Unicode
အပိုင်း - ၉၂
နောက်တစ်နေ့ကျမှ ဝိန်ထင်းဟွမ်ဆီက script ပေးပို့လာခဲ့သည်။ သို့သော် ထိုအချိန်မတိုင်ခင်ကတည်းက ဝမ်ကျားနင် လုကျင်းလန်ထံမှ ဇာတ်ညွှန်းဖတ်ပြီးသားဖြစ်ရာ ဘယ်လိုဇာတ်လမ်းလဲဆိုတာနှင့် ရှဲ့ရို့မင်က သူ့အား ဘယ်လိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်စေချင်လဲ သိပြီးသွားပေပြီ။
ရှဲ့ရို့မင်၏ ဇာတ်ကားများမှာ ခါတိုင်းလိုပင် သည်းထိတ်ရင်ဖိုနှင့် လျှို့ဝှက်ချက်များပြားလေသည်။
ထိုဇာတ်လမ်းထဲတွင် ချန်းဇယ်ကျွင်းသည် သက်လတ်ပိုင်းအရွယ် ရဲတစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူနှင့် ကွာရှင်းထားကာ သူ့မှာ autism သမီး တစ်ယောက် ရှိလေ၏။
[ Autism = ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာ/ အာရုံကြောချို့ယွင်း/ ပျောက်အောင် ကုသ၍ မရ ]
ချန်းဇယ်ကျွင်းက အလုပ်များသည့်အပြင် ပိုက်ဆံလည်း မရှိတာမို့ သူ အလုပ်သွားနေစဉ် သမီးဖြစ်သူကို ပြန်လည်ထူထောင်ရေးကျောင်းသို့ ပို့ထားကာ အလုပ်က ပြန်လာတိုင်း ဝင်ကြိုလေ့ရှိသည်။
တစ်နေ့ ချန်းဇယ်ကျွင်း ကလေးကို သွားကြိုချိန်မှာ စာသင်ခန်းငယ်ထဲ ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရသော သမီးဖြစ်သူကို တွေ့ခဲ့ရသည်။ သူ့သမီးလေး အသတ်ခံခဲ့ရတာ ၂ နာရီလောက် ကြာပြီဖြစ်ကာ စာသင်ခန်းထဲရှိ ကင်မရာတွေလည်း ပျက်နေပြီး ပိတ်ရက်မို့ အတန်းထဲမှာ တခြား ဘယ်သူမှမရှိချေ။ လူသတ်သမားက ဘယ်သူလဲ၊ ဝင်လာတာက ဘယ်သူလဲဆိုတာ သူ မသိရ။ တစ်ဦးတည်းသော မျက်မြင်သက်သေမှာ ၁၈ နှစ်အရွယ် ယဲ့ရှင်းဆိုသော ကောင်လေးဖြစ်ပြီး ထိုကောင်လေးသည်လည်း autism ဖြစ်နေသည်။
ယဲ့ရှင်းသည် မိဘမဲ့ကောင်လေး။ ဆွေမျိုးများက သူ့ကို ပြန်လည်ထူထောင်ရေးကျောင်းတွင် လာပို့ထားသည်မှာ အတော်ကြာခဲ့ပြီ။ ဘာသာစကားနှင့် ပေါင်းသင်းဆက်ဆံရေးလုပ်ဖို့ အခြေအနေဆိုးရွားလွန်းသည်မို့ ချန်းဇယ်ကျွင်းမှာ လက်သည်တရားခံ ဘယ်သူလဲဆိုတာကို သိရဖို့ ထိုကောင်လေးအား မေး၍ ရမည်မဟုတ်။ ချန်းဇယ်ကျွင်း နာကျင်ခံစားရလွန်းသဖြင့် လဲပြိုမတတ်ပင်။ သူ့အား ထောက်ကန်ပေးထားသည့် တစ်ခုတည်းသော တွန်းအားမှာ- သူ့သမီးအား သတ်ပစ်ခဲ့သည့် တရားခံကို ရှာဖို့ဖြစ်သည်။
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024