[ 33 ]

3K 467 19
                                    

Unicode

အပိုင်း - ၃၃

စိတ်ထဲမှအတွေးများကို မျက်နှာပေါ် မသိသာအောင် ဝမ်ကျားနင် ထိန်းထားခဲ့သည်။ စားလို့သောက်လို့မပြီးသေးခင်၊ ယန်ဝမ့်ချုံတစ်ယောက် ဘယ်ကမှန်းမသိ ဘွားခနဲ ရောက်လာ၏။ ထိုသူက ရယ်ရယ်မောမောနှင့်ပင် နှုတ်ဆက်သည်။

"အစ်ကိုလု...ရောက်နေပါလား!"

လုကျင်းလန်လာမယ်ဆိုတာကို ဘယ်ကနေ သိသွားသလဲ မပြောတတ်ပေ။ ထို့နောက်မှာ ထိုသူက အနားလျှောက်လာကာ လုကျင်းလန်၏ပခုံးကို လှမ်းပုတ်ရင်း

"ဒီနေ့ ကျွန်တော့်ညီလေးကို ခေါ်လာတယ်ပေါ့...ကွက်တိပဲ၊ ကျွန်တော်လည်း ဆွေးနွေးစရာရှိတယ်"

ဝမ်ကျားနင် ရယ်ချင်သွားရသည်။

ဘယ်သူက သူ့ညီလေးလို့ ပြောလဲ...

သို့သော် သူ့မျက်နှာပေါ်မှာ အပြုံးရှိနေဆဲ။

"ဘာကိစ္စလဲ"

လုကျင်းလန်က အလျင်လိုဟန် မရှိဘဲ တည်တည်ငြိမ်ငြိမ် မေးသည်။

ယန်ဝမ့်ချုံ : "ကျွန်တော် ညီလေးခေါ့နဲ့ လောင်းချင်လို့၊ တကယ်လို့ သူနိုင်ရင် ကျွန်တော် သူ့ကို ငါးသိန်းပေးမယ်"

လုကျင်းလန်က မေးလေ၏။

"မင်း ခါတိုင်း ဘယ်လောက်လောင်းနေကျလဲ"

ယန်ဝမ့်ချုံက ခပ်ဟဟရယ်လိုက်ကာ

"ပြောရခက်တယ်၊ ကျင်းလန်...မမေးတာပဲ ကောင်းပါတယ်ကွာ"

လုကျင်းလန်က ဝမ်ကျားနင်ကို သဘောတူလားဟူသောအကြည့်မျိုးဖြင့် လှမ်းကြည့်သည်။

တကယ်တော့ ဂိမ်းကစားမည်ဆိုကတည်းက ဝမ်ကျားနင် စိတ်လှုပ်ရှားနေပြီ။ သူ့ခေါင်းကို လက်တစ်ဖက်နှင့် ထောက်ထားလျက်ပင် ယန်ဝမ့်ချုံအား ခပ်ပြုံးပြုံးမေးလိုက်သည်။

"ဘိလိယက်ထိုးမလို့မလား"

ယန်ဝမ့်ချုံ : "ဒါပေါ့ ဘေဘီရဲ့"

ဝမ်ကျားနင် နည်းနည်း တုံ့ဆိုင်းသွားရ၏။
လုကျင်းလန်က ဝင်ပြောလိုက်သည်။

"သူ ရှုံးရင်တော့ အကြောင်းမဟုတ်ဘူး၊ တကယ်လို့ သူ နိုင်ရင် မင်း သူ့ကို ကားတစ်စီးဝယ်ပေးလိုက်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now