CHAPTER (74)
တောင်ထိပ်လမ်းကို ကျော်ဖြတ်လာပြီးနောက် အဆင်းလမ်းသည် ဖြတ်သန်းသွားလာရ ပိုမိုလွယ်ကူလာသည်။ ရှောင်ကျွယ် မြင်းကိုအသော့နှင်လာပြီး သတိမထားမိခင်မှာပင် ဟယ်ယန် အိပ်မောကျသွားခဲ့သည်။ အချိန်မည်မျှကုန်ဆုံးသွားခဲ့ကြောင်း အတိအလင်းမသိလျက် တစ်စုံတစ်ယော်ကမှ မိမိပခုံးပုတ်၍ နာမည်ခေါ်ချိန်မှ နိုးလာသည်။
"ဟယ်ယန်!"
မျက်လုံးဖွင့်ကြည့်သောအခါ မိမိအရှေ့၌ရပ်နေသည့် နည်းပြလျန်ကို တွေ့လိုက်သည်။ ရှောင်ကျွယ်ကိုမှီလျက် အိပ်မောကျနေခဲ့ပြီး ရှောင်ကျွယ် အင်္ကျီလက်မောင်းအတွင်း ခပ်မှိန်မှိန်ရေတစ်ကွက်ရှိနေကာ ၎င်းမှာ သူ၏သွားရည်ကွက် ဖြစ်နိုင်သည်။ ဟယ်ယန် ပါးစပ်သုတ်၍ ပျာသလဲလဲ စတင်တောင်းပန်လိုက်သည်။
"ကျုပ် တောင်းပန်...."
စာကြောင်းအဆုံးထိပင် မပြောနိုင်မီ ထိုသူမြင်းပေါ်မှ ဆတ်ခနဲ ဆင်းသွားပြီး မိမိအား နောက်ပြန်ပြိုလဲလုနီးနီး ဖြစ်စေခဲ့သည်။ ရှောင်ကျွယ်မှ နည်းပြလျန်သို့
"ခင်ဗျား လက်ထဲအပ်လိုက်ပြီ"
ထို့နောက် ဟယ်ယန့်ကို တစ်ချက်ပင်ငဲ့မကြည့်ဘဲ သူ့လမ်းသူဆက်လျှောက်သွားခဲ့သည်။
ဟယ်ယန်: "...."
ကြည့်စမ်း၊ ကျေးဇူးတင်စကားတစ်ခွန်းလေးတောင် ပြောခွင့်မပေးခဲ့ပါလား။ ဟယ်ယန် မျက်ခုံးပင့်မိပြီး လျန်ပင်မှ သူ့ကိုမြင်းပေါ်မှ ကူချပေးခဲ့သည်။ နားရွက်စိမ်းသည် အလွန်နာခံတတ်သောမြင်းကြီးဖြစ်လျက် ဟယ်ယန် ၎င်းအပေါ်မှ ဆင်းလျှင်ဆင်းချင်း ခွာများစတင်လှုပ်ရှားပြီး ၎င်းပိုင်ရှင်ထံ သွက်သွက်လက်လက် ပြေးသွားခဲ့သည်။
ဟယ်ယန် ခေါင်းအစခြေအဆုံး သွေးအလိမ်းလိမ်းဖြစ်နေသည်။ လျန်ပင်၌ မြောက်များစွာသောမေးခွန်းများရှိသော်လည်း ၎င်းတို့ကို ယခုချက်ချင်း မမေးလိုပေ။
"မင်း လမ်းလျှောက်နိုင်သေးလား"
မေးခွန်းသာမေးရုံမျှသာ တတ်နိုင်ခဲ့၏။