CHPATER (85)
ဆောင်းဦးငန်းတို့ ကောင်းကင်၌ ထောင့်ဖြတ်စီတန်းကာ ပျံသန်းနေကြသည်။ ကွေ့ဟွားပန်းရနံ့တို့ လေနှင့်လွင့်မျောလျက် နွေရာသီ၏ ခြစ်ခြစ်တောက်နေအပူရှိန်တို့ လွင့်ပျောက်အဆုံးသတ်ပြီး ဆောင်းဦးနှောင်းမိုးစက်တို့၏ အေးမြမှုတို့သာ ကျန်ရစ်နေခဲ့ပြီ။ မနက်စောပိုင်း ဟယ်ယန် အိပ်ရာထပြီးနောက် ရှောင်မိုင်မှ သစ်တော်သီးတစ်လုံး ကမ်းပေးလာသည်။
"လေ့ကျင့်ရေးကွင်းဘေးနာက တောထဲက ခူးလာတာ ဆေးပြီးသား မြည်းကြည့်"
မျက်နှာသစ်သန့်စင်ပြီး ဟယ်ယန် သစ်တော်သီးကို တစ်ကိုက်ကိုက်စားလိုက်သည်။ အချဉ်စူးလွန်းသဖြင့် သွားပင်ကျွတ်လောက်သည်အထိ သွားကြိမ်းသွားသည်။ ဟယ်ယန်၏တွန့်ရှုံ့သွားသည့် မျက်လုံးများကို မြင်ပြီး ရှောင်မိုင် မလုံမလဲခေါင်းကုတ်လိုက်သည်။
"တောထဲက သစ်တော်သီးရိုင်းတွေက လုံးလုံး မမှည့်သေးဘူး နောက်ရက်နည်းနည်းကြာရင်တော့ ချိုလောက်မှာပါ ဒါပေမဲ့ ဒီဆောင်းဦးရာသီမှာ တောင်ပေါ်တောထဲမှာ သစ်သီးအရိုင်းတွေအများကြီးပဲ နေ့တိုင်းလေ့ကျင်းရေးကွင်းဆင်းပြီးတာနဲ့ တိတ်တိတ်လေး သွားခူးလို့ရတယ် ဒီသစ်တော်သီးအချဉ်တွေကို သကြားစိမ်ပြီး နှင်းသစ်တော်သကြားခဲ လုပ်စားလို့ကောင်းမှာ အရသာရှိနေမှာပဲ"
ဤကလေးသည် ခေါင်းထဲ၌ အစားသောက်အကြောင်းချည်းသာ တွေးနေ၏။ ဟယ်ယန်မှ
"ဒီနေရာမှာ သကြားမှ မရှိတာ"
ရှောင်မိုင် ခဏမျှရပ်တန့်သွားပြီး သတိရသွားသဖြင့် စိတ်ပျက်စွာ ရေရွတ်လိုက်လေသည်။
"ဟုတ်သားပဲ"
"မလိုဘူးလေ"
၎င်းတို့နှစ်ဦးစကားပြောနေသည်ကို ဘေးမှနားထောင်နေသည့် ဟုန်ရှန့်မှ ဝင်ပြောလာသည်။
"ဒီနေ့က ဆုပေးမဲ့နေ့ပဲလေ ဟယ်ယန် မင်းနဲ့စီတုံက ပြိုင်ပွဲမှာ ပထမရခဲ့တော့ မင်းတို့ဆုထဲမှာ အချိုတွေပါလောက်မှာပေါ့ စားသောက်စရာကောင်းတွေတောင် ပါရင်ပါဦးမှာ နှင်းသစ်တော်သကြားခဲလိုမျိုးပေါ့"