CHAPTER (10)
စားပွဲပေါ်၌ ပိုက်ဆံအမြောက်အများ စုပုံလာခဲ့ပြီး တချို့မှ ၎င်းတို့၏ ခါးချိတ်အလှတန်ဆာ ကျောက်စိမ်းများကိုပင် ပုံအော လောင်းကြေး ထပ်လာကြသည်။ အတွေ့အကြုံမဲ့ ချာတိတ်အရွယ် လူငယ်တစ်ဦးမှ ကောင်းသော ကြမ္မာ၏ မျက်နှာသာပေးမှုဖြင့် အကြီးအကျယ် ကံကောင်းနေမှုသည် ဧည့်ပရိတ်သတ်အပေါင်းကို ဆွဲဆောင်လို့နေသည်။ မကြာမီ ထိုကြွေအံ့လောင်းကစားစားပွဲ၌ ပွဲကြည့်သူ ပရိသတ်အပေါင်းဖြင့် အုံးအုံးကြွက်ကြွက် ပြည့်နှက်လာသည်။
"အကြီး"
"ဖွင့်—"
"သခင်လေး တစ်ခုရွေးပါဗျို့"
"အသေး"
"ထပ်လောင်းမယ်"
"ဖွင့်ပြီ!"
"နောက်တစ်ပွဲ"
"ဖွင့်"
"နောက်တစ်ပွဲ"
"ဖွင့်ဗျို့—"
ဟယ်ယန့်အရှေ့စားပွဲပေါ်၌ ငွေလဲစာရွက်များ အထပ်လိုက် ပုံအောလာခဲ့သည်။ စောနကပင် သူ့အား လှောင်ရယ်ခဲ့သူများ ယခုအခါ ငြိမ်သက်တိတ်ဆိတ်လို့ နေသည်။ ဤအခြေအနေမျိုးဖြင့် သူသည် ပထမဦးဆုံး လောင်းကစားလုပ်ဖူးသည့် လောင်းကစားသမားအသစ်တစ်ဦး မဟုတ်ကြောင်း အရူးပင် နားလည်၏။ လီတုန် လောင်းကစားအိမ်တော်ကဲ့သို့ လောင်းကစားအိမ်တော်ကြီးမျိုး မဟုတ်ပါက ဟယ်ယန်တစ်ယောက် ငွေကိုင်ဒိုင်နှင့် ပေါင်းစားပြီး လောင်းကစားဧည့်ပရိတ်သတ်များကို အယုံသွင်းလှည့်ဖြားရန် ပူးပေါင်းကြံစည်ထားသည်ဟုပင် အထင်မှားနိုင်ခဲ့မည်။
လောင်းကစားအိမ်တော်အတွင်းသို့ ပြင်ပမှ သန်းခေါင်ယံညနာရီသံသဲ့သဲ့ တိုးဝင်လာသံ ကြားမိပြီး ဟယ်ယန်မှ
"နောက်တောင်ကျနေပြီပဲ ကျွန်တော်ပြန်လိုက်ဦးမယ်"
"သခင်လေး"
မုတ်ဆိတ်ကြီးမှ ပြုံးလျက်
"နောက်ဆုံးတစ်ပွဲလောက် ဆော့ကြရအောင်လားခင်ဗျ ဒီတစ်ခါ လောင်းကြေးလေး ပြောင်းရအောင်"
ဟယ်ယန် ထိုမုတ်ဆိတ်ကြီးကို လှမ်းကြည့်၍
"ဘယ်လိုကစားမှာတုန်း"
![](https://img.wattpad.com/cover/359908865-288-k588007.jpg)