part 139

3.2K 331 1
                                    

Unicode

အပိုင်း (၁၃၉)

ကျောင်းကျောင်းရဲ့ ချစ်သဝဏ်လွှာ
သခင်မဟောင်က ကျယ်လောင်စွာငိုကြွေးလိုက်ပြီး “လက်ထပ်ပွဲကိုပြောင်းလဲချင်ရုံမကဘဲ လျိုရှောင်မုံ့ကိုလည်း အိမ်တော်ရဲ့သခင်မတစ်ယောက်ဖြစ်စေချင်ပြီး နန်းယန်ကိုလည်း အဆင့်အတန်း ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုပေးချင်ခဲ့တာက ငါတို့မိသားစုရဲ့ဒုတိယသားကို ဒီလိုထိခိုက်စေဖို့တဲ့လား၊ နင်တို့ ငြင်းဆန်ရဲရင်တော့ ရုံးတော်မှာတွေ့ကြတာပေါ့”
ရှောင်းယီက ဂရုမစိုက်စွာနဲ့ “ချန်းသခင်မကြီးက ရုံးတော်ကိုသွားချင်တယ်ဆိုရင်လည်း နန်းအိမ်တော်က ပူးပေါင်းပေးရမှာပေါ့၊ အဘွားက အသက်ကြီးနေပြီး ဦးလေး ၃ ကလည်း ရှုပ်ပွေတတ်တယ်၊ အဲ့ဒါကို မကောင်းပြောချင်တာလား၊ အဲ့ဒါဆိုလည်း ချန်းအိမ်တော်က နန်းအိမ်တော်ကနေ လာဘ်စားထားတဲ့အကြောင်းကို တိုင်တမ်းရတော့မှာပေါ့”
သခင်မဟောင်ရဲ့ရင်အုံက ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားသည်။
‘ဘယ်သူကလာဘ်စားတယ်?’
‘ဘယ်သူက .. လာဘ်စားတယ်?’
သူမက ဒီနှစ်တွေအတွင်းမှာ နန်းအိမ်တော်က ယူထားတဲ့ဥစ္စာပစ္စည်းတွေနဲ့ ငွေကြေးတွေအားလုံးကို ပြန်ပေးပြီးပြီဖြစ်သည်။ ဘာလို့ရှောင်းယီက ဒီကိစ္စကို ထည့်ပြောနေရတာလဲ?
ရုံးတော်ကို ဒီကိစ္စက တကယ်ရောက်သွားရင် ချန်းအိမ်တော်က အလွယ်တကူ ထိခိုက်နိုင်သည်။ သူမရဲ့ခင်ပွန်းသခင်ကြီးက အနာဂတ်မှာ ရာထူးတိုးဖို့ သူ့ရဲ့ဂုဏ်သတင်းကို ထိခိုက်နိုင်သည်။
သူမက နောက်ဆုံး ဒေါသမထိန်းနိုင်တော့ဘဲ “အပြစ်ကိုလက်မခံဘူးဆိုရင်တောင် လျိုရှောင်မုံ့က သခင်မတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရမယ်၊ လက်ထပ်ပွဲကို လူပြောင်းရမယ်၊ ဒုတိယသားက နန်းပေါင်ရီကို မကြိုက်ဘူး၊ သူက သူသဘောကျတဲ့သူကိုပဲလက်ထပ်ချင်တာ၊ လူငယ်နှစ်ယောက်က အချင်းချင်း သဘောကျနေကြတာကို နင်ကအကြီးပဲ၊ ဘယ်လိုလုပ်ချင်တာလဲ?”
ရှောင်းယီကပြုံးလိုက်ပြီး “သခင်မဟောင်ရဲ့သဘောအတိုင်းပါပဲ..”
