Unicode
အပိုင်း - ၅၀
အတိတ်က အမေဖြစ်သူ ဝမ်ချွေ့လန်နှင့် အတူနေခဲ့သော ဗီလာသို့ ဝမ်ကျားနင် သွားဖြစ်ခဲ့သည်။ ကားမောင်း သွားရမည့်အစား အိမ်က နီးနီးနားနားမှာ ရှိသဖြင့် သူတို့နှစ်ဦးလုံး တအိအိ လမ်းလျှောက်လာခဲ့ကြ၏။ အဆင်မြင့်သော ဗီလာ ဧရိယာဖြစ်သည်နှင့်အညီ ဝမ်ကျားနင်က ထိုအိမ်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကာ ပြောင်းရွှေ့ဖို့လည်း တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။
ပတ်ဝန်းကျင် တစ်ဝိုက်၌ စိုက်ပျိုးထားသော သစ်ပင်ပန်းမန် နှင့် အပင်ငယ်များက နှစ်အတော်ကြာကတည်းက ရှိနေခဲ့သည်မို့ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ဘာမှမပြောင်းလဲသွားပါ။ ဝမ်ကျားနင် ထွက်သွားခဲ့စဉ်ကအတိုင်း အရာရာဟာ တစ်ထေရာတည်း တည်ရှိနေသလို။
မိခင်ဖြစ်သူနှင့်အတူ ဤနေရာတစ်ဝိုက်မှာ လမ်းလျှောက်နေရခြင်းက ဝမ်ကျားနင်ကို စိတ်တွေ ပျံ့လွင့်စေပြီး သူ့ကိုယ်သူ အတိတ်မှာ ရောက်နေသလား၊ ပစ္စုပ္ပန်မှာပဲ ရှိနေသလား မသဲကွဲတော့ပေ။
ဝမ်ချွေ့လန်က သားဖြစ်သူ ဝမ်ကျားနင်၏ နောက်ဆုံးအချိန်၌ အတူမရှိပေးနိုင်ခဲ့သည်ကို နောင်တရမိကြောင်း အမြဲ ပြောသည်။ သို့သည့်တိုင် ဝမ်ကျားနင်က ထိုသို့ မတွေးပါ။ အိမ်ထောင်ထပ်ပြုပြီးနောက်ပိုင်း ဝမ်ချွေ့လန်က ပို၍ ပျော်ပျော်ရွှင်ရွှင်နေလာရကာ ဝမ်ကျားနင်ကိုယ်တိုင်လည်း အလုပ်တွေ ရှုပ်နေပြီး အချိန်မပေးနိုင်ခဲ့တာပင်။ အမေသာ သူနှင့် အတူနေမည်ဆိုလျှင် အချိန်တော်တော်များများ အိမ်မှာ တစ်ယောက်တည်း နေနေရမှာ ဖြစ်သည်။ သူကတော့ တတ်နိုင်သမျှ အမေ့ကို ချစ်ရသူတွေနှင့် ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ပဲ မျှော်လင့်ထားသည်။
ဝမ်ကျားနင်၏ ဗီလာရှေ့သို့ ရောက်သောအခါ နှစ်ဦးလုံး ရပ်တန့်လိုက်ကြ၏။
အိမ်ခြံမြေလုပ်ငန်းမှ ထိန်းသိမ်းထားသဖြင့် အပြင်ပိုင်း နံရံများမှာ ပုံမပျက်သေး။ သို့သော် အိမ်အတွင်းပိုင်းမှာတော့ လူမနေတာ ကြာပြီ ဖြစ်၍ ပြတင်းပေါက်မှ ကြည့်လိုက်လျှင်ပင် မည်းမှောင်နေသည်။
ESTÁS LEYENDO
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024