Unicode
အိမ်ထဲပြန်ရောက်တော့ လုကျင်းလန်က ဒုတိယထပ်ကိုတက်သွားပြီး စန္ဒရားတီးသည့်အခန်းသို့ ဝင်သွား၏။ ဝမ်ကျားနင်လည်း အခန်းထဲလိုက်ဝင်ချိန်မှာ လုကျင်းလန်က စန္ဒရားဘေးမှခုံတွင် ထိုင်ချလိုက်လေသည်။
လုကျင်းလန် ခလုတ်များပေါ်သို့ လက်ချောင်းများကို အသာမှေးတင်လိုက်သည်နှင့် လက်ဖျားထိပ်မှတစ်ဆင့် ဂီတသံ တဖြည်းဖြည်းချင်း လျှံထွက်လာခဲ့ပြီ။ ထိုသူ စန္ဒရားတီးတတ်အောင် သင်ယူလေ့လာထားမှန်း ဝမ်ကျားနင် သိလိုက်သည်။ ပရော်ဖက်ရှင်နယ်မဟုတ်လျှင်တောင်၊ ကာရံသိပ်မကောင်းလျှင်တောင် တစ်ခုလုံးခြုံနားထောင်ကြည့်သောအခါ ချောချောမွေ့မွေ့ရှိနေ၏။
လုကျင်းလန်နဲ့ပတ်သက်ပြီး ဝမ်ကျားနင် မသိသေးတာတွေ အများကြီးပဲ။
နောက်ပြိုင်ပွဲတွင် ယှဉ်တွဲသီဆိုရမည့်သီချင်းကို လုကျင်းလန်က တီးခတ်နေခြင်းပင်။ အဖွင့်တီးလုံးပြီးနောက် လုကျင်းလန်က သံစဉ်နှင့်အတူ ခပ်တိုးတိုးလိုက်ဆိုရင်း။
စန္ဒရားတီးခတ်တာရော၊ သီချင်းဆိုတာကိုပါ တစ်ပြိုင်နက်အာရုံစိုက်လို့မရသဖြင့် လုကျင်းလန်၏သီချင်းဆိုဟန်က ပြတ်တောင်းပြတ်တောင်းနိုင်ပြီး တစ်ချက်တစ်ချက်လွတ်ထွက်သွားသည်။ လုကျင်းလန်၏အသံက နက်ရှိုင်းလှကာ ညှို့ငင်မှုအပြည့်။ လုကျင်းလန်၏သီချင်းဆိုစွမ်းရည်က သာမန်မျှဖြစ်လျှင်တောင် အသံကောင်းတာမို့ နားထောင်ရတာ ခံစားချက်ပိုရှိနေသည်။
ဝမ်ကျားနင် ဆိုဖာမှာထိုင်ရင်း လုကျင်းလန်၏သီချင်းဆိုသံကို ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။
တကယ်တော့ လေထုက တော်တော်လေး နက်နဲသိမ်မွေ့နေတာပင်။ ဝမ်ကျားနင်သာ မိန်းကလေးဖြစ်ခဲ့လျှင် လုကျင်းလန်၏ဆွဲဆောင်မှုကို တောင့်ခံနိုင်မှာမဟုတ်လောက်ဟု တွေးမိသည်။ တစ်နည်းပြောရလျှင် ဝမ်ကျားနင်သာ အသက် ၃၄ နှစ်အရွယ်မဟုတ်ဘဲ အသက် ၂၀ အရွယ် တကယ့်ခေါ့ရှင်ဟန်ဖြစ်ခဲ့ပါမူ အရာအားလုံးကို လျစ်လျူရှုပစ်မိလောက်သည်။
သို့သော် ဝမ်ကျားနင်က ထိုသို့သောမိုက်ရူးရဲဆန်လို့ရသည့်အရွယ်မဟုတ်တော့ချေ။ သူက relationship တစ်ခုကို အလွယ်တကူတည်ဆောက်လို့မရ။ လုကျင်းလန်လည်း ထိုသို့လုပ်မှာမဟုတ်မှန်း သူ သိပြီးသားဖြစ်သည်။
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024