ကျန်းဆွေ့ဟန်က ချန်းတယ်ယွီကို ဆေးကောင်းတစ်လက်ပေးလိုက်သည်။ တကယ်တော့ အဲ့ဒါက အကြည်ရောင် လိမ်းဆေးတစ်ခုပေးလို့ရပေမယ့် သူက အနက်ရောင်လိမ်းဆေးကိုပေးလိုက်သည်။ ချန်းတယ်ယွီရဲ့ဘယ်ဘက်မျက်လုံးကို မဲနေတဲ့အဝိုင်းတစ်ဝိုင်းလိမ်းပေးလိုက်ပြီး အရမ်းကို ရယ်ရွှင်ဖွယ် ဖြစ်နေတော့သည်။
ချန်းတယ်ယွီက ကြေးမုံမှန်ကို မကြည့်ရတာကြောင့် သူ့မျက်နှာရဲ့အခြေအနေကို မသိသေးချေ။ သူကဧည့်ဆောင်ကထွက်ပြီး အေးစက်တဲ့မျက်နှာနဲ့ အိမ်တော်ဝင်းထဲကို လျှောက်သွားနေသည်။ နန်းအိမ်တော်က လူတွေက သူ့ကိုကြည့်ပြီး ရယ်ချင်ပေမယ့် အခွင့်မသင့်တာကြောင့် မရီရဲကြချေ။
နန်းကွမ်က မညှာမတာ ကြိတ်ပြီးရယ်မောလိုက်သည်။ သခင်မဟောင်ရဲ့ သတ်ဖြတ်ချင်နေတဲ့ အကြည့်ကို သတိထားမိသွားတဲ့အခါ သူက ရှောင်းယီရဲ့အနောက်မှာ အမြန်ပြန်ပုန်းလိုက်သည်။
ချန်းတယ်ယွီက နန်းပေါင်ရီဆီကို အေးစက်တဲ့မျက်နှာထားနဲ့လျှောက်သွားသည်။ သူကနန်းပေါင်ရီရဲ့ ရှေ့မှာရပ်လိုက်ပြီး စာအိပ်အထူတစ်ထပ်ကို သူ့ရဲ့ဝတ်ရုံထဲက ထုတ်ယူလိုက်သည်။
“ဒီစာတွေက အရင်နှစ်တွေတုန်းက မင်းရေးပြီး ငါ့ကိုပေးခဲ့တဲ့စာတွေပဲ။ မင်းနဲ့ငါက ကြောင်းလမ်းခြင်း ဖျက်သိမ်းလိုက်ပြီဆိုတော့ အားလုံးမင်းကို ပြန်ပေးလိုက်မယ်၊ အခုကစပြီး မင်းနဲ့ငါက ဘာမှမဆိုင်တော့ဘူး”
နန်းပေါင်ရီက သူ့ရဲ့မျက်လုံးက မည်းနက်နေတဲ့ အကွင်းကိုကြည့်ပြီး အလွန်ပျော်ရွှင်နေသည်။ သူမက ပြုံးရင်း စာတွေကို ယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ချန်းသခင်လေး”
ချန်းတယ်ယွီရဲ့မျက်ခုံးတွေက တွန့်ကုပ်သွားကြသည်။ ဒီမိန်းကလေးက ဘာဖြစ်နေတာလဲ၊ မနေ့က တုန်းကတော့ သူနဲ့လက်ထပ်ပွဲကို ဖျက်သိမ်းဖို့အတွက် တွန့်ဆုတ်နေပြီး ဒီနေ့ကျမှ ဘာလို့ပြောင်းလဲ သွားတာလဲ?
သူက သူမရဲ့မျက်နှာပေါ်မှာ မနာလိုမှုနဲ့ ဆုံးရှုံးမှုအတွက်ဝမ်းနည်းဟန် အရိပ်အရောင်တွေကို အသည်းအသန် ရှာကြည့်လိုက်ပေမယ့် မတွေ့ရပါချေ။
ဆောင်းရာသီရဲ့ နေရောင်ခြည်အောက်မှာ ကောင်မလေးက ချစ်ဖို့ကောင်းစွာ မတ်တပ်ရပ်နေသည်။ တောက်ပတဲ့အရောင်အဆင်းရှိတဲ့ အပြင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံ့တဲ့မျက်နှာလေးက ပျော်ရွှင်မှုတွေနဲ့ပြည့်နေသည်။ မီးငှက်လိုမျက်လုံးရွှဲကြီးတွေကလည်း မျှော်လင့်ချက်နဲ့ တောက်ပပြီး အလင်းရောင်တွေဖြာထွက်နေသည်။
သံသယရှိစရာမလိုအောင်ပဲ စေ့စပ်ကြောင်းလမ်းခြင်းကိုဖျက်သိမ်းလိုက်တာက သူမအတွက် ကောင်းချီးမင်္ဂလာတစ်ခုပင်။
ချန်းတယ်ယွီရဲ့မျက်မှောင်က ကြုပ်သထက်ကြုပ်လာသည်။ ငယ်စဉ်ကတည်းက လူတွေအားလုံးရဲ့ လေးစားအားကျခြင်းကို ခံခဲ့ရတဲ့သူ့အတွက် သူဂုဏ်ယူခဲ့သည်။ သူဘယ်ကိုပဲသွားသွား သူက အထက်တန်းကျပြီး မိန်းကလေးအများစုရဲ့မျက်နှာသာပေး ချစ်ခင်ခြင်းကို ခံခဲ့ရသည်။
