[ 41 ]

2.9K 456 7
                                    

Unicode

အပိုင်း - ၄၁

နောက်တစ်နေ့မနက်အထိ လုကျင်းလန်ကို အရိပ်အယောင်သော်မျှ မမြင်ရပေ။

မနက်ခင်းတွင် ဝမ်းလင်၏လက်ထောက် ကျူးဇယ်ရှင်းက ဝမ်ကျားနင်ကို ဖုန်းဆက်ကာ ဝမ်းလင် ရုပ်ရှင်ရိုက်မည့်ကိစ္စအား ခေါင်းမာနေသည်မို့ ကူဖျောင်းဖျပေးရန် တောင်းဆိုလာသည်။

ဝမ်ကျားနင်လည်း ကူညီမည်ဟု ပြောလိုက်၏။ ဖုန်းကို လက်ထဲကိုင်ထားရင်း သူ ဝမ်းလင်ကို ဘယ်လိုနားချရင်ကောင်းမလဲ စဉ်းစားနေမိပြီ။ ထိုအခိုက် တံခါးဆီမှ သော့လှည့်ဖွင့်သံကိုကြားလိုက်ရသည်။

လုကျင်းလန်ပြန်လာပြီ ထင်တယ်။

သူ တွေးရင်း အိပ်ခန်းမှအမြန်ထွက်ကာ လှမ်းကြည့်လိုက်သော်လည်း မမျှော်လင့်ဘဲ လုယွီနမ်ကိုသာ တွေ့လိုက်ရ၏။

"ယွီနမ်?"

ဝမ်ကျားနင် နည်းနည်းတော့ အံ့ဩသွားသည်။

လုယွီနမ်က သူ့ကို နှုတ်ဆက်ပြီးနောက်

"ကျွန်တော် မစ္စတာလုရဲ့အဝတ်အစားတွေ လာယူတာ၊ သူ့အမေ နေမကောင်းလို့ သူ လောလောဆယ် ပြန်မလာနိုင်သေးဘူး"

"ဪ"

နေရာမှာရပ်လျက် ဝမ်ကျားနင်က ကြောင်နေပြီးမှ လုယွီနမ်ကို ပြောလိုက်၏။

"ကျွန်တော် ကူပါ့မယ်"

ထို့နောက်တွင်မူ လုယွီနမ်က အဝတ်အစားများယူကာ ချက်ချင်းထွက်သွားတော့သည်။
လုကျင်းလန်ဆီ ဖုန်းဆက်သင့်လားဟု ဝမ်ကျားနင် တွေးနေမိ၏။ အမှန်ဆိုလျှင် ယခုလိုကိစ္စမျိုးက လူကိုယ်တိုင် သတင်းသွားမေးမှသာ ယဉ်ကျေးရာရောက်သော်လည်း သူနှင့်လုကျင်းလန်၏ဆက်ဆံရေးအရ သူ သွားမိကာမှ ပြဿနာရှုပ်သွားတာမျိုးလည်း ဖြစ်သွားနိုင်သည်။ နောက်ပြီး လုကျင်းလန်ကလည်း သူ့ကို ပြောပြဖို့ ရည်ရွယ်ချက်မှမရှိဘဲ။

ဝမ်ကျားနင် ဖုန်းကိုင်ထားရင်းက လုကျင်းလန်ဆီ ခေါ်ရကောင်းနိုး၊ မခေါ်ရကောင်းနိုး ဖြစ်နေပြီးနောက် မခေါ်လိုက်တော့ပေ။

ညဘက်ရောက်တော့ ဝမ်ကျားနင်က ရိနန်နှင့်ဝမ်းလင်ကိုခေါ်ပြီး bar သွားခဲ့သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now