Unicode
အပိုင်း - ၄၇
သူ့မှာ ပိုက်ဆံ မပါလာဘူး ဟုတ်လား?
ယခုလို လောင်းကစားပွဲမှာတော့ ယင်းစကားကို ဟာသလိုပင် ထင်ကြလိမ့်မည်။
သို့သော်ငြား ဝမ်ကျားနင်က အလွန် တည်ငြိမ်နေဆဲ။ စားပွဲဝိုင်းမှ လူတွေအားလုံး၏ အကြည့်က သူ့ထံဦးတည်နေတော့ သူ မတ်တတ်ရပ်ပြပြီး ရှပ်အင်္ကျီနှင့် ဘောင်းဘီအိတ်ကပ်တွေထဲမှာ ဘာမှမပါကြောင်း စမ်းပြရမလားဟူ၍ပင် တွေးမိသည်။ အတိအကျပြောရလျှင် သူ့မှာ ယွမ်တစ်ထောင်ပဲ ပါလာပြီး credit card လည်း ယူမလာမိပေ။
လီရုန်က ပြုံးနေသလို ထင်ရသော်လည်း ထိုအပြုံးက မျက်ဝန်းများထိတိုင် မရောက်ဘဲ ပွဲကြီးပွဲကောင်းကြည့်ဖို့ စောင့်နေသည့်အလား။
ချောင်စုန့်ချွမ်က ဝမ်ကျားနင်ကို ကူညီမည်ဟုပြောရန် ပါးစပ်ဟလိုက်ချိန်မှာ မထင်မှတ်ထားဘဲ လုကျင်ရှင်းက ဦးအောင် ပြောလိုက်သည်။
“ငါ ချေးပေးမယ်”
သို့နှင့် ချောင်စုန့်ချွမ်တစ်ယောက် ပြောမည့်စကားပင် ပြန်ဝင်သွားရသည်။ တစ်ချက် ကြောင်သွားပြီးမှ လုကျင်းလန်နှင့်လုကျင်ရှင်းတို့ ညီအစ်ကိုတွေဆိုတာကို အမှတ်ရသွား၏။
ဤသီးသန့်ခန်းထဲတွင် မလုံ့တလုံအဝတ်အစားနှင့် မိန်းကလေးငယ်ငယ်ချောချောလေးတွေ ရှိနေသည်။
လီရုန် စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်နှင့် မီးလာညှိပေးမည့် ကောင်မလေးက အသင့်။
ဝမ်ကျားနင်က စားပွဲမှလူများကို ဝေ့ဝဲ ကြည့်လိုက်ပြီး
“မစ္စတာလု...ကျွန်တော် ပြန်မဆပ်နိုင်မှာ စိုးတယ်”
လီရုန်က ဟက်ဟက်ပက်ပက် ရယ်သည်။
“ ဘာလဲ...မင်းက မလောင်းခင်ကတည်းက ရှုံးမှာကို ကြိုသိနေလို့လား ”
ဝမ်ကျားနင်က ဆက်ပြော၏။
“ တကယ်လို့ ကျွန်တော် ပြန်ဆပ်စရာ မလိုဘူးဆိုရင်တော့ စဉ်းစားကြည့်မယ် ”
လုကျင်ရှင်းက သူ့အား အေးတိအေးစက် စိုက်ကြည့်နေသည်။ ဝမ်ကျားနင် မခန့်လေးစားလုပ်လေလေ၊ လုကျင်ရှင်းက သူ့ကို ပိုပြီး ကြည့်မရလေလေ။ ညီဖြစ်သူ လုကျင်းလန်က ဒီလိုကောင်လေးတစ်ယောက်ကို အချစ်တော်ထားနေသည်မှာ သူတို့လုအိမ်တော်ကို အရှက်ရစေသလို လုကျင်ရှင်း ခံစားရ၏။
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024