ထိုအကြောင်းတွေကြောင့် နန်းပေါင်ရီလို သာမန်မိန်းကလေးတစ်ယောက်ကို သူသဘောမကျခြင်း ဖြစ်သည်။ သူမရဲ့လှပမှုကိုတောင် မြှောက်စားခြင်းမရှိခဲ့သလို သူနဲ့တန်တယ်လို့လည်း မထင်ခဲ့ပါချေ။
သို့သော် နန်းပေါင်ရီက သူနဲ့ကြောင်းလမ်းခြင်းဖျက်သိမ်းလိုက်တာကို အရမ်းပျော်ရွှင်နေပုံရသည်။ ဒီအသိက ချန်းတယ်ယွီကို အလွန်စိတ်ဆိုးစေသည်။ ကြောင်းလမ်းခြင်းဖျက်သိမ်းလိုက်လို့ ပျော်ရမဲ့သူက သူသာဖြစ်ပြီး နန်းပေါင်ရီမဖြစ်သင့်ပါချေ။
နန်းပေါင်ရီက နောက်နှစ်ဆိုရင်တောင် အသက် ဆယ့်သုံးနှစ်သာရှိသေးသည်။ နန်းအိမ်တော်က သူမကို တရားလွန် အလိုလိုက်ထားကြသည်။ သူမက လောကကြီးရဲ့အကြောင်းကို မြင်အောင် မကြည့်တတ်ပေ။ ဘာဆိုဘာကိုမှ မသိနားမလည်။ သူမက ဘယ်လောက်တောင်ကောင်းတဲ့ ခင်ပွန်းကို လက်လွှတ် လိုက်ရလဲ သူမမသိ။
သူက ဂုဏ်သရေရှိတဲ့ အမတ်မင်းတစ်ယောက်ဖြစ်လာဖို့ အရည်အချင်းတွေရှိသည်။ ရှန်ကျင်းမြို့တော်မှာ ပညာသင်ခဲ့ပြီး ဩဇာအာဏာရှိတဲ့ ရှီချန်ဘုရင်ခံနဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ နောင်အနာဂတ်မှာ သူက ရှန်ကျင်းမြို့တော်ကို ဝင်ရောက်နိုင်ပြီး ပေကျင်းရဲ့ ပထမတန်းအရာရှိတစ်ယောက် ဖြစ်လာ နိုင်သည်။
နန်းပေါင်ရီက ဒီလိုလူမျိုးရဲ့မဟေသီဖြစ်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားပြီဆိုတာကို မသိသေးချေ။
သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းနေပြီး “ငါနဲ့ ယန်အာက မကြာခင်မှာ စေ့စပ်တော့မယ်၊ အခုကစပြီး နန်းမိန်းကလေး ၅ က ငါ့ကို ခဲအိုလို့ပြောင်းပြီးခေါ်ပါ”
သူက ခဲအိုဆိုတဲ့စကားလုံးကို ဖိပြောလိုက်သည်။ နန်းပေါင်ရီအဖို့ သူသဘောကျနေတဲ့ ယောကျာ်းလေးတစ်ယောက်ကို ခဲအိုလို့ခေါ်ရတာက သူမလို ဆတ်ဆတ်ထိမခံ မိန်းကလေးတစ်ယောက် အတွက် အရှက်ကွဲစေတဲ့ အကြောင်းအရာတစ်ခုဖြစ်တာကို သူသိသည်။
သူက သူမရဲ့မျက်နှာပေါ်မှာ အရှက်တကွဲဖြစ်သွားဟန်နဲ့ ယူကြုံးမရဖြစ်ဟန်တို့ကို ခက်ခက်ခဲခဲ ကြိုးစားရှာကြည့်လိုက်ပြန်သည်။ သို့သော်လည်း သူထပ်ပြီး စိတ်ဓါတ်ကျသွားရပြန်သည်။
သူမက တောက်ပတဲ့မျက်လုံးရွှဲကြီးတွေကို ပင့်လိုက်ပြီး ရီမောရင်း နာခံစွာနဲ့ ချိုချိုသာသာ ခေါ်လိုက်သည်။
“ခဲအို”
ချန်းတယ်ယွီရဲ့နှလုံးသားက ရုတ်တရက် ရပ်တန့်သွားသည်၊ သူ့ရဲ့မျက်လုံးတွေက ရက်စက်ဟန်အပြည့်နဲ့ နန်းပေါင်ရီကို စိုက်ကြည့်နေသည်။ ဘာကမှားနေလဲဆိုတာ သူနားမလည်တော့။ သူစာလေ့လာပြီး ကျင်းကွမ်မြို့တော်ကို ပြန်ရောက်တဲ့အချိန်ကစလို့ ဒီမိန်းကလေးက သူ့ကို လုံးဝစိတ်မဝင်စားတော့ပါချေ။
သူမက သူ့ရဲ့အာရုံစိုက်မှုကိုရဖို့ ဒီလိုလှည့်ကွက်တွေနဲ့ လှလှပပ ကစားခဲ့တာလား?
