CHAPTER (4)
နောက်တစ်နေ့နံနက် မိုးတိတ်သွားပြီး သာယာလှပသော နေသာသည့် နေ့လေးတစ်နေ့ စတင်လာသည်။ ခြံဝန်းအတွင်းရှိ အစိမ်းရောင်ရေညှိများ တွယ်ကပ်နေသည့် ကျောက်တုံးကြီးများသည် နွေးထွေးသော နေရောင်ခြည်အောက်၌ နေပူဆာလှုံ့နေကြသည်။ သုံးကြိမ်မြောက် ကြက်ဖတွန်ချိန်၌ ဟယ်ယန်အိပ်ရာမှ ထခဲ့သည်။ ချင်းမေ့ နိုးလာသော အခါ ဟယ်ယန် အိပ်ယာအထက်၌ မရှိသဖြင့် ထိတ်ပြာသွားခဲ့ပြီး ဟိုဟိုသည်သည် လှည့်လည်ရှာဖွေခဲ့ပြီးနောက် အဆုံး၌ ခြံဝန်းအတွင်းရှိ ကျောက်သား ခွေးခြေပုတွင် ထိုင်လျက် အတွေးနယ်ချဲ့နေသည့် ဟယ်ယန်ကို ရှာတွေ့ခဲ့သည်။ ထိုအခါမှ ချင်းမေ့ စိတ်အေးသွားခဲ့သည်။
"သခင်မလေး ဘာလို့ အစောကြီး နိုးနေတာလဲ ဂွမ်းစောင်က ပါးပြီး အရမ်းအေးလို့လားရှင့်"
ချင်းမေ့ ထိုသို့ မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ငါ ဒီအတိုင်း အိပ်မပျော်လို့ပါ"
ဟယ်ယန် ပြန်ဖြေလိုက်သည်။ သူ အပျင်းကြီးလေ့မရှိ။ တပ်စခန်း၌ နားချိန်တစ်ခဏမျှ ပင် မရှိခဲ့ပေ။ ညအိပ်ချိန်၌ပင် ရန်သူမှချောင်းမြောင်း တိုက်ခိုက်လာမည်ကို အမြဲသတိရှိနေခဲ့ရသည်။ ငယ်စဉ်အချိန်ကတည်းမှ ကိုယ်ခံပညာရပ် လေ့ကျင့်နေခဲ့လေ့ရှိပြီး ကြက်တွန်သည်နှင့်တစ်ပြိုင်နက် အိပ်ရာမှထ၍ ကိုယ်ခံပညာ လေ့ကျင့်ခဲ့လေ့ရှိသည်။ နောက်ပိုင်း အိမ်ထောင်ကျပြီး ရှုမိသားစုအတွင်း ဝင်ရောက်ခဲ့သည်အထိ ထိုအကျင့်အား ဖျောက်မရခဲ့သဖြင့် ကွယ်ရာ၌ လှောင်ပြောင်ခြင်းပင် ခံခဲ့ရဖူး၏။
သို့သော် မျက်လုံး ကွယ်ခဲ့ပြီးနောက် ထိုအကျင့် ပျောက်ကွယ်သွားခဲ့ပြီး အကြောင်းမူ နေ့နှင့်ညဟူသည် သူ့အတွက် ကွာခြားချက် မရှိတော့သော ကြောင့် ဖြစ်၏။ လင်းကြက်တွန်ချိန်တွင် အိပ်ရာမှ နိုးနှင့်နေခဲ့ပြီး ဖြစ်သော်လည်း အိမ်ဝန်းတစ်ဝန်းလုံးရှိ လူသူအားလုံး နိုးထသံကြားသည့်အခါ မှသာလျှင် အိပ်ရာမှထခဲ့တော့သည်။ သူ့အနေဖြင့် အနည်းဆုံး နေရာတစ်နေရာ၌ ဝင်ဆံ့နေလိုခဲ့၏။
"အဖေကော"
သူ မေးလိုက်သည်။
"သခင်ကြီးက တပ်တွင်းလေ့ကျင့်ရေးစခန်းဆီ ထွက်သွားပါပြီ သခင်လေးက ခုလေးတင် နိုးလာပါတယ် သခင်မလေး အဝတ်အစားလဲပြီး မနက်စားစာဖို့လာခဲ့ပါ"
![](https://img.wattpad.com/cover/359908865-288-k588007.jpg)