလုံးပေါင်း ရွှေစငါးထောင်၊ နန်းအိမ်တော်မှပေး”
သူက တစ်ခုချင်းစီကို ဖတ်ပြီးနောက်မှာ ခန်းမတစ်ခုလုံး အံ့အားသင့်လွန်း၍ ငြိမ်သက်သွားကြသည်။
လွန်ခဲ့တဲ့သုံးနှစ်ကတည်းက နန်းအိမ်တော်က ချန်းမိသားစုကို ပေးခဲ့တဲ့ ရွှေစပေါင်းက သန်းချီနေသည်မှာ အမှန်ပင်။ ဒါတောင် နန်းအိမ်တော်ကပေးတဲ့ ရှေးကျပြီးတန်ဖိုးကြီးတဲ့အသုံးအဆောင်တွေနဲ့ ပန်းချီကား တွေရဲ့တန်ဖိုး မပါသေးပေ။
ချန်းမိသားစုက ဘယ်လိုတောင် အရှက်မရှိလိုက်သလဲ?
ချန်းမိသားစုရဲ့မျက်နှာက ဖြူဖျော့လာကြသည်။ သခင်မဟောင်ရဲ့လက်တွေက တုန်လှုပ်နေပြီး သူ့ရဲ့နဖူးကို တုန်နေတဲ့လက်နဲ့ ထောက်ထားလိုက်သည်။ သူမရဲ့ မျက်ခုံးက တွန့်ချိုးနေသည်။ နန်းအိမ်တော်က တကယ်ကို ရိုက်ချက်ပြင်းပြီး စာရင်းစာအုပ်သိမ်းထားလိမ့်မယ်လို့ သူမ မထင်ခဲ့မိချေ။
နန်းမိသားစုက ချမ်းသာကြွယ်ဝကြသည်။ ဆွေမျိုးတွေအနေနဲ့ သူမတို့က ရွှေစအနည်းငယ် သုံးဖြုန်းပေးရုံသာ။ အဲ့ဒါကို အခုလိုမျိုး စာရင်းစာအုပ်နဲ့ အကျယ်တဝင့် ချရေးထားသည်တဲ့လား?
အနာဂတ်မှာ သူတို့က ဒီလိုမျိုး ထပ်ပြီးမပေးချင်တော့တာဖြစ်မည်။ တဖက်ကကြည့်ရင် နန်းအိမ်တော်က ဆင်းရဲသားတွေအတွက် နှစ်တိုင်း ရွှေေစသောင်းချီပြီး လှူနေကြဖြစ်သည်။ သူမက နည်းနည်းသုံးပေး လိုက်တော့ရော ဘာဖြစ်မှာတဲ့လဲ?
ချန်းတယ်ယွီရဲ့မျက်နှာက အေးစက်နေသည်။ သူ့ကိုအသုံးချပြီး သူ့မိသားစုက နန်းမိသားစုဆီက ဒီလောက်များတဲ့ ငွေပမာဏကို ယူထားကြသည်။
ဒါပေမယ့် အဲ့ဒါက လက်ဆောင်ငယ်လေးဟုသာ သူထင်မှတ်သည်။
နန်းပေါင်ရီက ခေါင်းကိုငုံ့ရင်း တိတ်တဆိတ်မတ်တပ်ရပ်နေသည်။ သူမရဲ့မိသားစုက ရွှေစတွေနဲ့ ပစ္စည်းတွေပေးဖို့ အတင်းအကြပ်ဖိအားပေးခံနေရမှန်း သူမသိသည်။ သူမရဲ့အဘွားနဲ့ ဒေါ်လေးက သူမကို ချစ်ပြီး အနာဂတ်မှာ သူမလက်ထပ်ပြီး ချန်းအိမ်တော်ကိုရောက်သွားတဲ့အခါ အခက်ကြုံမှာစိုး၍ တစ်ကြောင်း၊ သခင်မဟောင်က စော်ကားနှိပ်စက်မှာစိုး၍တစ်ဖုံ ချန်းမိသားစုကို ထိုကဲ့သို့ ရွှေစများစွာ ပေးနေခြင်းဖြစ်သည်။
ဒါပေမယ့် အရင်ဘဝတုန်းက သူမက တုံးအခဲ့ပြီး ချန်းမိသားစုကို ချမ်းသာပြီး အာဏာရှိလာအောင် ထောက်ပံ့ပေးခဲ့သည်။ သူမရဲ့မိသားစုတွေ အခက်ကြုံပြီး သေခဲ့ရတာကိုလည်း သူမမြင်ခဲ့ရသည်။ သို့သော်လည်း သူမ ရပ်တန့်ဖို့ မတတ်နိုင်ခဲ့ချေ။