သူနားမလည်ခင်မှာ ဖျော့တော့ပြီး ဆို့နင့်နေတဲ့အသံတစ်ခုထွက်ပေါ်လာသည်။
“တောင်းပန်ပါတယ် …..”
လူတိုင်းက ကြည့်လိုက်ကြသည်။ ပန်းရောင်ဖျော့ဖျော့ဝတ်စုံနဲ့ နန်းယန်က ပန်းပင်ရဲ့အောက်မှာ အားနည်းတဲ့ မိုးမခကိုင်းလေးလို ရပ်နေပြီး ပန်းထိုးပဝါကို လက်မှာကိုင်ထားပြီး မျက်ရည်တွေ ကျဆင်းနေသည်။
သူမက ဆို့နင့်နေတဲ့အသံနဲ့ “တောင်းပန်ပါတယ်၊ အားလုံးက ညီမက အဘွားနဲ့ ဒေါ်လေး ၂ ကို စိတ်ဆိုးအောင်လုပ်မိတာကြောင့်ပါ… ပြီးတော့ကျောင်းကျောင်းက အိမ်ထောင်ကောင်းကောင်းမပြု နိုင်တော့တာလည်း ညီမကြောင့်ပါ၊ အားလုံးက ညီမကြောင့်ပါ…”
သူမက မိုးရေစက်တွေကျဆင်းနေသလို ငိုကြွေးနေသည်။ အားလုံးက အလွယ်တကူ သနားသွားရသည်။
နန်းပေါင်ရီက မျက်လုံးတွေကို အမြန်လှည့်လိုက်သည်။
အဲ့ဒါက သူ့အမှားလို့ယူဆရင် သူ့ရဲ့နောင်တရစိတ်ကိုပြသသင့်သည်လေ။တောင်းပန်ရုံက ဘယ်လိုလုပ်ပြီး အသုံးဝင်ပါ့မလဲ? ချန်းတယ်ယွီကို သူငြင်းဆန်မှာမို့လို့လား?
ဒီနေရာမှာလာငိုနေတာက ထိုအကြောင်းအရာတွေက ဟုတ်မဟုတ် နောက်ဆုံးလာရောက် စစ်ဆေး ခြင်းဖြစ်သည်။
နန်းယန်ရောက်လာခြင်းက ချန်းတယ်ယွီရဲ့ ဒေါသတွေကို အနည်းငယ် လွင့်ပါးသွားစေသည်။
သူကရှေ့တိုးလိုက်၍ အိတ်ထဲက လက်ကိုင်ပဝါကို ထုတ်ယူလိုက်ပြီး နန်းယန်ကို ကမ်းပေးလိုက်သည်။
“ငါနဲ့နန်းပေါင်ရီက ဘာပက်သက်မှုမှမရှိတော့ဘူး၊ အနှေးနဲ့အမြန် စေ့စပ်ပွဲကိုဖျက်သိမ်းပြီးတဲ့အခါ မင်းနဲ့ငါက ကောင်းမွန်တဲ့ စေ့စပ်ကြောင်းလမ်းခြင်းကိုစပြီး နောက်ကျရင် လက်ထပ်ကြမယ်၊ ငါနဲ့လက်ထပ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့မလိုပါဘူး”
နန်းယန်က ပဝါကိုယူလိုက်ပြီး ချန်းတယ်ယွီရဲ့ရှေ့မှာ သူမက ကြင်နာတတ်ဟန်နဲ့ ဆွဲဆောင်မှုရှိအောင် ဖန်တီးပြုမူနေသည်။
နောက်တစ်ဆင့်က လက်ထပ်ဖို့အတွက် ဆွေးနွေးဖို့ဖြစ်သည်။
နန်းပေါင်ရီက အဝေးကိုလျှောက်သွားပြီး သူမရဲ့ခန္ဓာကိုယ်က အမွှေးရနံ့က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
