CHAPTER (87)
ကောက်ရိတ်ပွဲတော်အပြီး နောက်တစ်နေ့မနက် မိုးရွာလာသည်။ ဟယ်ယန်အိပ်ရာမှ နိုးလာသောအခါ အားလုံးအိပ်ရာများထက် အိပ်နေဆဲဖြစ်ပြီး မနေ့ည သေရည်ရှိန်မှ နလန်ထူအားယယူနေကြဟန်ရှိသည်။ သို့သော်လည်း အပြင်ဘက်၌ လေ့ကျင့်ရေးခေါင်းလောင်းသံ မြည်ခဲ့နှင့်ပြီးဖြစ်သဖြင့် မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ၊ လေ့ကျင့်နေရဦးမည်။ အိပ်ရာမှထ၍ ဟယ်ယန် အခြားသူများကို လိုက်နှိုးလိုက်သည်။
"ခေါင်းအရမ်းကိုက်တာပဲ"
ကလေးငယ်တစ်ဦးဖြစ်သည့် ရှောင်မိုင်သည် အရက်နာကျမှု၌ ခံနိုင်ရည်မရှိသေးသဖြင့် အကျိုးဆက်ခံစားနေရသည်။
"အစ်ကိုအားဟယ် ခင်ဗျားဘာလုပ်နေတာလဲ"
ကောင်လေးကို ဟယ်ယန်ရေအိတ်ကမ်းပေးလိုက်ပြီး
"ရေနည်းနည်းလောက် မြန်မြန်သောက်ပြီး မျက်နှာသစ်လိုက် လေ့ကျင့်ဖို့ အချိန်ရောက်ပြီ"
ရေအိတ်ကို လက်ခံယူပြီး ရှောင်မိုင် ရေတဝကြီးသောက်လိုက်သည်။ ထိုအချိန် ဟုန်ရှန့်မှ စကားဝင်ပြောလာသည်။
"ရှောင်မိုင် မင်းနဲ့မင်းအစ်ကို များများပိုလေ့ကျင့်ဖို့ လိုတယ် မင်းတို့ အရက်ဒဏ်ကို နည်းနည်းလေးတောင် မခံနိုင်ကြသေးဘူး မင်းအစ်ကိုကြီး အားဟယ်တောင်မှ ခံနိုင်ရည်ရှိသေးယ်"
ရှောင်မိုင် ဟယ်ယန့်ကိုလှည့်ကြည့်ပြီး "အစ်ကိုအားဟယ် ခင်ဗျားအဲဒီလောက် ကောင်းကောင်းသောက်နိုင်တာလား"
"သောက်နိုင်တယ်ဆိုရုံပါ"
ဟယ်ယန်မရေမရာဖြေလိုက်သည်။ ယခုအခါ ခေါင်းကိုက်ခြင်းမရှိသည့်အပြင် အတော်လေးပိုလန်းနေသလိုရှိသည်။ သို့သော်လည်း အခန်းကို မည်သို့ ပြန်ရောက်လာကြောင်း မမှတ်မိပေ။ ဟွမ်ရှုံ့နှင့်အတူ မီးပုံဘေး အခွက်ရေအနည်းငယ်မျှ ပိုသောက်နေခဲ့သည်ကို မှတ်မိပြီး "နတ်ဆယ့်ရှစ်ပါး"ကိုပင် ဖွင့်သောက်ခဲ့သေး၏။ ဟုတ်ပေသား၊ ပြောခါမှ နတ်ဆယ့်ရှစ်ပါး သေရည်အိုး...
"သေရည်လို့ပြောခါမှ တပ်မှူးရှောင် ဆုချခဲ့တဲ့ သေရည်အိုးရော ဘယ်မှာလဲ" ဟွမ်ရှုံ့လည်း သတိရသွားခဲ့ပြီး "အဲဒါက ပစ္စည်းကောင်းလေး ပျောက်လို့မဖြစ်ဘူး"