38 01
CHAPTER (38)
မနက်ဖြန်မိုးမသောက်မီအိပ်ရာမှ ထ၍ ပြီးခဲ့သော နေ့ကဲ့သို့ သဲအိတ်ထမ်းအပြေးလေ့ကျင့်ကြရပြန်သည်။ တပ်သားသစ်များအားလုံး အလွန်အမင်း ပင်ပန်းနေလျက် ရှိသည်။ မနေ့မှ အပြေးလေ့ကျင့်မှု၏ အချောင်ခိုမှုပြစ်ဒဏ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသဖြင့် မိမိကိုယ်ပိုင်လုပ်ဆောင်မှုများ၌ ကောင်းမွန်စွာ လုပ်ဆောင်နေကြရသည်။ ကြက်သွေးရောင် လေ့ကျင့်ရေးဝတ်စုံကို တပ်သားအားလုံး ဝ တ်ဆင်ကြရသည်။ မနက်ခင်းအပြေးမလေ့ကျင့်မီတန်းစီရာ၌ ဝတ်စားဆင်ယင်မှုသေသပ်ရန် လည်း အထူးဂရုစိုက်နေကြရသည်။ ညအိပ်ခဲ့သည့် အိပ်ရာများပင် မနက်ခင်းအိပ်ရာမှ ထသည်နှင့် သပ်ရပ်စွာ ပြင်ဆင်သိမ်းဆည်းလျက် သားဖြစ်နေရမည်။သပ်ရပ်မှုမရှိသော် အပြေးလေ့ကျင့်ရာ၌ အခေါက်ရေပိုပြေးခဲ့ရမည်ပင်။
ထပ်လောင်းပြေးရမည့်အခေါက်ရေတစ်ခေါက်ခြင်း စီသည်လည်း သည်းမခံနိုင်ရလောက်သည်အထိ ပြင်းထန်လှ၏။ ငြီးတွားအထွန့်တက်မှုများဖြင့် တပ်သားသစ်များ၏ ပုံပန်းသွင်ပြင်နှင့် တပ်အတွင်း စည်းကမ်းများသည် လဝက်အတွင်း အလျင်အမြန်တိုးတက်လာသည်။ စစ်ဗျူဟာနှင့် မြှားအတတ်တို့မသင်ကြားခဲ့ရသေးသော်လည်း ကာယလေ့ကျင့်မှုနှင့် စည်းစနစ်ကျမှုတို့သည် အတော်အတန်ကောင်းမွန်နေနှင့် ပြီးဖြစ်၏။ ရှောင်ကျွယ်ပိုမိုအကြင်နာမဲ့လာသော်လည်း ၎င်း၏ နည်းလမ်းများသည် အလွန်အမင်း ထိရောက်နေသည်ကို ကြည့်၍ ဟယ်ယန် သက်ပြင်းချမိသည်။ စစ်သူကြီးရှောင်နှင့် နှိုင်းယှဉ်ပါက ယခင်မိမိ၏ လေ့ကျင့်ပေးမှုပုံစံသည် အလွန်လျော့ရဲနေခဲ့သည်ပင်။ စည်းစိမ်ဥစ္စာကာကွယ်ရာ၌လည်း ကောင်း၊ စစ်သူကြီးတစ်ဦး တာဝန်ကျေပွန်ရာ၌ ကြင်နာမှုသည်မအပ်စပ်သော အရာဖြစ်၏။ ရှောင်ကျွယ်ထံမှ ပိုမိုလေ့လာရမည့်အရာများရှိနေသေးသည်။
တပ်သားသစ်များကွင်းပတ်ပြေးနေသဖြင့် လေ့ကျင့်ရေးနည်းပြများအချင်းချင်း စကားဖလှယ်ရန် အချိန်ရရှိခဲ့သည်။ နည်းပြအကြီးအကဲရှန်မှ နည်းပြလျန်ပင်ကို မျက်နှာချင်းဆိုင်၍
"အဲဒီ .... မင်းအဖွဲ့ကအဲဒီငပျော့လေးကို မမြင်မိပါလား"
ပြီးခဲ့သော ရက်များအတွင်း လျန်ကျိုးတပ်စခန်းသို့ ရောက်ရှိလာသည့် တပ်သားအသစ်များအနက် လျန်ပင်အဖွဲ့တွင်ခွန်အားအနည်းဆုံးသူတစ်ဦး ရှိနေကြောင်း နည်းပြအားလုံး သိခဲ့ရသည်။ ပိန်ပါးအားနည်း၍ သက်လုံမကောင်းသဖြင့် အပြေးလေ့ကျင့်ရာ၌ မကြာခဏဆိုသလို နောက်ကျကျန်ရစ်နေလေ့ရှိတတ်သည်။ တစ်နေ့နှင့် တစ်နေ့ ထိုကောင်လေးအကြောင်း သည် နည်းပြများအနက်လူသိများလာခဲ့သည်။ တစ်နည်းဆိုသော် ၎င်းသည်အားနည်းမှုကြောင့် လူသိများခဲ့ခြင်း ပင်။