CHAPTER (80)
ခုနှစ်ရက်ဟူသောအချိန်သည် ဟယ်ယန့်တံတောင်မှ အနာလုံးလုံးမကျက်စေသေးသော်လည်း ခြေထောက်ဒဏ်ရာပြန်လည် ကောင်းမွန်ရန် လုံလောက်ခဲ့သည်။ လှံလေ့ကျင့်ခြင်း သို့မဟုတ် မြှားပစ်ခြင်းကဲ့သို့လှုပ်ရှားမှုမျိုး၌ မပါဝင်သေးသ၍ နေ့စဉ်လုပ်ဆောင်မှုများတွင် နှောင့်နှေးခြင်းမရှိပေ။ ဤသို့ခုနက်ရက်တိုင်တိုင်စောင့်စားနေလျက် အလံဖမ်းပွဲကျင်းပချိန်သို့ ရောက်ရှိလာခဲ့သည်။ ပြိုင်ပွဲမစမီတစ်ည၌ လျန်ပင်းမှ ဟယ်ယန့်အခြေအနေ ကို လာရောက်စစ်ဆေးခဲ့သည်။ ဟယ်ယန့်အခြေအနေ မည်သို့ရှိကြောင်းမေးမြန်းခဲ့စဉ် ဟယ်ယန်သည် မိမိအား ပြိုင်ပွဲမဝင်ခိုင်းမည်စိုးသဖြင့်
"ကျွန်တော် အဆင်ပြေပါတယ် လုံးဝကောင်းတယ် အရမ်းကောင်းတယ် နည်းပြလျန် ခင်ဗျား ကျွန်တော်နဲ့ တစ်ပွဲလောက် နည်းနည်းလောက် စမ်းကြည့်ချင်လား"
အလျင်အမြန် မေးခဲ့လိုက်သည်။ ၎င်းတို့ယှဉ်ပြိုင်ပြီးခဲ့သော မြှားပြိုင်ပွဲကို ပြန်လည်မြင်ယောင်၍ လျန်ပင်း အသာချောင်းမဟန့်ဘဲ မနေနိုင်ခဲ့ပေ။
"မလိုဘူး မင်း အဆင်ပြေရင် ပြီးတာပဲ မနက်ဖြန် အဖွဲ့နဲ့တောင်ပေါ်လိုက်ခဲ့"
ထိုသူ ထွက်သွားပြီးနောက် ဟယ်ယန် ပျော်လွန်းသဖြင့် ထအော်မိလိုက်သည်။ ဟုန်ရှန်ရယ်မောပြီး
"အခုတော့ မင်းဆန္ဒပြည့်သွားပြီပေါ့"
"အလံဖမ်းပွဲက ဘယ်လိုမျိုးလဲ သိချင်လိုက်တာ"
ဟယ်ယန့်ကို ရှောင်မိုင်မှအားကိုးတကြီး ငေးကြည့်၍
"အစ်ကိုတောင်ပေါ်က ပြန်ဆင်းလာရင် ကျွန်တော်တို့ကို အကုန်ပြောပြမယ်မလား အစ်ကိုအားဟယ်"
"မင်းအစ်ကိုကို မေးကြည့်လေ သူလည်းတောင်ပေါ်လိုက်လာရမှာ မဟုတ်ဘူးလား"
"ကျွန်တော့်အစ်ကိုက ပြောပြမှာမဟုတ်ဘူး"
ရှောင်မိုင် နှုတ်ခမ်းထော်လျက် ပြောလိုက်သည်။ လျန်ကျိုးခံတပ်အတွင်းရှိ ထောင်ချီသောတပ်သားအသစ်တိုင်းသည် အလံဖမ်းပွဲ၌ မပါဝင်နိုင်ခဲ့ပေ။ ထို့အပြင် ရှေ့တန်းတပ်ဖွဲ့အတွက်လူရွေးခြင်းဖြစ်သဖြင့် လေ့ကျင့်ရေးကွင်း၌ ကျွမ်းကျင်စွာစွမ်းဆောင်နိုင်သူများကိုသာ ရွေးချယ်ခဲ့၏။ ရှောင်မိုင်နှင့်ဟုန်ရှန့်တို့သည် ပင်ကိုယ်အရည်အချင်းသာမန်အဆင့်မျှသာ သတ်မှတ်နိုင်သဖြင့် အရွေးမခံခဲ့ရသူများဖြစ်ခဲ့ကြသည်။ ၎င်းတို့အခန်းအတွင်း ဟယ်ယန်နှင့်စီတုံတို့သာလျှင် တောင်ပေါ်တက်ရန် အရွေးခံခဲ့ကြရသည်။