CHAPTER (62)
ထိုနေ့ညနေခင်း၌ ဟယ်ယန်နှင့် မိတ်ဆွေဖွဲ့ရန် ရောက်ရှိလာသည့် တပ်သားအသစ်များမှ သူ့အနား၌ စုပြုံလျက် ဓားရေးလေ့ကျင့်နည်းများ လေ့ကျင့်ပေးရန် သူ၏ လမ်းညွှန်မှု တောင်းဆိုလာကြသည်။ နာရီနှင့်ချီ၍ သင်ကြားပေးနေခဲ့ပြီး ညသန်းခေါင်အချိန် ရောက်သောအခါမှ အနားယူခွင့်ရခဲ့သည်။ ညဉ့်နက်နေပြီ ဖြစ်သောကြောင့် လေ့ကျင့်ရေးကွင်းသို့ သွား၍ ညပိုင်းလေ့ကျင့်မှု မလုပ်ရန် ဟယ်ယန် ဆုံးဖြတ်လိုက်သည်။ နံဘေး၌ လက်ကို ခေါင်းအုံး၍ လှဲလျောင်းနေသည့် ရှောင်မိုင်မှအရောင်လဲ့နေသော မျက်ဝန်းများဖြင့်
"အစ်ကို အားဟယ် ခင်ဗျား ဒီနေ့ သိပ်အထင်ကြီးစရာ ကောင်းခဲ့တာပဲ"
"မင်းသိလား"
ဟယ်ယန်ခေတ္တမျှ သုံးသပ်နေခဲ့ပြီးနောက် ဆက်လက်၍
"ငါ ဦးလေးဟွမ်နဲ့ နှစ်ယောက်တည်း လက်ရည်ချင်း ပြိုင်နေတုန်း တပ်မှူးရှောင် ပြိုင်ပွဲ မပြီးခင်ကတည်းက တကယ်ထွက်သွားခဲ့တာလား"
နေ့လည်ခင်းမှ ရှောင်ကျွယ်၏ အပြုအမူကို ဟယ်ယန် တစ်နေကုန် စဉ်းစားနေခဲ့မိသည်။ မိမိ၏ ပြောင်မြောက်လှသော ဓားရေးနှင့် ပြိုင်ပွဲမပြီးမီအချိန်ကတည်းမှထွက်ခွာသွားခဲ့သလော။ မိမိ၏ ဓားစွမ်းရည်သည် အလွန်သာမန်ကျလွန်းနေသဖြင့် သူ၏ အာရုံဖမ်းစားရန်မထိုက်တန်ဟုထင်နေခဲ့သလော။
"ဟင်"
ဟယ်ယန်မှ ထိုသို့ မေးလာခဲ့မည်ကို ရှောင်မိုင် မထင်မှတ်ထားခဲ့သဖြင့် မဖြေမီ ထိုအချိန်မှ အသေးစိတ် အခြေအနေ တို့ကို ညှစ်ထုတ် စဉ်းစားနေခဲ့သည်။ ထို့နောက်
"တပ်မှူးရှောင်က အဲဒီနေရာကို ခဏတော့ ရောက်လာခဲ့တယ် ပြီးတော့ ထွက်သွားခဲ့တယ် ဒါပေမဲ့ ကျွန်တော်တို့က ပြိုင်ပွဲအပေါ် လုံးဝအာရုံရောက်နေပြီး အဆုံးအထိ အစ်ကို့ကို ပဲကြည့်နေခဲ့တော့ တပ်မှူးရှောင်ဘယ်အချိန်ကတည်းကထွက်သွားလဲသတိမထားမိခဲ့ဘူး ကျွန်တော့်အထင်အပြိုင်ပွဲကို အပြီးအထိကြည့်ခဲ့သလားလို့"
ဟယ်ယန်သက်ပြင်းချ၍ တစ်ဘက်စောင်းလှဲလိုက်သည်။
"အစ်ကို အားဟယ် ခင်ဗျားတပ်မှူးရှောင်ကို တကယ်မြင်စေချင်ခဲ့တာလား"