ခန်းမတစ်ခုလုံးက အံ့ဩနေကြသည်။
ချန်းအိမ်တော်ရဲ့ အိမ်တော်ထိန်းအဘိုးအိုက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူက အားလုံးရဲ့ တိတ်ဆိတ်မှုကြောင့် ဒီကိစ္စရဲ့အရေးပါမှုကို သိရှိပြီး သူထွက်ရှင်းဖို့အတွက် အချိန်တန်ပြီဟု တွေးလိုက်သည်။
ဒါကြောင့် သူက ချန်းတယ်ယွီရဲ့ အခြေအနေကို ကြည့်လိုက်ပြီး စာရင်းစာအုပ်ကို ယူ၍ မျက်နှာထား တင်းတင်းနဲ့ ပြောသည်။
“နန်းအိမ်တော်က ပြန်ပေးတဲ့တန်ဖိုးက မျှတပါတယ်၊ ကျိုးပျက်သွားတဲ့ လမင်းဖြိုခွင်းလေး၊ ကျောက်စိမ်းဖြူဆံထိုးနဲ့ သုံးချောင်းထောက်ခွက်၊ ပန်းချီကား အဲ့ဒါတွေကိုထည့်တွက် ရပါမယ်၊ နန်းအိမ်က အဲ့ဒါတွေအတွက်ရော ဘယ်လိုပြန်လျော်မှာလဲ”
သူ အော်ပြောပြီးတဲ့အခါမှာ ခန်းမရဲ့လေထုအခြေအနေက ပိုပြီး ထူးဆန်းသွားမှန်း သတိထားမိလိုက် သည်။
နန်းပေါင်ကျူးက ကျိန်ဆဲလိုက်သည်။
“သေနေတဲ့ခေါင်းကိုပဲ ရှင့်ကိုပြန်ပေးလိုက်မယ်၊ အဲ့ဒါတွေအားလုံးက ငါတို့အိမ်ကပစ္စည်းတွေ၊ အဲ့ဒါတွေအတွက် ပြန်ပေးဖို့ပြောနေတာ အရှက်မရှိဘူးလား၊ ဟင်?”
သခင်မဟောင်က အသက်ကို ရှူသွင်း၊ ရှူထုတ် အချိန်အတန်ကြာလုပ်ပြီးမှ နောက်ဆုံး သတိပြန်ဝင်လာသည်။ သူမက နန်းပေါင်ရီရဲ့လက်လေးကို ကိုင်လိုက်ပြီး ငြင်သာစွာပြောလိုက်သည်။
“မိသားစုတွေဆိုတာက ကိစ္စနှစ်ခုကို မပြောသင့်ဘူးတဲ့၊ ကျောင်းကျောင်းက နောက်ဆုံးကျရင် အိမ်တော်ကို ရောက်လာမှာပဲမှလား၊ သဘာဝကျကျနဲ့ ကောင်းမွန်တဲ့အချိန်တွေရှိဖို့ လိုတယ်လေ၊ စိတ်ထိခိုက်စေမဲ့ ငွေကြေးကိစ္စတွေကို ဘာလို့ပြောနေတာလဲ၊ ချိုတဲ့ကိတ်မုန့်လေးတွေ လုပ်တဲ့နေရာမှာ အကောင်းဆုံး စားတော်ကဲတစ်ယောက် အိမ်တော်မှာရှိတယ်၊ ကျောင်းကျောင်းက ဒီညဒီမှာနေခဲ့လေ၊ ဒေါ်ဒေါ်နဲ့အတူစားရအောင်”
နန်းပေါင်ရီက ရုတ်တရက် စီးချင်းထိုးပွဲထဲကို ဝင်လာခဲ့လေပြီ။ သူမက လက်ကိုမြှောက်ပြီး မျက်ရည်တွေကို သုတ်လိုက်ရင်း နှလုံးသားကွဲကြေသွားဟန်နဲ့ ပူဆွေးစွာ ငိုကြွေးတော့သည်။
“မထင်ထားဘူး…. လုံးဝကို မထင်ထားခဲ့ဘူး… ဒေါ်ဒေါ်က သမီးတို့အိမ်က အဲ့လောက်ငွေအများကြီးကို ယူထားမယ်လို့ မထင်ထားခဲ့ဘူး…. အား… သမီးရဲ့စိတ်ထဲမှာ နာကျင်နေရပါပြီ”
