14 01
CHAPTER (14)
"ကျွန်မလား မြင်းလေ့ကျင့်ပေးတဲ့သူပါ"
မြင်းနှင်တံကို လက်အတွင်း ကိုင်ထားပြီး လက်နောက်ပစ်ကာ လက်အတွင်း မြင်းနှင်တံကို ဆော့ကစားနေလျက် စိတ်အေးလက်အေးလေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ယန်ယန်"
ဟယ်စွေ့ဆွံ့အပြီး ခပ်တိုးတိုးလေသံဖြင့် ဆူပူလိုက်သည်။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ"
ဟယ်စွေ့ကို မကြည့်ဘဲ သခင်လေးကျောင်းကိုသာ ဟယ်ယန် ကြည့်နေခဲ့ပြီး ဆက်လက် စကားပြောနေခဲ့သည်။
"သခင်လေး ရှင်စိတ်ဝင်စားသလား"
သခင်လေးကျောင်းသည် အချောအလှလေးများကို တန်ဖိုးထားသဘောကျသူဖြစ်၏။ ဤအမျိုးသမီးငယ်လေး၏ မျက်နှာသည် ဇာပဝါဖြင့် အုပ်ထားသော်လည်း ချောမောသော ရုပ်ရည်ရှိကြောင်းပြောနိုင်၏။ ထို့အပြင် အပြုံးမျက်ဝန်းကလေးများမှ သိမ်မွေ့သော မျက်နှာရိပ်မျက်နှာကဲကို ဖော်ပြလို့ နေပြီး ချိုသာသော အသံသည်လည်း သာယာကြည်လင်နေသဖြင့် အလှလေးတစ်ဦး ဖြစ်ကြောင်း အတပ်ပြောနိုင်၏။ ဤကဲ့သို့ သိမ်မွေ့လှပသော အလှလေးမှ တောင်းဆိုလာသော် အဘယ်ကြောင့် ငြင်းရက်ရပါမည်နည်း။
"မိန်းကလေး မင်းမသိဘူး ဒီမြင်းက အတော်လေး ဗွေဆိုးတဲ့မြင်းနော် ဒီမြင်းကြောင့် မင်း ထိခိုက်ဒဏ်ရာရနိုင်ပြီး ဒီလိုဒဏ်ရာရခဲ့ရင် ကျုပ်စိတ်မကောင်း ဖြစ်ရလိမ့်မယ်"
လူကြီးလူကောင်း တစ်ယောက်သဖွယ် အမြင်ခံရစေရန် စေတနာကောင်းဖြင့် သတိပေးပြလိုက်သည်။ သို့သော် သူ့စကားအဆုံး၌ ထိုမိန်းမပျို၏ ရယ်သံကို ကြားလိုက်ရသည်။ ထို့နောက် တစ်စက္ကန့်အတွင်း သူ့အရှေ့၌ ရပ်နေသည့် မိန်းမပျိုလေး၏ ပုံသဏ္ဍာန်ဝေဝါးသွားခဲ့ပြီး သူဝတ်ဆင်ထားသည့် အနီရောင် ဝတ်စုံလေးမှ ကြာပန်းလေးတစ်ပွင့်သဖွယ် စွင့်ကားသွားကာ လေပြေတစ်ချက် ဝေ့သွားခဲ့သည်။ မော့ကြည့်ခဲ့သောအခါ ဟယ်ယန် တစ်ယောက် မြင်းပေါ်၌ မတ်မတ်ထိုင်ပြီး မြင်းဇက်ကြိုးကို ဆုပ်ကိုင်ထားလျက် ရှိသည်ကို တွေ့လိုက်သည်။