သူမက စာတွေအားလုံးကို အစေခံတွေကို အိပ်ဆောင်ထဲပြန်ယူလာခိုင်းခဲ့ပြီး သေချာကြည့်လိုက်သည်။ ကြည့်ပြီးနောက် သူမဖျားချင်လာတော့သည်။
သူမငယ်စဉ်က အရမ်းတုံးအပြီး ချန်းတယ်ယွီဆီကို ခပ်တုံးတုံးစာသားတွေရေးပြီး ပေးပို့ခဲ့သည်။
ဘာ ‘တောင်တွေမှာ ကျောရိုးမရှိပါဘူး၊ နိဗ္ဗာန်နဲ့ ကမ္ဘာမြေကြီးဆိုတာက လိုက်ဖက်ပါတယ်၊ ကျွန်မက သခင့်နားမှာ နေလိုပါတယ်’ လဲ? ပြီးတော့ ဘာ ‘ကောင်းကင်ပေါ်က အချစ်ငှက်ကလေးတွေဖြစ်ပြီး မြေပြင်က သစ်ကိုင်းမှာ အတူနားကြမယ်’ လဲ? အဲ့ဒီအချိန်တုန်းက သူမ ကဗျာတွေကို ဘယ်လိုကူးချရမလဲ ဆိုတာတောင် မသိသေးပေ။
သူမစိတ်ညစ်ညူးနေစဉ်မှာပဲ နောက်ဘက်က အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ သူမက အထိတ်တလန့်နဲ့ အနောက်ကို အမြန်လှည့်ကြည့်လိုက်သည်။
အမတ်မင်းဝင်လာတာကို သူမမသိလိုက်၊ သူက သူမရဲ့နောက်မှာရပ်နေပြီး အဓိပ္ပါယ်ပါပါပြုံးနေသည်။
သူမက စာတွေကို ကြောက်လန့်တကြားနဲ့ကိုင်ထားလိုက်ပြီး “နောက်တစ်ခါ အစ်ကို ၂ ညီမလေးရဲ့ အိပ်ဆောင်ကို ဝင်လာရင် တံခါးအရင်ခေါက်လို့ရမလား၊ နောင်အနာဂတ်မှာ ညီမလေး အိမ်ထောင်ပြုရင်တောင် အစ်ကိုက တံခါးကို ချိုးဖျက်ပြီးများ ဝင်လာမှာလားမသိဘူး”
ရှောင်းယီက တည်ငြိမ်စွာနဲ့ မျက်ခုံးတွေကိုပင့်လိုက်ပြီး ခံစားချက်တွေကလည်း တည်ငြိမ်နေသည်.
သူကထိုင်လိုက်ပြီး အေးစက်စက်အသံနဲ့ “စာတွေပေး”
“ဒါညီမလေးရဲ့စာတွေ ဘာလို့အစ်ကို့ကို ပြရမှာလဲ?”
နန်းပေါင်ရီက စာအထပ်လိုက်ကြီးကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး “ဒါ ညီမလေးငယ်ငယ်တုန်းက လျှောက်ရေးထားတာ၊ နောက်ကျရင် မီးရှို့ပစ်တော့မှာ…”
ရှောင်းယီက သူမရဲ့မေးဖျားလေးကို ကိုင်လိုက်ပြီး သူမကို ကြည့်လိုက်သည်။
နန်းပေါင်ရီက ရှင်းမပြနိုင်အောင်ရှက်ရွံ့နေပြီး “အစ်ကို ၂ ဘာလို့ကြည့်နေတာလဲ?”
ရှောင်းယီက ပြုံးရင်း “ငါတို့ကျောင်းကျောင်းက ဘယ်လို စိတ်ကသိကအောင့်ဖြစ်စေတဲ့ စကားလုံးတွေများ ရေးထားလဲလို့ ကြည့်ချင်လို့”
……………….

အာဃာတပြန်တမ်းWhere stories live. Discover now