သူမက ပန်းပွင့်စားပွဲဘက်ကို လှည့်လိုက်ပြီး ပုခုံးတွေလှုပ်အောင် မရပ်မနားငိုကြွေးတော့သည်။
သခင်မဟောင်ရဲ့မျက်နှာက မည်းမှောင်သွားသည်။ နန်းအိမ်တော်ရဲ့ သေသင့်တဲ့ကောင်မလေးက သရုပ်ဆောင်အရမ်းကောင်းနေသည်။ သူမရဲ့ဘက်ကနေဆိုရင် ကောင်မလေးရဲ့အပြုံးကို ထင်ထင်ရှားရှား  မြင်နေရသည်။
သူမစိတ်ပျက်နေတဲ့အချိန်မှာ ရှောင်းယီက တည်တင်းစွာ ပြောလာသည်။
“ချန်းသခင်မ၊ စာရင်းစာအုပ်အတိုင်း လွန်ခဲ့တဲ့သုံးနှစ်ကတည်းက နန်းအိမ်တော်ရဲ့ နစ်နာမှုတွေ အားလုံးကို ပြန်ပေးပါ”
သခင်မဟောင်က မယုံကြည်နိုင်စွာ ရှောင်းယီကိုကြည့်လိုက်သည်။ သူရဲ့ ပြုံးရင်းလက်ဖက်ရည် သောက်နေပုံက မြင့်မြတ်တဲ့ တော်ဝင်အဆင့်အတန်းကို ထင်ဟပ်နေစေသည်။
သူမက အံကြိတ်လိုက်ပြီး “မိသားစုအချင်းချင်း လက်ဆောင်ပေးရုံပဲကို ဘာဖြစ်လို့လဲ”
“သခင်မက အခုပဲရှင်းရှင်းလင်းလင်းပြောလိုက်တယ်လေ၊ ကျောင်းကျောင်း လက်ထပ်ပြီးရင်တောင်မှ ချန်းအိမ်တော်နဲ့ နန်းအိမ်တော်က အဆင့်အတန်းမတူတဲ့ မိသားစုနှစ်ခုပဲဆို? အဲ့ဒီစကားကို အမှန်တကယ်ပြောခဲ့တယ်ဆိုတာ အားလုံးက သက်သေခံနိုင်တယ်”
ချန်းသခင်မရဲ့မျက်နှာက ပိုပြီးမည်းလာသည်။
“မိသားစုမဟုတ်ရင်တောင် နန်းအိမ်တော်က အရင်ပေးခဲ့တဲ့ပစ္စည်းတွေနဲ့ ငွေကြေးတွေပဲ”
“ဒီအမတ်မင်း နားလည်ပြီ”
ရှောင်းယီက ပြုံးလိုက်ပြီး “တနည်းအားဖြင့် ဘုရင်ခံချန်းအိမ်တော်အနေနဲ့ မိသားစုတစ်ခုဆီက ကြီးမားတဲ့လက်ဆောင်ကို စည်းမျဉ်းစည်းကမ်းနဲ့အညီ နှစ်နဲ့ချီပြီး ရယူခဲ့တယ်၊ အဲ့ဒါကြောင့် ပြန်ပေးစရာ မလိုဘူး၊ တောင်ပိုင်းရဲ့ ဥပဒေအရ ဘုရင်ခံနဲ့ အစိုးရအာဏာပိုင်တွေက ရွှေစတစ်ရာထက်ပိုတဲ့ ငွေကြေးကို လူကိုယ်တိုင် လက်ခံခဲ့ရင်? … ချန်းအိမ်တော်က လက်ခံထားတဲ့ ရွှေစတစ်သန်းကျော်က ဘယ်လိုအမှုမျိုးဖြစ်နိုင်မလဲ၊ အင်း… နဝမမြောက်အဖွဲ့ရဲ့သံသယအဝင်ခံရမှာ စိုးရိမ်မိတယ်”
နန်းပေါင်ရီက အကြီးအကျယ် အံ့အားသင့်သွားသည်။ ဒီလိုနည်းလမ်းမျိုးကို အကြွေးတောင်းဖို့ သုံးတယ်တဲ့လား?
အမတ်မင်းက တကယ်ကို အာဏာစက်ပြင်းတာပဲ

အာဃာတပြန်တမ်းDove le storie prendono vita. Scoprilo ora